Saturday, July 9, 2011

မြန်မာနိုင်ငံ တောင်သူလယ်သမားအရေး (အပိုင်း - ၄)

ဦးမျိုး (ဥပဒေ)

လေ့လာသုံးသပ်ချက် စာတမ်း

ထန်းတပင် တောင်သူလယ်သမား တိုက်ပွဲကြီး

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ပြည်သူ့ရဲဘော် တပ်ဖွဲ့များသည် စစ်ပညာသင်ကြားခြင်း၊ တူညီဝတ်စုံများကို ဝတ်ဆင်ခြင်း၊ စီတန်းလှည့်လည် ဆန္ဒပြခြင်း၊ လူထုအစည်းအဝေး ကျင်းပခြင်းများကို ပြုလုပ်လေ့ရှိရာ ဆာပေါ်ထွန်း အစိုးရက ထိုအပြုအမှုများကို မပြုလုပ်ရဟု အမိန့်အမျိုးမျိုးထုတ်၍ ပိတ်ပင်တားမြစ်ခဲ့သည်။ ထိုအခါ အင်းစိန်ခရိုင် ထန်းတပင်မြို့ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်များသည် ယင်းအမိန့်များကို ဖီဆန်လျက် ၁၉၄၆ ခုနှစ် မေလ ၁၃ ရက်နေ့တွင် စစ်ရေးပြကြလေရာ ဗိုလ်ကြိုင်နှင့် ပြည်သူ့ရဲဘော် ၃ ဦး အဖမ်းခံရလေသည်။ ထို့နောက် မေလ ၁၆ ရက်နေ့တွင် ထန်းတပင်မြို့၌ပင် ပြည်သူ့ရဲဘော်များက စစ်ရေးပြပြန်ရာ ခေါင်းဆောင် ဗိုလ်အောင်ကြီးနှင့် ပြည်သူ့ရဲဘော် ၇ ဦး အဖမ်းခံရပြန်လေသည်။

ထိုသို့ ပြည်သူ့ရဲဘော်များက အာဏာဖီဆန်၍ တိုက်ပွဲဝင်နေကြစဉ် ထန်းတပင်မြို့နယ်မှ တောင်သူလယ်သမားများ သည် လယ်သီးစားခ မပေးရေး၊ မြေခွန်တော် မဆောင်ရေး၊ ကြွေးမြီဟောင်း ပြန်မဆပ်ရေး တိုက်ပွဲများကို ဆင်နွဲလျက် ရှိလေသည်။ ၁၉၄၆ ခုနှစ် မေလ ၁၈ ရက်နေ့တွင် တောင်သူလယ်သမား လူထု ၁ဝဝဝ ကျော်၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင် ၂ဝဝ ကျော်၊ အမျိုးသမီး ၃ဝဝ ကျော် ပါဝင်သော ပြည်သူလူထုသည် ပြည်သူ့ချုပ်ချယ်မှု ကန့်ကွက်ရေး အတွက် ထန်းတပင်မြို့တွင် စီတန်းလှည့်လည် ဆန္ဒပြလာကြရာ ရဲအရာရှိများ ဖြစ်သော မစ္စတာရေးနှင့် ဦးမောင်ကလေးတို့ ခေါင်းဆောင်သော ရဲအဖွဲ့ဝင်များက စက်သေနတ်များဖြင့် တားဆီးပစ်ခတ်ကြသောကြောင့် ထန်းတပင်မြို့နယ် ရေကျော်ရွာမှ အသက် ၅၆ နှစ်ရှိ လယ်သမားကြီး ဦးဘိုးခင်၊ ဦးဘိုးပိန်တို့နှင့် သရက်ကုန်းရွာမှ အသက် ၅ဝ နှစ်ရှိ ဦးစံအေးတို့သည် နေရာတွင်ပင် ကျဆုံးရုံမျှမက တောင်သူလယ်သမား မြောက်မြားစွာပင် ဒဏ်ရာ ရရှိခဲ့လေသည်။ ထိုထန်းတပင် တောင်သူလယ်သမား တိုက်ပွဲနှင့် ပတ်သက်၍ တနိုင်ငံလုံး မခံမရပ်နိုင် ဖြစ်ပြီး၊ တနိုင်ငံလုံးတွင် ဆန္ဒပြကန့်ကွက်ပွဲများကို တပြိုင်နက် ကျင်းပခဲ့ကြလေသည်။

၁၉၄၆ ခုနှစ် မကုန်မီပင် ဗမာပြည် ကွန်မြူနစ်ပါတီအတွင်း နိုင်ငံရေး အယူအဆကွဲပြားမှုကြောင့် အလံနီ ကွန်မြူနစ် ပါတီဟူ၍ နောက်ထပ် တပါတီ တိုးလာပြန်သည်။ ထိုအချိန်တွင် ဗမာပြည် ကွန်မြူနစ်ပါတီသည် ဗမာနိုင်ငံတောင်သူလယ်သမား သမဂ္ဂများကို ဖွဲ့စည်းတည်ထောင်၍ ဗမာပြည် ဆိုရှယ်လစ်ပါတီသည် ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမား အစည်းအရုံး ဗတလစ ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အလံနီ ကွန်မြူနစ် ပါတီကလည်း အလံနီ တောင်သူလယ်သမားသမဂ္ဂကို ဖွဲ့စည်းပြန်သည်။

မြန်မာနိုင်ငံတွင် ဤနည်းအားဖြင့် တောင်သူလယ်သမား အဖွဲ့အစည်း ၃ ဖွဲ့ ပေါ်ပေါက်လာ၍ မိမိတို့၏ မြေယာလမ်းစဉ်၊ လုပ်ငန်းစဉ်များကို ချမှတ်ကာ စင်ပြိုင်လှုပ်ရှားခဲ့ကြလေသည်။ ထိုအချိန်မှစ၍ ဆက်ဆစ် ဂျပန်တို့ကို ဖက်ဆစ် ဆန့်ကျင်ရေးအဖွဲ့ချုပ် AFO ၏ ဦးဆောင်မှုအောက်တွင် တစုတစည်းတည်း စည်းရုံး လာခဲ့သောတောင်သူလယ်သမား များသည် ကွဲပြားစ ပြုလာလေသည်။ ၁၉၄၉ ခုနှစ်တွင် ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်များသည် ဖဆပလ အဖွဲ့နှင့် နိုင်ငံရေး အယူအဆ ကွဲလွဲ၍ လက်နက်ကိုင် တောခိုသွားကြသည်။ မကြာမီ ပြည်သူ့ရဲဘော်ပါတီ ဟူ၍ ပါတီဖွဲ့စည်း ပြီးလျှင် ပြည်သူ့တောင်သူလယ်သမား အဖွဲ့ဟူ၍ တောင်သူလယ်သမား အဖွဲ့တရပ်ကို ထပ်မံ ဖွဲ့စည်း ပြန်လေသည်။ တဖန် ၁၉၅ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် ဗမာပြည် ဆိုရှယ်လစ်ပါတီအတွင်း ဝါဒ သဘောထားရော လုပ်ငန်းစဉ်များပါ ကွဲလွဲကြသဖြင့် ဗမာပြည် အလုပ်သမား ပါတီဟူ၍ နိုင်ငံရေး ပါတီတရပ်
ပေါ်လာပြန်သည်။

ယင်းပါတီကလည်း ပြည်ထောင်စု မြန်မာနိုင်ငံ တောင်သူ လယ်သမား ညီညွတ်ရေး အစည်းအရုံးကို ဖွဲ့စည်း တည်ထောင် ပြန်လေသည်။ ထို့နောက် ၁၉၅၈ ခုနှစ်တွင် အာဏာရ ဖဆပလ အဖွဲ့ချုပ်အတွင်း နိုင်ငံရေးအရ လည်းကောင်း၊ ပုဂ္ဂိုလ်ရေးအရလည်းကောင်း အကြီး အကျယ် သဘောကွဲလွဲကြပြန်သဖြင့် သန့်ရှင်း ဖဆပလ နှင့် တည်မြဲ ဖဆပလ ဟူ၍ ဖဆပလ နှစ်ဖွဲ့ကွဲသွားသည်နှင့် တပြိုင်နက် ဗတလစ အဖွဲ့သည်လည်း သန့်ရှင်း ဗတလစ နှင့် တည်မြဲ ဗတလစ ဟူ၍ တောင်သူ လယ်သမား အစည်းအရုံး ၂ ဖွဲ့ ဖြစ်ပေါ်လာတော့သည်။

ပါတီအသီးသီးက ဦးဆောင်ဖွဲ့စည်းခဲ့သော တောင်သူလယ်သမား အဖွဲ့အစည်းများ၏ မြေယာမူဝါဒနှင့် လုပ်ငန်းစဉ်များမှာ အခြား နေရာ တွင် မတူညီစေကာမူ မြေရှင်ပဒေသရာဇ် ဆန့်ကျင်တိုက်ဖျက်ရေး အခြေခံ မူဝါဒများတွင် တူညီသဖြင့် မိမိတို့ လုပ်နည်းလုပ်ဟန်ဖြင့် မိမိတို့ဘာသာ မြေရှင်ပဒေသရာဇ်စနစ်ကို ဆန့်ကျင် လုပ်ဆောင်နေကြသည် သာ များပေသည်။ အာဏာရ အဖွဲ့အစည်းအချို့သည်သာ နောက်ပိုင်းတွင် သွေဖည် လာသည်ကို တွေ့ရပေသည်။

တောင်သူလယ်သမား သမဂ္ဂ၏ ဦးဆောင်မှုဖြင့် တောင်သူလယ်သမားများသည် ထွန်တုံးတိုက်ပွဲများ၊ မြေခွန် တိုက်ပွဲများ၊ သီးစားခ တိုက်ပွဲများ၊ အခွင့်အရေး တိုက်ပွဲများ၊ ဖိနှိပ်ချုပ်ချယ်မှု ဆန့်ကျင်ရေး တိုက်ပွဲများ၊ လွတ်လပ်ရေး တိုက်ပွဲများ စသော တောင်သူ လယ်သမား လှုပ်ရှားမှု တိုက်ပွဲများကို အခါအားလျော်စွာ တိုက်ပွဲဝင်ခဲ့ကြလေသည်။

ထိုနည်းတူ တောင်သူလယ်သမား အစည်းအရုံး၏ ဦးဆောင်မှုဖြင့် တောင်သူလယ်သမားများသည် ကြွေးမြီ ရပ်ဆိုင်းရေး၊ ကြွေးမြီ လျော်ပစ်ရေး၊ သီးစားခ လျော့ပေါ့ရေး တိုက်ပွဲများ၊ လယ်ထွန်တိုက်ပွဲများ၊တောင်သူလယ်သမားများအား လက်နက် တပ်ဆင်ပေးရေး တိုက်ပွဲများ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး တိုက်ပွဲများ၊ မြေယာချထားရေး တိုက်ပွဲများ၊ မြေရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲများ၊ လွတ်လပ်ရေး တိုက်ပွဲများ စသော တောင်သူလယ်သမား တိုက်ပွဲများကို အခါအားလျော်စွာ တိုက်ခိုက်ခဲ့ကြလေသည်။ ထို့ကြောင့်ပင် လွတ်လပ်ရေး ခေတ်တလျှောက်တွင် မြေရှင်ပဒေသရာဇ်စနစ်သည် တဖြည်းဖြည်း ညှိုးနွမ်းလာခဲ့ရလေသည်။

မြန်မာများ အရေးပါသည့် ကိစ္စနှင့် တရားတဘောင် ဆုံးဖြတ်ရာတွင် သီဟာသန ပလ္လင်ကို အသုံးပြုခဲ့ကြပါသည်။ အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်လိုက်သည့်အခါ သီဟာသန ပလ္လင်ကို ကာလကတ္တားသို့ ပို့လိုက်သည်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ် လူဝီ မောင့်ဘက်တန်ကမြန်မာနိုင်ငံ သံအမတ်ကြီးလက်သို့ သီပေါမင်း၏ သီဟာသန ပလ္လင်ကို ပြန်လည်အပ်နှံခဲ့သည်။ တိုက်ဆိုင်မှုအဖြစ် ထို မတ်လ ၁၂ ရက်နေ့တွင် ပျဉ်းမနားမြို့၌ သခင်သန်းထွန်း ခေါင်းဆောင်သည့် ဗမာပြည် ကွန်မြူနစ်ပါတီက ဦးဆောင်သော ”တောင်သူလယ်သမား သမဂ္ဂများ ညီလာခံကြီး” ကို လူဦးရေ ၂ သိန်းကျော် တက်ရောက်၍ ကျင်းပခဲ့သည်ကို တွေ့ရှိရသည်။

No comments: