Friday, June 18, 2010

ယူအန်မှ မောင်တောတွင် ရေဘေး အကူအညီပေး

Narinjara News

ယူအန် လက်အောက်ခံ ကုလသမဂ္ဂ မဟာမင်းကြီးရုံးမှ မနေ့က ရေဘေးဒဏ်ခံခဲ့ရသူ မောင်တောမြို့ပေါ်မှ မိသားစုများကို ကယ်ဆယ်ရေး အကူအညီများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ အကူအညီများကို မောင်တောတွင် အထက်တန်းကျောင်းနှင့် အလယ်တန်း ကျောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်း ၂ ခုတွင် အဆိုပါ ရေဘေး အကူအညီများကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ရေဘေး အကူအညီ ရရှိခဲ့သူ အမျိုးသမီး တဦးက “ ကျွန်မတို့ရတာက ဆန်၊ ဆီ၊ စောင်၊ ခြင်ထောင်နဲ့ အိုးခွက် ပုဂံတွေ ရပါတယ်။ မိသားစု ဦးရေ အလိုက် ကူညီ ထောက်ပံ့ပေးပါတယ်” ဟု ပြောသည်။

ရေဘေးဒဏ်ခံခဲ့ရသူ မိသား ၂၅၀ ခန့်မှ အဆိုပါ ရေဘေး ကယ်ဆယ်ရေး ပစ္စည်းများကို သွားရောက် လက်ခံ ယူခဲ့သည်ဟု သိရသည်။

“မြင်တိုင်း လူကိုတော့ ပေးတာ မဟုတ်ပါဘူး။ အိမ်တွေ ပြိုသွားတဲ့ မိသားစုတွေ၊ အိမ်တွေ ရေနစ်နေတဲ့ မိသားစုတွေကို ပေးတာပါ။ ရယက ဥက္ကဌတွေဆီက ဟုတ်မှန်ကြောင်း ထောက်ခံတဲ့ စာရွက် ဖြတ်ပိုင်းလေးနဲ့ သွားထုတ်ရပါတယ်” ဟု သူမက ဆက်ပြောသည်။

မောင်တောမြို့ပေါ်တွင် သာမက ရေဘေးဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရသည့် နယ်ကျေးရွာများတွင်လည်း ယူအန်မှ ဆက်လက် ထောက်ပံ့မူများ ပြုလုပ်သွားမည် ဟု သိရသည်။ ယခုအခါ ယူအန် တာဝန်ရှိသူများက အပျက်အစီးနှင့် အသေအပျောက်ကို ကွင်းဆင်း စစ်ဆေးနေကြောင်း မြို့ခံ တဦးက ပြောသည်။

ရေဘေးဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသည့် ဘူးသီးတောင်တွင်လည်း ရေဘေး အကူအညီများ ပေးနေကြောင်း သိရသည်။

No comments: