သင်းသဇင်ခိုင်
ရန်ကုန်တိုင်း အတွင်း နေရာ အတော်များများတွင် အမည်မသိသူများက ရွေးကောက်ပွဲ ဆန့်ကျင်သည့် ပို့စကဒ်များကို စက်တင်္ဘာလ ၁၇ ရက်နေ့ က ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။
အမည်မဖေါ်လိုသူ ရန်ကုန်မြို့ခံ တစ်ဦးက “ မနေ့က စက်တင်ဘာလ ၁၇ ရက်နေ့မှာ ရန်ကုန်မြို့ သခင်မြ ပန်းခြံ အတွင်းမှာ ရှိတဲ့ နေရာ အနှံ့အပြား မှာ ၂၀၁၀-ရွေး ကောက်ပွဲကို အားလုံး လက်တွဲ ဆန့်ကျင်ကြ စာတွေ ပါရှိတဲ့ ပို့စကဒ်တွေကို တွေ့ရှိရပါတယ်။ စက်တင်ဘာလ(၁ဂ) ရက်နေ့မှာ ကျရောက်တဲ့ စစ်တပ်က အာဏာသိမ်းတဲ့ ၂၂ နှစ်ပြည့်နေ့ အနေနဲ့ ပြုလုပ် တာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
အဆိုပါ တနေ့တည်း အတွင်းမှာပင် သံလျင်ရှိ ရှေးဟောင်း အဖိုးသံ ဘုရား တွင်လည်းကောင်း၊ သီလ ၀ါရေ တပ်စခန်း အနီး တ၀ိုက်တွင် လည်းကောင်း၊ ဒလ ကားလမ်းဘေး တလျှောက်တွင် လည်းကောင်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်များကို အမည်မသိသူများက ဖြန့်ကျဲ ချထားခဲ့ကြပြီး ရွှေမန်း ရုပ်ရှင်ရုံ အများသုံး အိမ်သာ နံရံများတွင်လည်း ပိုစတာများကို ကပ်ထားသည်ကို တွေ့ရသည်ဟု တခြား မြို့ခံများက ပြောသည်။
ဒလမြို့နယ် ကားသမားတစ်ဦးက “ ကျွန်တော် မနက် ၆-နာရီ ကတည်းက ကားထွက် ပါတယ်။ မနက်ပိုင်း တချိန်လုံး ဒလ ကားလမ်းမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ မနက် အစောပိုင်းမှာ ခုလို စာရွက်တွေကို မတွေခဲ့ပါဘူး။ ဘယ်အချိန်က ဘယ်လို ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာတွေ ရောက်လာ မှန်း မသိလိုက်တာ။ တစိမ်းကားတွေ သွားလာတာလဲ မတွေ့ မဘူးဗျ။ စာရွက်တွေကို ကောက်ဖတ်ကြည့်လိုက်မှ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ပို့စကဒ်တွေဆိုတာ သိလိုက် ရတာ ဖြစ်ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
ပို့စကဒ်များကို နေ့လည်ပိုင်း ၁၁ နာရီနှင့် ၁၂ နာရီ အကြားတွင် တွေရှိကြရပြီး သက်ဆိုင်ရာမှ ချက်ချင်း ဆိုသလို ရောက်ရှိလာပြီး အနီးတ၀ိုက်၌ စစ်ဆေးမူများ ပြုလုပ်ကာ နေရာတိုင်းတွင် ပြန့်ကြဲနေသော ပို့စကဒ်များကို လိုက်လံ သိမ်းဆည်းသွားသည်ဟု သိရသည်။
မျက်မြင် ပြည်သူတစ်ဦးက အဆိုပါ ပို့စကဒ်များထဲတွင် တပ်နှင့် ပြည်သူတို့ လက်တွဲပြီး တိုင်းပြည်ကြီးကို ပြည်လည် ကောင်းအောင် လုပ်စေလိုသည့် တိုက်တွန်းချက်များ ပါရှိပြီး တပ်မတော်သားများကို ပြည်သူနှင့် လက်တွဲရန် ဖိတ်ခေါ်ထားသည်ဟု ပြောသည်။
ရန်ကုန်မြို့ အတွင်း ၂၂ နှစ်မြောက် အာဏာသိမ်းနေ့ ဖြစ်သဖြင့် သက်ဆိုင်ရာမှ လုံခြုံရေး အစောင့်များ အထပ်အထပ် ချထားသည့်ကြားမှ ပြည်သူများကို အသိပေး နိုးဆော်သော ပို့စကဒ်များကို ဖြန့်ဝေသွားသဖြင့် သက်ဆိုင်သူများ အနေဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်ဟုလည်း စုံစမ်း သိရှိရသည်။
ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့ တွင် မြို့တွင်း နေရာ အနှံ့ အပြားတွင် အစောင့်များ အပြည့်ချထားပြီး ဒလသင်္ဘောဆိပ်၊ ရုပ်ရှင်ရုံများနှင့် ပန်းခြံများတွင် အစောင့်အရှောက်များ ချထားကာ နေရာ အများအပြားကို အလေးပေး စစ်ဆေးလျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment