Saturday, April 17, 2010

ရန်ကုန်သင်္ကြန်ဗုံး လက်သည်မဖော်နိုင်

မင်းချမ်း၊ ကောင်းဝါ


ရန်ကုန်မြို့၊ ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ယမန်နေ့တွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲခဲ့ရာ မြန်မာ စစ် အာဏာပိုင်များ ယခုတိုင် လက်သည် မဖော်နိုင် ဖြစ်နေပါသည်။စစ်အစိုးရ အသံလွှင့် ဌာန ကြေညာချက် များနှင့် ယနေ့ ထုတ်မြန်မာ့ အလင်းသတင်းစာတို့တွင် အဖျက်အမှောင့် သမားများအုပ်စုလုပ်ရပ်ဟု ထုံးစံအတိုင်း စွပ်စွဲဖော်ပြပါသည်။

ယခင်ဖြစ်ပေါ်ခဲ့သော ရန်ကုန်မြို့ပေါ် ဗုံးပေါက်ကွဲမှုများသည်လည်း ယခတိုင်တရားခံဖော်ထုတ် ဖမ်းဆီးနိုင်စွမ်း မရှိခဲ့ပေ။ အလားတူအဖျက်အမှောင့်သမားများအုပ်စုလုပ်ရပ်ဟုသာ စစ်အာဏာပိုင်များပြောဆိုနေသည်။



တဖန်ယမန်နေ့က ဖြစ်ပေါ်ခဲ့သောဗုံးပေါက်ကွဲမှုမှာ ရေလည်ခံမော်တော်ကားတစ်စီးပေါ်မှ ဗုံးပစ်ချခဲ့ဟန်တူသည်ဟု အချို့သတင်းဌာနက ခန့်မှန်းဖော်ပြသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လူ(၈)ဦးသေးဆုံးပြီး(၁၇၀) ဦးဒဏ်ရာရရှိသည်ဟု ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပြီး CNN သတင်းပေးပို့ချက်တစ်ရပ်၌ သေဆုံးသူ (၂၀)ဦးခန့်ရှိသည်ဟု ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးဝန်ထမ်းအချို့ ပြောပြချက်ကို ကိုးကားဖေါ်ပြသည်။

ရန်ကုန်မြို့သင်္ကြန်ပွဲတော်များ နှစ်စဉ်ကျင်းပခဲ့ရာတွင် ယခုဗုံးပေါက်ကွဲမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။

No comments: