Tuesday, April 13, 2010

ပိတောက်အသစ် ရင်ခုန်သံအသစ်နဲ့ နှစ်သစ်

ငြိမ်းဝေ

(က)
မြန်မာ ကဗျာတွေထဲမှာ ကဗျာသမိုင်းရဲ့ အချိုးအကွေ့တခုကို ကဗျာတပုဒ်ထဲနဲ့ ချိုးကွေ့ သွားနိုင်လောက်အောင် ဖြစ်စေတဲ့ ကဗျာမျိုး ရှိပါတယ်။ ဆိုလိုတာက အဲဒီကဗျာက ခင်းလိုက် ဖောက်လိုက်တဲ့ လမ်းသစ်အတိုင်း နောက်ပိုင်းကဗျာတွေက ဆက်ပြီးလျှောက်လာကြတဲ့ သဘောကို ကျနော် ဆိုလိုတာပါ။ ဒီကဗျာရဲ့ အတတ်ပညာနဲ့ အကြောင်းအရာဟာ သူ့အရင်ပေါ်ခဲ့တဲ့ ကဗျာတွေနဲ့ လုံးဝမတူတော့ဘဲ အစဉ်အလာဟောင်းက ရုန်းထွက်လိုက်တဲ့ ကဗျာသစ်အမျိုးအစားသဘော ဖြစ်ပါတယ်။

ဒီနေရာမှာ အဲသလို ချိုးနိုင်ကွေ့နိုင်တဲ့ ခေတ်ပြောင်းကဗျာတပုဒ်မှာ ထူးခြားတဲ့ လက္ခဏာရပ်တွေလည်း ရှိပါတယ်။ ဒီလို ခေတ်ပြောင်းကဗျာတပုဒ် ဖြစ်ဖို့ဆိုတာကလည်း အတတ်ပညာတခုတည်း ဒါမှမဟုတ် အကြောင်းအရာတခုတည်း သစ်လို့ပြောင်းလို့ ချိုးလို့ရတာမျိုး မဟုတ်ပါဘူး။ အတတ်ပညာကော အကြောင်းအရာပါ ပြောင်းလဲရတဲ့ လက္ခဏာရှိဖို့ လိုအပ်ပါတယ်။ အကာနဲ့အနှစ် သို့မဟုတ် ထုနဲ့ဇောက် နှစ်မျိုးစလုံး ပြောင်းရတာမျိုးလို့လည်း ပြောနိုင်ပါတယ်။ ပြီးတော့ အဲဒီပြောင်းလဲချိုးကွေ့လိုက်တယ်ဆိုတဲ့ ကဗျာမျိုးမှာ သူ့အကြောင်းအရာနဲ့ သူ့အတတ်ပညာဟာ အံဝင်ခွင်ကျဖြစ်နေတာကို အသေအချာ တွေ့လိုက်ရတဲ့ အချက်ကလည်း တကယ့်ကို ထူးခြားလေးနက်တဲ့ ကိစ္စပါပဲ။ တချို့ကဗျာတွေလို အကြောင်းအရာသစ်ပေမယ့် အတတ်ပညာက ဟောင်းနေပြန်တာမျိုး၊ တခါ အတတ်ပညာက သစ်ပေမယ့် အကြောင်းအရာက ဟောင်းနေတာမျိုး။ အဲသလို ‘ပန်းအိုးနဲ့ ပန်း↓ မကိုက်ညီ မလိုက်ဖက်တာမျိုး ဖြစ်နေတဲ့ ကဗျာတွေနဲ့ လုံးဝမတူတဲ့ ထူးခြားတဲ့ လက္ခဏာတွေလည်း ရှိနေတဲ့ ဒီလိုကဗျာအမျိုးအစားမျိုးဟာ ကဗျာသမိုင်းအသစ်ကို ဆွဲဖွင့်လိုက်တဲ့ကဗျာ ဖြစ်နေတတ်ပါတယ်။

မြန်မာကဗျာသမိုင်းမှာ ကဗျာသမိုင်းအသစ်တခုကို ကဗျာတပုဒ်ထဲနဲ့ ပွင့်အောင် ဖွင့်နိုင်တဲ့၊ ဖွင့်နိုင်စွမ်းတဲ့ ကဗျာတပုဒ် ရှိပါတယ်။ အဲဒါကတော့ ဆရာ “ဇော်ဂျီ↔ ရဲ့ “ပိတောက်ပန်း↔ ကဗျာပါပဲ။ ဒီဆောင်းပါးမှာ ပိတောက်ပန်းကဗျာရဲ့ အတတ်ပညာအသစ်နဲ့ အကြောင်းအရာအသစ်ကို လေ့လာကြည့်မှာ ဖြစ်ပါတယ်။

ဆရာဇော်ဂျီဟာ “ပိတောက်ပန်း↔ ကဗျာကို ၁၉၂၈ ခုနှစ်မှာ ရေးပါတယ်။ တက္ကသိုလ်က ပညာတတ် လူငယ်တချို့ အနောက်တိုင်းစာပေရဲ့ ရေးပုံဖွဲ့ပုံ၊ ခံစားပုံတွေကို ထိတွေ့ခံစားရင်းက မြန်မာကဗျာနဲ့ အနောက်တိုင်းကဗျာကို စရနယ်ပြီး ကဗျာအသစ် စမ်းသပ်ပုံဖော်ဖို့ လုပ်ကြရင်းက “ပိတောက်ပန်း↔ ကဗျာကို ဆရာဇော်ဂျီ ရေးဖွဲ့နိုင်လိုက်တာပဲလို့ ယူဆမိပါတယ်။ စရနယ်တယ်လို့ ကျနော်ပြောခဲ့ပါတယ်။ ဒီနေရာမှာ ဆရာဇော်ဂျီက အနောက်တိုင်းကဗျာကို မြန်မာကဗျာနဲ့ ရောစပ်တဲ့အခါ အတုံးလိုက်အတစ်လိုက်၊ ဒါမှမဟုတ် ပုံတူကူးချတာမျိုး မဟုတ်ပါဘူး။ ကိုယ့်အမျိုးသားဟန်၊ ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အနောက်တိုင်း အတတ်ပညာနဲ့ တကယ့်ကို လိုက်လျောညီထွေဖြစ်အောင် ရောပြီးနယ်ပြီး စရနယ်ပြီးမှ ဒီကဗျာကို ရေးလိုက်တဲ့ သဘောပါပဲ။ “အရိုးကို အရွက်မဖုံးစေတဲ့နည်း↔ကို အသုံးပြုပြီးမှ ဒီကဗျာကို ရေးလိုက်တာပါ။

ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးဖွဲ့လိုက်တဲ့ တချိန်ထဲမှာ ဆရာဇော်ဂျီနဲ့ ခေတ်ပြိုင် အထူးသဖြင့် ဆရာဇော်ဂျီနဲ့ အတောင်တူငှက်များလို့ ဆိုရမယ့် တက္ကသိုလ် ပညာတတ် လူငယ်တချို့ကလည်း အနောက်တိုင်းကဗျာ အရေးအဖွဲ့နဲ့ အကြောင်းအရာတွေကို မြန်မာကဗျာနယ်ပယ်ထဲ စမ်းသပ်ကိုင်းကူးလာနေကြပါတယ်။ အထင်ရှားဆုံးကတော ဆရာ “မင်းသုဝဏ်↔ ပါပဲ။ ဒီလူငယ်တွေဟာ တချိန်တုန်းက မြန်မာကဗျာဆရာတွေ ဘယ်လိုမှ စိတ်အာသီသ မကျရောက်ခဲ့ဖူးတဲ့ နယ်မြေတွေဆီ ခြေဆန့်လက်ဆန့် လုပ်ခဲ့ကြပါတယ်။ ဥပမာ အိမ်မှာမွေးတဲ့ ကြောင်၊ ဘဲ အစရှိတဲ့ သတ္တဝါလေးတွေကအစ ခေါင်းပေါင်းစ၊ ရေလှိုင်း၊ လတာပြင်၊ မြက်ရိပ်သမား အစရှိတဲ့ လောကအင်္ဂါရပ် နယ်ပယ်ထဲက အရာဝတ္ထု အသီးသီးဆီကို အတွေးအမြင် ချဲ့ထွင်လာခဲ့ကြပါတယ်။ ဒါက အနောက်တိုင်းမှာ ရော်မန်တိက ကဗျာဆရာတွေ ဖြစ်ကြတဲ့ “ယိစ်↔တို့၊ “ကိစ်↔တို့၊ “ဘိုင်ရွန်↔တို့ရဲ့ ကဗျာလမ်းကြောင်းအတိုင်း သဘာဝလောကထဲ အရင်ကထက်ပိုပြီး ဝင်ကြနှိုက်ကြတဲ့ သဘောပါပဲ။ သူတို့ဆီက နည်းကို ယူသုံးတာပါပဲ။ ဒီလို ရင်ခုန်မှုအသစ်ကို လူငယ်တွေ ခံစားလာနေကြတဲ့အချိန် ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးတာပါ။

မြန်မာကဗျာသမိုင်းမှာ ဟိုယခင်တုန်းကတော့ “ပိတောက်ပန်း↔ကို မြန်မာကဗျာဆရာတွေက “ကံ့ကော်ပန်း↔လောက် အလေးအနက် မထားခဲ့ပါဘူး။ ခေတ်အဆက်ဆက် ရာသီနှစ်ကူး တန်ခူးလဘွဲ့ ကဗျာတွေမှာ တရာသီထဲ ပွင့်တာချင်းအတူတူ မြန်မာကဗျာဆရာတွေက ပိတောက်ပန်းကို ချန်လှပ်ပြီး ကံကော်ပန်းကိုပဲ အမြဲတန်းလိုလို ထည့်ဖွဲ့သွားကြတာ တွေ့ရပါတယ်။ မြန်မာကဗျာ သမိုင်းကြီး တခုလုံးလောက်နီးနီး ပိတောက်ပန်းကို မြန်မာကဗျာဆရာတွေ ရင်မခုန်နိုင်ခဲ့ကြပါဘူး။ နှစ်ပေါင်း ၆ဝဝ ဝန်းကျင်လောက်အထိ မြန်မာကဗျာဆရာတွေဟာ ပိတောက်ပန်းရနံ့ကို ရှူရှိုက်နိုင်လောက်အောင် ဂန္ဒာရုံအား မကောင်းခဲ့ကြပါဘူး။ မြန်မာကဗျာထဲမှာ သော်ကပန်းကအစ အာသာဝတီ နွယ်နီနတ်ပန်းအထိ မြန်မာကဗျာဆရာတွေ ရင်ခုန်ခဲ့ကြပေမယ့် ပိတောက်ပန်းကဗျာကိုကြတော့ ဘာကြောင့်ရယ်မသိ၊ ဘယ်ကဗျာထဲမှာမှ မတွေ့ကြရပါဘူး။ ဒါမှမဟုတ် မတွေ့ရသလောက်ပဲလို့ ဆိုနိုင်ပါတယ်။

ကုန်းဘောင်ခေတ်ကျကာမှသာ “စုံနံသာမြိုင်ဦးကျော့↔ရဲ့ “ပိတောက်ပန်းဘွဲ့↔လေးချိုးကဗျာထဲမှာ ပိတောက်ပန်းကို ကျနော်တို့ တွေ့ကြရတော့တာပါ။ ဒါပေမဲ့ အမေ့ခံ ပိတောက်ပန်းဟာ ဦးကျော့ရဲ့ ကျေးဇူးနဲ့ အမေ့ခံရကျိုးနပ်တယ်လို့တောင် ဆိုရမလားပါပဲ။ ဦးကျော့က သူ့ကဗျာထဲမှာ ပိတောက်ပန်းကို “ပန်းတကာတို့ရဲ့ ဘုရင်↔ ဖြစ်တယ်လို့တောင်မှ နေရာပေးဖွဲ့ဆိုလိုက်ပါတယ်။

စုံနံ့သာမြိုင် ဦးကျော့ရဲ့ လက်ထက်မှာ ပန်းတကာတို့ရဲ့ ဘုရင်အဖြစ် လူရာသူရာဝင်လာရတဲ့ ပိတောက်ပွင့်ဟာ သက်မဲ့ကနေပြီး သက်ရှိရုပ်အဖြစ် တဆင့်တက် ထူးကဲလာတာကို နောက်ပိုင်းမှာ တွေ့လာရပါတယ်။ ဒီလို သက်မဲ့ကနေပြီး သက်ရှိဘဝရောက်အောင် အသက်သွင်းပေးလိုက်သူကတော့ ခေတ်ဆန်းစာဆိုကြီး ဆရာဇော်ဂျီပါပဲ။

ဆရာဇော်ဂျီက ပိတောက်ပန်း ကဗျာကို ရေးဖွဲ့တဲ့အခါ ပိတောက်ပန်းရဲ့ အလှနဲ့ အနံ့လောက်တင် ရပ်မနေဘဲ ပိတောက်ပန်းကို သက်မဲ့ကနေပြီး သက်ရှိ လောကီသားတဦးအနေနဲ့ တိုက်ရိုက်ရေးဖွဲ့လိုက်ပါတယ်။ ဒီလိုရေးဖွဲ့တဲ့အခါ ပိတောက်ပန်း ကဗျာကို အကြောင်းအရာအရနဲ့ အတတ်ပညာအရ နှစ်ခုစလုံး သစ်အောင် ဖွဲ့တာ တွေ့ရပါတယ်။ ဒီလိုနဲ့ ပိတောက်ပန်းကဗျာဟာ ခေတ်ဆန်းကဗျာခေတ်တခုရဲ့ လမ်းမဟော်ကို ဖဲကြိုးဖြတ် ဖွင့်ပေးလိုက်သလို ဖြစ်သွားပါတော့တယ်။

(ခ)
မြန်မာကဗျာနယ်ပယ်မှာ နောင်အခါ “သင်ခန်းစာတန်းဝင်ကဗျာ↔တပုဒ်ဖြစ်လာစေမယ့် “ပိတောက်ပန်း↔ ကဗျာကို ဆရာဇော်ဂျီ ရေးဖွဲ့စဉ်က ဆရာက အသက် ၂ဝ ဝန်းကျင်ပဲ ရှိပါသေးတယ်။ ၁၉၂၈ တက္ကသိုလ် ဘီအေတန်းမှာ ပညာသင်ကြားနေတုန်း ဖြစ်ပါတယ်။

နှစ်ပေါင်း ၆ဝဝ ကျော် မြန်မာကဗျာဆရာတွေ တကံ့ကော်ထဲကော်ပြီး ကံ့ကော်ပန်းမှ ကံ့ကော်ပန်း ဖြစ်နေတဲ့အချိန်မှာ ကဗျာသစ်ကို ချဉ်ခြင်းတပ်နေတဲ့ ဆရာဇော်ဂျှီက မြန်မာကဗျာဆရာတွေ လက်လှမ်းမမီတဲ့ ပိတောက်ပန်းကို ပန်းဘွဲ့အသစ် စပ်ဆိုဖို့ တမင်ရွေးချယ်လိုက်တာပဲလို့ ယူဆလို့ ရကောင်းရနိုင်ပါတယ်။ ကဗျာအသစ်ကို ပန်းအသစ်နဲ့ ဖော်ပြချင်တဲ့သဘော ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကောင်းပါပြီ။ ပန်းအသစ်ကိုတော့ ရွေးပြီးပြီ။ ယခင့်ယခင် မြန်မာကဗျာဆရာတွေ ပန်းဘွဲ့ရေးသလို ပန်းရဲ့အလှ၊ ပန်းရဲ့ရနံ့၊ အာသာဝတီ နွယ်နီနတ်ပန်းလောက်အထိ မြင်လို့ ထိတွေ့လို့ရတဲ့ အဆင်းကိုသာဖွဲ့တဲ့ ပန်းဘွဲ့ကဗျာမျိုး ရေးလို့တော့ ဘယ်မှာလာပြီး ကဗျာသစ်ဖြစ်တော့မလဲ။ ဒီတော့ ဆရာဇော်ဂျီက ပန်းဘွဲ့အသစ် ဖြစ်ဖို့ဆိုရင် ရင်ခုန်သံလည်း သစ်ဖို့လိုတယ်ဆိုတာ သိပါတယ်။ ဒီတော့ ပန်းရဲ့ အဆင်းကို ဖွဲ့တာထက် ပန်းရဲ့ အချင်းကို အဆင့်တဆင့် တိုးပြီးဖွဲ့မှ ဖြစ်မယ်လို့ တွေးမိကောင်း တွေးမိပါလိမ့်မယ်။ ဒီလိုနဲ့ပဲ အသက်မဲ့တဲ့ ပိတောက်ပန်းကို “သူလည်းလေ လောကီသားပေမို့↔ ဆိုတဲ့ စာတကြောင်းထဲနဲ့ အဝိညာဏ အနေအထားကနေပြီး ဝိညာဏ အနေအထားအထိ ပိတောက်ပန်းကို တင်စားဖွဲ့ဆိုလိုက်ပါတော့တယ်။ ပိတောက်ပန်းဟာ ဆရာဇော်ဂျီရဲ့ ပိတောက်ပန်း ကဗျာထဲမှာ အသက်မဲ့ရာကနေ အသက်ရှိတဲ့ အမျိုးအစား ဖြစ်လာခဲ့ပါတော့တယ်။

ဆရာဇော်ဂျီရဲ့ ကျေးဇူးကြောင့် ကျနော်တို့ဟာ ပိတောက်ပန်းကဗျာကို ဖတ်တဲ့အခါ ပိတောက်ပန်းကို သနားစရာ၊ ချစ်ခင်စရာ၊ ဂရုဏာသက်စရာ အသက်ရှိတဲ့ ပန်းကလေးအဖြစ် ရင်ခုန်မှုအသစ်နဲ့ ချဉ်းကပ်သွားမိစေပါတော့တယ်။ ပန်းကလေးက လှလိုက်တာ၊ မွှေးလိုက်တာ ဆိုတာလောက်နဲ့ ရပ်မနေတောာ့ဘဲ ကိုယ်နဲ့ နှိုင်းယှဉ်ခံစားယူရတဲ့ သက်ရှိပန်းကလေး ဖြစ်လာပါတော့တယ်။ ဆရာဇော်ဂျီ်ရဲ့ ရင်ခုန်သံအသစ်ကို ကျနော်တို့ ကောင်းကောင်းခံစားလို့ ရလိုက်ပါတယ်။ ဒါဟာဖြင့် ပိတောက်ပန်းကဗျာရဲ့ အကြောင်းအရာအသစ်ကို ကျနော် ပြောတာပါ။

နောက်တခု ထူးခြားတဲ့ အချက်ရှိပါသေးတယ်။ ပိတောက်ပန်းကဗျာရဲ့ အတတ်ပညာအသစ်၊ တနည်းအားဖြင့် ပုံသဏ္ဍာန်အသစ်ကိစ္စ ဖြစ်ပါတယ်။

ကဗျာတပုဒ်ကို လူတွေ အရင်ကထက်ပိုပြီး ခံစားနားလည်နိုင်ဖို့ဆိုရင် လူတွေနဲ့ လက်တွေ့ကျကျ ထိကပ်နီးစပ်တဲ့ “ဟန်နဲ့ သဏ္ဍာန်↔ရှိဖို့ လိုအပ်ပါတယ်။ သည်တော့ကာ ဆရာဇော်ဂျီက သူရှေ့က လျှောက်လာနေတဲ့ အနုပညာရှင် ရုပ်သေးဆရာ “မောင်းထောင် ဦးကျော်လှ↔ကို သတိထားမိဟန်တူပါတယ်။ လူတွေနဲ့ အကျွမ်းတဝင် ရှိလာနေတဲ့ သံချိုဆရာ မောင်းထောင် ဦးကျော်လှရဲ့ သံချိုကဗျာတွေကို သတိထားမိဟန်တူတယ်။ ရုပ်သေးဆရာ မောင်းထောင် ဦးကျော်လှက ရုပ်သေးဆရာအဖြစ်နဲ့ လူထုထဲ ဆင်းတဲ့အခါ လူတွေရဲ့ နားထဲ အလွယ်တကူနဲ့ အဆင်ပြေပြေ နားဝင်စေတဲ့ ချိုလည်း ချို၊ မြလည်း မြတယ်လို့ ဆိုနိုင်တဲ့ သံချိုစပ်ကဗျာတွေကို ဆရာဇော်ဂျီက သတိပြုမိဟန်တူပါတယ်။ သည်လိုနဲ့ပဲ ပိတောက်ပန်းကို လူတွေ စာနာစိတ် ဖြစ်လာအောင် သံချိုစပ်နည်းကိုသုံးပြီး ပိတောက်ပန်းဘွဲ့ သံချိုစပ်ကဗျာကို ရေးပါတော့တယ်။

တခါ ဒီလောက်နဲ့တော့ ပိတောက်ပန်းကဗျာဟာ ကဗျာပုံသဏ္ဍာန်သစ် ဘယ်ဖြစ်နိုင်ဦးမှာလဲ။ သံချိုစပ်ကဗျာ ဆိုတာ ဟိုတုန်းက ကဗျာဆရာတွေ သူလိုငါလို ရေးနိုင်တဲ့ အနေအထားမှာ ရှိတာပဲ။ ဒီတော့ ဆရာက ပိတောက်ပန်းဘွဲ့ကဗျာကို ခြေတွေလက်တွေ တပ်တဲ့အခါ လူတွေနဲ့လည်း ပိုပြီးနီးစပ်စေမယ်၊ ကဗျာ့မိုးကုတ်စက်ဝိုင်းကိုလည်း ပိုပြီး ချဲ့ထွင်လိုက်ရာ ရောက်စေဖို့ လူတွေ နေ့စဉ်ပြောဆိုနေတဲ့ “စကားပြောစာဟန်↔ကို ပိတောက်ပန်းကဗျာရဲ့ ခြေတွေလက်တွေအဖြစ် အသုံးပြုပါတော့တယ်။ လူတွေ နေ့စဉ်ပြောဆိုနေတဲ့ လူထုသုံးစကားပြော လေသံကို ယူသုံးလိုက်ပါတယ်။ ဒါဟာဖြင့် မြန်မာကဗျာနယ်ပယ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြီးရင် ဆရာဇော်ဂျီပဲ ဆိုတဲ့ ပြောစမှတ်ပြုရလောက်အောင် ဖြစ်စေတဲ့ ကဗျာအတတ်ပညာ တီထွင်မှုကို ဆရာက အောင်မြင်စွာ ဆောင်ရွက်လိုက်တဲ့ သဘောပါပဲ။

ပိတောက်ပန်းကဗျာရဲ့ အဖွင့်နိဒါန်းပါဒဖြစ်တဲ့ “မခူချင်စမ်းပါနဲ့↔ ဆိုတဲ့ ပါဒ တခုထဲနဲ့ ခေတ်ပြိုင် မြန်မာကဗျာ နယ်ပယ်တခုလုံးကို ဂယက်လှိုင်းတွေ တဝုန်းဝုန်းရိုက်ခတ်လိုက်သလို ဖြစ်စေခဲ့ပါတယ်။ နောက်တော့လည်း မြန်မာကဗျာ အများစုကြီးဟာ ပိတောက်ပန်းကဗျာက ခင်းပေးဖောက်ပေးတဲ့ လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းလာလိုက်တာ “ခေတ်စမ်းကဗျာခေတ်↔ဆိုတဲ့ ကဗျာခေတ်တခု ထူထောင်နိုင်တဲ့အထိ တိုးတက်ဖြစ်ထွန်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ပိတောက်ပန်းကဗျာဟာ ခေတ်စမ်းကဗျာခေတ်ရဲ့ တံခါးကို ဆွဲဖွင့်မိသလို ဖြစ်ခဲ့ပါတော့တယ်။

ဆရာဇော်ဂျီရဲ့ ကျေးဇူးကြောင့် ကျနော်တို့ဟာ ရင်ခုန်သံအသစ်နဲ့ ပိတောက်ပွင့်သစ်ကို ခူးယူနိုင်ခွင့် ရခဲ့ကြပါတယ်။ မြန်မာကဗျာသမိုင်းမှာလည်း ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းဘွဲ့ ကဗျာတပုဒ်ထဲနဲ့ ခေတ်စမ်းခေတ်တခုလုံး ပိတောက်ပွင့်သစ်ရနံ့တွေ မွှေးမြနိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ။

No comments: