Thursday, April 8, 2010

ရွေးကောက်ပွဲ ကြီးကြပ်ရန် သင်တန်းများ စတင်

စိုးမိုး/ ၈ ဧပြီ ၂ဝ၁ဝ

စစ်အစိုးရခန့်အပ်လိုက်သည့် စစ်ဗိုလ်ချုပ်ဟောင်း ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်က လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြီးကြပ်ရန် အစိုးရ၀န်ထမ်း (၂၅၂) ဦးကို ယခုလ ဧပြီ (၇) ရက်မှ (၉) ရက်နေ့အထိ (၃) ရက်သင်တန်း စတင်ပေးနေပြီဖြစ်သည်။


စစ်အစိုးရ တရားရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှအရာရှိများ စုစုပေါင်း (၂၅၂) ဦးအား ပြီးခဲ့သည့်မတ်လ (၈) ရက်မှ စတင်ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေများနှင့်ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ရာ၌ ရှင်းလင်းလွယ်ကူစေရန် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် လုပ်ငန်းလမ်းညွှန်များ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်များကို ပြုစုထုတ်ပြန်ထားပြီးဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးက ဖွင့်ပွဲတွင် ပြောကြားသည်။

ယင်းသို့ ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်ပြီး ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဖွဲ့စည်းခြင်း၊ ရွေးကောက်ပွဲ ကြီးကြပ်ရေးအတွက် အစိုးရ၀န်ထမ်းများအား သင်တန်းပေးခြင်းများ လုပ်ဆောင်နေသော်လည်း ပြည်သူလူထုအနေဖြင့် မည်သို့ မဲပေးရမည်ဆိုသည်ကို မသိရှိရသေးပေ။

ပြည်တွင်းမှ သတင်းဂျာနယ် အယ်ဒီတာတဦးက “အခုထွက်တဲ့ ဥပဒေတွေ အားလုံးထဲမှာ လွှတ်တော်တွေ အများကြီးကို ကျနော်တို့ ပြည်သူတွေအနေနဲ့ ဘယ်လို မဲပေးရမယ်၊ နိုင်ငံရေး ပါတီတွေကို ဘယ်ပါတီ ဘယ်လို ပေးရမယ်ဆိုတာ မပါသေးဘူး။ အဲဒါကို ကြီးကြပ်သူတွေက ဘယ်လို ကြီးကြပ်မလဲ မသိသေးဘူး။ လုပ်ငန်းလမ်းညွှန် ထုတ်ပြီးပြီပြောပေမယ့် အဲဒါက ဘာကို ထုတ်သလဲ မသိဘူးခင်ဗျ” ဟု ပြောသည်။

စစ်အစိုးရက မတ်လ (၈) ရက်ကစပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း ယင်းလွှတ်တော် ကိုယ်စားလှယ်များကို ပြည်သူလူထုက မည်သို့ ရွေးကောက်တင်မြှောက်ရမည်ကို မထုတ်ပြန်သေးပေ။

“ပါတီထောင်ဖို့ပုံစံနဲ့ ပါတီဝင်မှတ်ပုံတင်တဲ့အဆင့်လောက်ပဲ သူတို့ပြောသေးတာကိုး။ ဘယ်လိုလူတွေ ဘယ်လို ၀င်ရမလဲဆိုတာ နောက်မှ ထပ်ထွက်မယ်ထင်တယ်။ အဲဒီဟာကို ကျနော်လည်း ရှင်းရှင်း ခုထိဖတ်ကြည့်နေတာ မတွေ့သေးဘူး” ဟု ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းက ပြောကြားသည်။

စစ်အစိုးရက ယခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည်ဆိုကာ ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်ခဲ့သော်လည်း တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဥပဒေအဖြစ် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ပြောကြားထားပြီး မြန်မာ့အဓိက နိုင်ငံရေးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကလည်း စစ်အစိုး၏ မတရားသည့်ဥပဒေဖြင့် ရွေးကောက်ပွဲမ၀င်ဟု ယတိပြတ် ကြေညာလိုက်ပြီဖြစ်သည်။

No comments: