Thursday, June 17, 2010

ဆိပ်ကမ်းပတ်လမ်း တည်ဆောက်ခွင့် အေးရှားဝေါလ် ရရှိ

မျိုးချစ်သူ / ၁၇ ဇွန် ၂၀၁၀

ရန်ကုန်ဆိပ်ကမ်းအတွက် ဆိပ်ကမ်းပတ်လမ်းစီမံကိန်းကို အေးရှားဝေါလ် ကုမ္ပဏီက တည်ဆောက်ခွင့်ရသွားကြောင်း တယက တာဝန်ရှိသူက ပြောသည်။

ရန်ကုန်မှ အပြည်ပြည်ဆိုင်ရာသို့ ကုန်သွယ်ရာတွင် ခေတ်မီသောဆိပ်ကမ်းကောင်းတခု ဖြစ်လာစေရေးအတွက် ရန်ကုန်ဆိပ်ကမ်းကို ပြုပြင်ရန်နှင့် ကုန်တင်ယာဉ်ကြီးများ၊ ကွန်တိန်နာယာဉ်ကြီးများ သွားလာနိုင်စေရန် ဆိပ်ကမ်းပတ်လမ်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် (၁၅) ရက်မှစတင်ကာ ဆိပ်ကမ်းပတ်လမ်း ဖြတ်ကျော်ဖောက်လုပ်မည့် နေရာများအား တယက နှင့် ရန်ကုန်စည်ပင်တို့က လျာထား တိုင်းတာရှင်းလင်းမှုများ စတင်ပြုလုပ်လျက်ရှိပြီဖြစ်သည်။

လမ်းအရှည်မှာ ရန်ကုန်၊ ဗိုလ်တထောင် သန်လျက်စွန်းမှ အလုံမြို့နယ်အထိ ပါဝင်ကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်လက်အောက်မှ ဆိပ်ကမ်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရန် စစ်အစိုးရက တရားဝင် ကြေညာပြီးသည့်နောက် ကွန်တိန်နာ သယ်ဆောင်ယာဉ်များ သီးသန့်သွားလာနိုင်ရန် ယင်းသို့ ဆိပ်ကမ်းပတ်လမ်းတခုကို တိုးချဲ့တည်ဆောက်ရန် အစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

တန်ချိန် (၁၀၀) ထိခံနိုင်သော လမ်းသားဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းအကျယ်မှာ (၄၈) ပေ၊ ပလက်ဖောင်းမှာ (၆) ပေစီရှိကြောင်း၊ လမ်းစီမံကိန်း တည်ဆောက်ရာတွင် အစိုးရ အဆောက်အအုံပေါင်း (၈၀၀) ကျော်ကို ဖျက်ရမည်ဖြစ်ကြောင်း ယမန်နေ့ထုတ် ပေါ်ပြူလာ နယူးစ်ဂျာနယ်တွင် ပါရှိသည်။

အဆိုပါ လမ်းစီမံကိန်းကာလကို (၂) နှစ်ခန့် သတ်မှတ်ထားကြောင်း မြန်မာ့ဆိပ်ကမ်းမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “အဆောက်အအုံတွေကလည်း အစိုးရဌာနပိုင်တွေ ဖြစ်တဲ့အတွက် အထက်အမိန့်အတိုင်း အမြန်ဖျက်ရမှာပဲလေ။ ဒါ့ကြောင့် လမ်းကို ပြင်ဆင်မယ့် အချိန်ကတော့ မနှောင့်နှေးနိုင်ဘူးပေါ့ ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုတည်ဆောက်မည့် ဆိပ်ကမ်းပတ်လမ်းကို အေးရှားဝေါလ်နှင့် အစိုးရတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကုန်ကျစရိတ်ကို မတွက်ချက်ရသေးကြောင်း သိရသည်။

No comments: