ရဲရင့်/ ၇ ဧပြီ ၂ဝ၁ဝ
မြန်မာနိုင်ငံတွင် နအဖမှ (၁၀) စုနှစ်တခုကျော် မြန်မာ့ရိုးရာ သင်္ကြန်သံချပ်များကို ပိတ်ပင်ခဲ့သော်လည်း မြန်မာများ၏ သင်္ကြန်သံချပ် အားပေးနှစ်သက်မှုမှာ တိမ်မြုပ်ပျောက်ကွယ်သွားခြင်းမရှိဟု မဲဆောက်မြို့ရှိ မြန်မာစီဒီအရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။
၎င်းက “ကျနော်တို့ဆိုင်မှာ ဒီနှစ်အတွက် အိန္ဒိယကထုတ်တဲ့ “သူသေကိုယ်ရှင် တိုက်ပွဲဝင်” သင်္ကြန်သံချပ်စီဒီကို တချပ် (၂၅) ဘတ်နဲ့ ရောင်းတာ ဒီတရက်နှစ်ရက်အတွင်းမှာ အချပ်ရေ (၅၀၀) ကျော် ရောင်းရတယ်။ မဲဆောက်မှာ မြန်မာစီဒီရောင်းတဲ့ ဆိုင်ကြီး (၅) ဆိုင်လောက်က ဒီစီဒီကို ဆိုင်တိုင်းကူးရောင်း ကြတယ်။ အထဲမှာက သံချပ်တွေပိတ်ထားတော့ ဒီမှာရှိတဲ့ မြန်မာအလုပ်သမားတွေ၊ မြန်မာဘက်ကလူတွေက တနှစ်မှတခါ ရှားရှားပါးပါး အဆင့်မီ ဒီသံချပ်ကို အားပေးကြတာ” ဟု ပြောသည်။
ရန်ကုန်မြို့မှ ကုန်သည်တဦးက “ထောင်ချီရှိတဲ့ ကုန်သည်တွေက လူတိုင်းနီးပါး ဒီသံချပ်တွေကို ၀ယ်ရတယ်။ တယောက်ကို အချပ်ရေ (၂၀) လောက်ဝယ်ရတယ်။ မြန်မာဘက်မှာရှိတဲ့ အာဏာပိုင်အဖွဲ့စုံ (၂၀) လောက်ကို ပေးရတယ်။ သံချပ်မှမဟုတ်ဘူး၊ ဒီဘက်က ထုတ်တဲ့ စာနယ်ဇင်းမျိုးစုံကို ရှာပေးရတယ်။ ကုန်သည်တွေက ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဘားအ၊ံ မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်အထိ သယ်ရတာတွေရှိတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ယူသွားတဲ့လူတွေလည်း ရှိတယ်” ဟု ပြောသည်။
မြ၀တီမြို့ခံတဦးက “ကျနော်တို့ဆီမှာကတော့ ဒီသံချပ်ကို တမြို့လုံးနီးပါး သိုသိုသိပ်သိပ်နဲ့ပဲ နားထောင်ကြတယ်။ ဌာနဆိုင်ရာ လူကြီးတွေကအစ နားထောင်ကြတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း ရှိတာပဲ။ အတို့အထောင်သမားတွေ မသိအောင်တော့ သတိထားရတယ်” ဟု ပြောသည်။
မဲဆောက်ဒေသတွင် သိန်းချီရှိသည့် မြန်မာအလုပ်သမားများ တည်ရှိရာ လုပ်ငန်းခွင်များ၌လည်း အချိန်ပိုင်းဖြင့် စက်ရုံမန်နေဂျာက ဖွင့်ပေးပြီး အလုပ်သမားများကလည်း ဖုန်းများ၊ အမ်ပီသရီးများဖြင့် နားထောင်ကြသည်ဟု သိရသည်။
တီကေအထည်ချုပ်စက်ရုံမှ အလုပ်သမား ကိုထွန်းအောင်က “အလုပ်သမားတွေ သံချပ်ကြိုက်တာက မြန်မာပြည် အခြေအနေကို တိုတိုတုတ်တုတ်နဲ့ လူတွေနားလည်လွယ်အောင် ပြောတာတွေ မပြုံးဘဲ ၀ါးလုံးကွဲရယ်ရတာတွေကြောင့် ဖြစ်တယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စကားကြီး စကားကျယ်တွေလည်း မပါဘူးဆိုတော့ အလုပ်သမားတွေရဲ့ဘ၀အမောကို သက်သာစေတာကြောင့်ဖြစ်တယ်” ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းထားသည့် လူထုတိုက်ပွဲကော်မတီ-၂၀၁၀ ၏ စစ်ဆင်ရေးမှူးတဦးဖြစ်သည့် ကိုမိုးသီးဇွန်က “နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ဖို့နဲ့ လူထုတိုက်ပွဲ ဖော်ဆောင်ဖို့အတွက် ပြည်တွင်းလှုပ်ရှားမှုတွေကို အကောင်အထည်ဖော်ရာမှာ ဒီသံချပ်စီဒီတွေကိုလည်း ပြည်တွင်းကို ပေးပို့နေပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
မဲဆောက်မှတဆင့် မြ၀တီမြို့သို့ ၀င်ရောက်သည့်လူများကို နယ်စပ်ဂိတ်များတွင် ယခုလဆန်းမှစတင်ကာ လုံခြုံရေး တိုးမြှင့်ထားပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ခိုက်မည့် လူထုလှုံ့ဆော်ရေး စီဒီပြားများနှင့် စာရွက်စာတမ်းများကို အထူးကြပ်မတ် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြန်မာလုံခြုံရေးအဖွဲ့ဝင်များ၏ ရိုက်နှက်စစ်ဆေးမှုကို ခံရပြီး မဲဆောက် ပြန်ရောက်လာသူ မြန်မာအလုပ်သမားတဦးက ပြောသည်။
သူသေကိုယ်ရှင် တိုက်ပွဲဝင် သံချပ်တွင် နအဖကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးဖိနှိပ်မှုများ၊ ပြည်တွင်းအခြေအနေများကို တေးသီချင်းနှင့်အတူ သံချပ်များကို ထိထိမိမိတင်ဆက်ထားသဖြင့် ပြည်တွင်းပြည်ပရှိ မြန်မာများ၏ အထူးအားပေးမှုကို ရရှိခြင်းဖြစ်ပြီး အဆိုပါသံချပ်သည် (၁၂) ခုမြောက် အိန္ဒိယနိုင်ငံရှိ မြန်မာဒီမိုကရေစီရေး လှုပ်ရှားနေသူများက စီစဉ်တင်ဆက်ထားခြင်းဖြစ်သည်။
No comments:
Post a Comment