Friday, June 18, 2010

ကမ္ဘာ့ဖလားရာသီတွင် ဘော်လုံးလောင်းခြင်း ပိတ်ပင်

သျှမ်းသံတော်ဆင့်

ကမ္ဘာ့ဖလားဘော်လုံးပွဲများ ကျင်းပနေချိန်တွင် ဘော်လုံးပွဲလောင်းကစားခြင်းအား သျှမ်းပြည် (မြောက်ပိုင်း) နှင့် ကချင်ပြည်နယ် အတွင်း ဒေသအချို့၌ တားမြစ်ထားကြောင်း သိရသည်။

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နှင့် ကချင်ပြည်နယ် ဗန်းမော်မြို့အတွင်း၌ ဘော်လုံးလောင်းကစားခြင်းအပေါ် ပိတ်ပင်ထားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“နမ့်ခမ်းမြို့ မိုခမ်းရပ်ကွက်မှာ ဘော်လုံးပွဲလောင်းကစား (လက်ကြီး)ဒိုင်ဖွင့်ထားတယ်။ မနေ့က မယကရုံးကနေပြီး အလောင်းအစားမလုပ်ဖို့ ဖုန်းဆက်အကြောင်းကြားထားတယ် နောက်ပြီး ပေါက်တိုက်ရပ်ကွက်မှာရှိတဲ့ ဖဲဝိုင်း တွေကိုလည်း မလုပ်ဖို့ ပြောထားတယ်။အဲဒီဝိုင်းတွေကတော့ အရင်ကတည်းက ရှိနေတာပေါ့” ဟု နမ့်ခမ်း ဒေသ ခံ တစ်ဦးက ဆိုသည်။

အလားတူ ပရီးမီးယားလိဂ် ဘော်လုံးရာသီကုန်ချိန်မှစ၍ ဗန်းမော်မြို့ရှိဘော်လုံးလောင်း ကစားဒိုင်များ ပိတ်ပင်ခံ ထားရကြောင်း ဗန်းမော်မြို့ခံတစ်ဦးကလည်း ဆိုသည်။

“ဒီမှာ လောင်းကစားတွေ အဖမ်းအဆီးများတော့ သိပ်မဖွင့်ဖြစ်ဘူး။ ပရီးမီးယားလိဂ်ပွဲစဉ် ကုန်ခါနီးမှာ စဖမ်းတာ လေ။ ဖမ်းတယ်ဆိုတာက လောင်းကစားဒိုင်တွေကို ပိတ်လိုက်တာလေ။ ဒိုင်တွေက ဘော်လုံးပွဲနဲ့တွဲပြတာပေါ့ လောင်းရင်း ကြည့်ကြတော့ ပွဲပိုစည်တယ်။ အခု ပုံမှန်ထက်တော့ လျှော့သွားတာပေါ့ ”ဟု သူက ပြောသည်။

မြန်မာနိုင်ငံအတွင်း၌ ဘော်လုံးပွဲလောင်းကစားသူ အမြောက်အများရှိပြီး တချို့မှာ အဆိုပါ လောင်းကစားကြောင့် ဘဝပျက်သူများရှိကြောင်း နမ့်ခမ်းဒေသခံ လောင်းကစားနှင့် နီးစပ်သူ နောက်တစ်ဦးက ပြောသည်။

“လောင်းတဲ့သူတွေတော်တော်များတာပေါ့။ တချို့ဘဝပျက်သွားတဲ့သူတွေလည်း မနည်းဘူး။ထွက်ပြေးတဲ့သူတွေ ရှိတယ်။ တချို့စစ်တပ်ကဆိုရင် ရှုံးလို့မပေးဘူး။ သွားတောင်းလို့ရှိရင် ဖမ်းမယ်ဆီးမယ် ဆိုပြီးလုပ်တယ်” ဟု သူက ပြောသည်။

ဘော်လုံးလောင်းရာတွင် အင်တာနက်ပေါ်ရှိ တရားဝင်လောင်းကြေးအတိုင်း အလောင်းအစား ပြုလုပ်ကြပြီး က စား နည်း အစားစားရှိကြောင်း သူက ဆက်ပြောသည်။

“အင်တာနက်မှာရှိတဲ့ လောင်းကြေးအတိုင်းပဲပေါ့။ မောင်းရှိတယ်။ ဂိုးဒေါင်းရှိတယ်။ ဘော်ဒီရှိတယ်။ အစုံပေါ့ ဘော်ဒီ ဆိုတာက အသင်းအချင်းချင်း ဒဲ့လောင်းတာ။ မောင်းဆိုတာက အဆတိုးနဲ့သွားတာပေါ့။ အနည်းဆုံး ၅ ပွဲလောင်းတယ်ဆို ၅ ပွဲစလုံးနိုင်မှ တစ်ပွဲရူံးတာနဲ့ မောင်းကျိုးသွားတာပဲ”

“ဥပမာ ၅ ပွဲမှာ ငွေ ၂ဝဝ လောင်းတယ် ပထမတစ်ပွဲနိုင်ရင် ၄ဝဝ ရမယ် ဒုတိယတစ်ပွဲနိုင်ရင် ၈ဝဝ ရမယ်။ ၄ ပွဲနိုင် ရင် ၁၆ဝဝ ရပြီ အဲလို ဆတိုးနဲ့သွားတယ် ၅ ပွဲကနေ ၈ ပွဲအထိ လောင်းလို့ရတယ်။ ဂိုးဒေါင်းကျတော့ ဂိုးအရည် အတွက်ကို လောင်းတာလေ ၂ လုံးစားဆိုရင် ဘယ်အသင်းက ဂိုး ၂ လုံး အနည်းဆုံးသွင်းရမယ် အဲလိုမျိုးပေါ့”- ဟု သူကပြောသည်။

No comments: