Thursday, June 17, 2010

သျှမ်းပြည်တောင်ပိုင်းသို့ စည်းရုံးရေးဆင်းရန် လုံခြုံရေးအတွက် နိုင်ငံရေးပါတီများစိုးရိမ်

မွေခေါဝ်

စ၀်ယွက်စစ်ဦးဆောင်သော SSA တပ်ဖွဲ့ ထိန်းချုပ်လှုပ်ရှားနယ်မြေများ(သျှမ်းပြည်တောင်ပိုင်းအတွင်း) ၌ မဲဆွယ် စည်း ရုံးရေးဆင်းမည့် ကျားဖြူပါတီအပါအ၀င် အခြားနိုင်ငံရေးပါတီများ မိမိလုံခြုံရေးအတွက်စိုးရိမ်နေကြကြောင်း စုံစမ်း သိရှိရပါသည်။


ကျနော်တို့ သျှမ်းပါတီအပါအ၀င် သျှမ်းပြည်တောင်ပိုင်းဘက်စည်းရုံးရေးဆင်းမယ့်ပါတီတိုင်းက စ၀်ယွက်စစ်ရဲ့ SSA တပ်ဖွဲ့ ထုတ်ပြန်ကြေငြာချက်နဲ့ သဘောထားကို ကြားသိပြီးနောက်ပိုင်း SSA ထိန်းချုပ်နယ်မြေမှာ မဲဆွယ်စည်းရုံးဖို့ မြို့ပြင်မပြောနဲ့ မြို့တွင်းမှာတောင် မိမိလုံခြုံရေးအတွက်စိုးရိမ်နေရတယ်” ဟု အမည်မဖော်လို သျှမ်းပြည်တောင်ပိုင်းမှ SNDP ၀င်တဦးက ပြောပါသည်။

မေ ၂၆ ရက်နေ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ထူထောင်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် ထုတ် ပြန်ကြေငြာချက်တွင် “၂၀၁၀ ရွေးကောက်ပွဲ နှင့် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီသစ်များကို အသိအမှတ်မပြု/ထောက် ခံမည်မဟုတ်ကြောင်း” ဖေါ်ပြထားသည်။

အလားတူ နအဖ စစ်အုပ်စု ကျောထောက်နောက်ခံပြုသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တစည (NUP) နှင့် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း USDA တွင် ပါဝင်ကြမည့် သျှမ်းပြည်လူထု/ သြဇာရှိရပ်မိရပ်ဖများကိုလည်း အတည်ပြုထောက်ခံခြင်းမရှိဟု ဖေါ်ပြထား၏။

“အဲဒီကြေငြာချက်တွေကြောင့် ဒီနေ့ထိ သျှမ်းပြည်တောင်ပိုင်းမှာ ကျားဖြူပါတီကို ထောက်ခံအားပေးဖို့၊ ပါတီဝင်ဖို့ အရမ်း အားနည်းနေတယ်၊ ပါတီဝင်လိုက်ရင် မိမိအသက်အိုးအိမ်လုံခြုံရေးအတွက် စိုးရိမ်တဲ့သဘော” ဟု အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ဆက်လက်ပြောပြသည်။

သျှမ်းပြည်တောင်ပိုင်းသို့ ၀င်ရောက်မဲဆွယ်စည်းရုံးမည့်ပါတီများမှာ ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်းသားများဒီမို ကရက်တစ်ပါတီ SNDP ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီတို့ ဖြစ်ကြသည်။

No comments: