ဦးမျိုး (ဥပဒေ)
လေ့လာသုံးသပ်ချက် စာတမ်း
ပြည်တော်သာ စီမံကိန်း
ပြည်တော်သာ စီမံကိန်းဟူ၍ ခေါ်တွင်ခဲ့သော ကေတီအေ စီမံကိန်းများမှာ ၁၉၅၂-၅၃ ခုနှစ်မှ ၁၉၅၉-၆ဝ ပြည့်နှစ်
အထိ ၈ နှစ်ကာလအတွင်း အကောင်အထည် ဖော်ရန် သတ်မှတ်ထားသော စီမံကိန်းကြီးတရပ် ဖြစ်လေသည်။ ထိုစီမံကိန်းတွင် အကျုံးဝင်သော လယ်ယာစိုက်ပျိုးရေး ၅ နှစ် စီမံကိန်းကို လယ်ယာထွက်သီးနှံ ပြည်ပပို့ကုန်များ တိုးတက်စေရန်နှင့် ပြည်တွင်း ဖူလုံမှု အဆင့်အတန်း မြင့်မားလာစေရန် ၁၉၅၂ ခုနှစ်တွင် စီမံကိန်းရေးဆွဲခဲ့သည်။ ယင်းစီမံကိန်းတွင် ၁၉၅၉-၆ဝ ပြည့်နှစ်၌ လယ်ယာထွက်ကုန် တန်ဖိုးကျပ် ၁ ၁၅ဝ ဝဝဝ ဝဝဝ အထိ တိုးတက်လာစေရန်အတွက် ချမှတ်ထားသော လုပ်ငန်းစဉ်များလည်း ပါရှိပေသည်။
စီမံကိန်းလျာထားချက်များနှင့် လုပ်ဆောင်အောင်မြင်ချက်တို့မှာ များစွာ ကွာခြားနေသည်ကို တွေ့ရလေသည်။
ဇယား ၂ဝ တွင် ဖော်ပြထားပါသည်။
ပြည်တော်သာ စီမံကိန်း မအောင်မြင်ရခြင်း အကြောင်းရင်းတရပ်မှာ နိုင်ငံ၏ အဓိက သီးနှံဖြစ်သော ဆန်အထွက်
နှင့် ဆန်ရောင်း၍ ရရှိမည့် နိုင်ငံခြားငွေများတွင် မှန်းချက်နှင့် နှမ်းထွက် မကိုက်အောင် ပိုမို ခန့်မှန်းထားခြင်းကြောင့် ပင် ဖြစ်သည်။
အမှန်အားဖြင့် စီမံကိန်းတရပ်ကို အကောင်အထည် ဖော်ရာတွင် မ’တည်ငွေများနှင့် အတတ်ပညာရှင်များ
ပြည့်စုံရုံမျှဖြင့် မပြီးသေး၊ နိုင်ငံ၏ အခြေခံစီးပွားရေး အခြေအနေ၊ နိုင်ငံရေး အခြေအနေ၊ လူမှုရေး အခြေအနေများ အပါအဝင် လုပ်သားပြည်သူ တရပ်လုံး၏ အခြေအနေများကို ထည့်သွင်းတွက်ချက်ရန် လိုပါသည်။
၎) မျက်မှောက်ခေတ် တောင်သူလယ်သမားများအခြေအနေ။
မြန်မာနိုင်ငံတွင် ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီ ၁၉၃၆ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း ပျမ်းမျှ အသားတင် စိုက်ပျိုးသည့် ဧရိယာပေါင်းမှာ ၁၇ ၄၆၇ ဝဝဝ ဧကရှိ၍ စုစုပေါင်း စိုက်ပျိုးသည့် ဧရိယာ (အသားတင် စိုက်ပျိုးသည့် မြေဧရိယာနှင့် သီးထပ်စိုက်ပျိုးသည့် မြေဧရိယာ နှစ်ရပ်ပေါင်း) မှာ ၁၈ ၆၈၄ ဝဝဝ ဧက ရှိလေသည်။၁၉၆၁ - ၆၂ ခုနှစ်တွင် အသားတင် စိုက်ပျိုးသည့် ဧရိယာပေါင်းမှာ ၁၇ ၆၉၈ ဝဝဝ ဧကရှိ၍ စုစုပေါင်း စိုက်ပျိုးသည့် ဧရိယာပေါင်းမှာ ၁၉ ဝ၁၃ ဝဝဝ ဧက ရှိလေသည်။ ဆန်စပါး စိုက်ပျိုးသည့် ဧရိယာကို သီးသန့်ထုတ်နှုတ်၍ တင်ပြရသော် ၁၉၃၆ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း ပျမ်းမျှစိုက်ပျိုးသည့် ဧရိယာမှာ ၁၂ ၃၉၈ ဝဝဝ ရှိ၍ ၁၉၆၁-၆၂ ခုနှစ်တွင် ၁၁ ၃၅ဝ ဝဝဝ ဧကသာ ရှိသည်ကို တွေ့ရသည်။ မြန်မာတနိုင်ငံလုံးမှ ထွက်သော စပါးမှာ ၁၉၃၆-၄၁ ခုနှစ် အတွင်း ပျမ်းမျှခြင်း တန်ပေါင်း ၇ ၄၂၆ ဝဝဝ ထွက်ရှိ၍ ၁၉၆၁-၆၂ ခုနှစ်တွင် စပါးတန်ပေါင်း ၆ ၇၉၈ ဝဝဝ သာ ထွက်လေသည်။
တော်လှန်ရေးကောင်စီနှင့် မဆလပါတီသည် အောက်ပါ မြေယာဖွံ့ဖြိုးရေး၊ တောင်သူ လယ်သမားဘဝ မြှင့်တင်ရေး လုပ်ငန်းများကို ချမှတ်ခဲ့သည်။
၁) မြေယာ ကုန်ထုတ်လုပ်ငန်း တိုးတက်ဖွံ့ဖြိုး၍ ကုန်ထုတ်စွမ်းအား မြင့်မားလာရေး။
၂) သိပ္ပံနည်းဖြင့် စိုက်ပျိုးနိုင်ရေး။
၃) မြေယာ ကုန်ထုတ်စနစ် မှန်ကန်လာရေး။
၎) လူမှုရေး ကိစ္စများ တိုးတက်ကောင်းမွန်လာရေး။
၅) တောင်သူလယ်သမား လူတန်းစား တရပ်လုံး စည်းရုံးနိုင်ရေး။
ဗိုလ်နေဝင်း ကောင်စီသည် သီးစားချထားရေး ဥပဒေဖြင့် သီးစားချထားရေးအာဏာကို မြေယာကော်မတီများ လက်ဝယ်အပ်နှံခဲ့သည်။ ၁၉၆၆-၆၇ ခုနှစ်တွင် စပါးစိုက်ဧက စုစုပေါင်း ၁၂ သန်းကျော် ရှိသည့်အနက် ဧကပေါင်း ၈ သန်းကျော်ခန့်ကိုသာ စနစ်တကျ စိုက်ပျိုး၍ ဧကပေါင်း ၄ သန်းကျော်ကို ကြဲခင်းအဖြစ်ဖြင့် စိုက်ပျိုးခဲ့သည်။ ရှေးရိုးစိုက်ပျိုးရေး နည်းစနစ် ၅ မျိုးကို တွေ့ရသည်။
က) ရွှေ့ပြောင်း စိုက်ပျိုးနည်း (တောင်ယာနည်း စနစ်)
ခ) အခြောက် စိုက်ပျိုးနည်း (ယာစိုက်ပျိုးနည်း)
ဂ) အစို စိုက်ပျိုးနည်း။
ဃ) ရေသွင်း စိုက်ပျိုးနည်း။
င) နုန်းမြေသစ်များ၌ စိုက်ပျိုးနည်း (ကိုင်း စိုက်ပျိုးနည်း) တို့ ဖြစ်သည်။
၁၉၄၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို ပါလီမန်က
ပြဋ္ဌာန်းအတည်ပြုခဲ့သည်။ ယင်းဥပဒေတွင် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အဖြေခံဥပဒေ၏ ရည်ရွယ်ချက်ကို
ပြည့်စုံလုံလောက်အောင် ဆောင်ရွက်ရန် ပြဋ္ဌာန်းချက်များ မပါရှိခြင်း၊ အချို့ပြဋ္ဌာန်းချက်များသည် လက်တွေ့
ဆောင်ရွက်ရာတွင် အခက်အခဲ တွေ့ရခြင်း၊ တောင်သူ လယ်သမားများအား ပို့ဆောင်လိုသော ဘဝသစ် ပို့ဆောင်ရေးကဏ္ဍ မပါခြင်းတို့ကြောင့် ပိုမိုပြည့်စုံစေရန် လိုအပ်သော ပြင်ဆင်ချက်များ ထည့်သွင်းပြီးလျှင် ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို ပါလီမန်တွင် တင်သွင်းအတည်ပြုခဲ့သည်။
ထို့အပြင် သိမ်းယူဝေငှပြီး ဖြစ်သော လယ်ယာမြေများအတွက် လျော်ကြေးပေးရန် ၁၉၅၄ ခုနှစ် ဖေဖော်ဝါရီလ ပါလီမန်တွင် ပြင်ဆင်ချက် ဥပဒေတရပ်ကို ပြဋ္ဌာန်းအတည်ပြုပြီးလျှင် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး
အက်ဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ ၁ အရ လျော်ကြေးပေးရေး ၁ဝ ဦး ကော်မရှင်ကိုလည်း ဖွဲ့စည်းပေးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အာဏာရ အဖွဲ့အစည်းအတွင်း နိုင်ငံရေး ကွဲပြားမှုများ ဖြစ်ပေါ်လာပြီးနောက် ယင်းအဖွဲ့အားလုံးပင် လုံးဝ မလှုပ်ရှားနိုင်သည့် အခြေသို့ ရောက်ခဲ့ရသည်။ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပါ မူများအတိုင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်၊ မဆောင်ရွက်ခဲ့သည်ကို စုံစမ်းစစ်ဆေးနိုင်ရန် နိုင်ငံတော်
သမ္မတက စုံစမ်းရေး ကော်မတီ တရပ်ကို ၁၉၅၉ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ခန့်ထားခဲ့သည်။ စုံစမ်းရေး
ကော်မတီ အစီရင်ခံစာအရ အောက်ပါအတိုင်း တွေ့မြင်ရသည်။
၁) လုပ်ကွက် လုပ်အားကို မစဉ်းစားဘဲ ဇယား - ၆၂ ပါ အတိုင်းအတာအထိ ကင်းလွတ်ခွင့်များ ပေးသဖြင့် လယ်ယာမြေ ဝေခြမ်းရာတွင် သီးစားများမှာ လယ်မြေ အနည်းငယ်သာ ရရှိခြင်း။
၂) ကင်းလွတ်ခွင့်ပေးရာတွင် မူလ လုပ်ကွက်ထက် ပိုမို၍သော်လည်းကောင်း၊ လူအင်အားနှင့် လုပ်နိုင်သည့် အရည်းအချင်းထက် ပိုမို၍သော်လည်းကောင်း ကင်းလွတ်ခွင့် ပေးထားခြင်း။
၃) ကင်းလွတ်ခွင့် မပေးထိုက်သော မြေပိုင်ရှင်များအား ကင်းလွတ်ခွင့် ပေးထားခြင်း။
၎) တောင်သူ လယ်သမား အိမ်ထောင်စုဝင် မဟုတ်သည့် ကျောင်းဆရာ၊ ကုန်သည်၊ စာရေး စာချီ စသော ပုဂ္ဂိုလ်တို့အား ကင်းလွတ်ခွင့်ပေးထားခြင်း။
၅) တရားဝင် မြေယာပိုင်ခွင့် မရှိသူတို့်အား ကင်းလွတ်ခွင့်ပေးထားခြင်း။
၆) အိမ်ထောင်စု တစုတည်း ဖြစ်ပါလျက်နှင့် သီးခြားအိမ်ထောင်သားစုပွား၍ ကင်းလွတ်ခွင့် ပေးထားခြင်း။
၇) လယ်ယာမြေကို ကြီးကြပ်လုပ်ကိုင်ပါမည်ဟု ကတိပေးရုံနှင့် အမှန်တကယ် ကြီးကြပ်လုပ်ကိုင်နိုင်သော အခြေအနေ မရှိသော လူအား ကင်းလွတ်ခွင့် ပေးထားခြင်း။
၈) တောင်သူလယ်သမား မဟုတ်သူများအား လယ်ယာမြေ ဝေခြမ်းထားခြင်း။
၉) မြေယာကော်မတီနှင့် ဆွေမျိုးတော်စပ်သူများအား မြေဝေခြမ်းရာတွင် အခွင့်အရေး ပိုမိုပေးထားခြင်း။
၁ဝ) တသီးပုဂ္ဂလ နေထိုင်သူအား မြေယာ မဝေခြမ်းနိုင်ပါဘဲနှင့် အပျိုကြီး၊ လူပျိုကြီး စသည်တို့အား မြေယာဝေခြမ်းထားခြင်း။
၁၁) အချို့ဒေသတွင် သီးစားများအား လုံလောက်စွာ ဝေခြမ်းရန် လယ်ယာမြေ မပေါများပါဘဲနှင့် အကြောင်းအမျိုးမျိုးကြောင့် သီးစားများအား ဝေခြမ်းရမည့် မြေယာထဲမှ နုတ်ယူ၍ လယ်ယာ အလုပ်သမားများအား ဝေခြမ်းထားခြင်း။
၁၂) အချို့ဒေသတွင် လုပ်ကိုင်၍ မဖြစ်သော အလွန်ညံ့ဖျင်းသည့် မြေမျိုးကို ဝေခြမ်းထားသဖြင့် မူလ လက်ငုတ် သီးစားမြေ လက်လွတ် ဖြစ်ရခြင်း။
၁၃) ကျွန်းမြေ၊ သာသနာ့မြေကဲ့သို့ မသိမ်းသင့်သည့် လယ်ယာမြေများကို သိမ်း၍ ဝေထားခြင်း။
၁၄) ကျေးရွာအတွက် ချန်လှပ်ထားသော သိမ်းယူပြီးသည့် မြေယာများကို မတရား သုံးစွဲကြခြင်း။
၁၅) အာဏာရ နိုင်ငံရေးသမားများနှင့် ဝန်ထမ်းမှုးများ ဝင်ရောက်စွက်ဖက်သဖြင့် ဝေခြမ်းရေး ဥပဒေနှင့်အညီ မဆောင်ရွက်နိုင်ခြင်း။
၁၆) မူလ သီးစားချထားရေး မူမမှန်ခြင်းကြောင့် လယ်ယာမြေ ဝေခြမ်းရေးတွင် စည်းမျဉ်းများနှင့် မကိုက်ညီမှုများ ဖြစ်ရခြင်း။
၁၇) လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး လုပ်ငန်းစဉ်အတွက် ပြင်ဆင်မှု အချိန် မလုံလောက်သဖြင့် ဥပဒေနှင့်အညီ မဆောင်ရွက်နိုင်ခြင်း။
၁၈) ဥပဒေပါ ပြဋ္ဌာန်းချက်အချို့ ပြတ်ပြတ်သားသား မရှိသဖြင့် ဥပဒေကို အမျိုးမျိုး လိုရာဆွဲယူ ဝေခြမ်းနိုင်ခြင်း။
၁၉) အဆင့်ဆင့် ကွပ်ကဲကြီးကြပ်မှု၊ စစ်ဆေးစုံစမ်းမှုများ ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့ခြင်း။
၂ဝ) မြေယာကော်မတီများ၊ အာဏာရ နိုင်ငံရေးသမားများ၊ အမှုထမ်းအချို့နှင့် ဝန်ထမ်းမှုးများက မြေယာဝေခြမ်းရေး ဆောင်ရွက်ရာတွင် အဂတိ လိုက်စားခြင်း၊ တန်စိုးလက်ဆောင်ယူခြင်း၊ လာဘ်စားခြင်း။
၂၁) လယ်မြေဝေခြမ်းရေးတွင် ဥပဒေနှင့်အညီ မဆောင်ရွက်နိုင်အောင် အချို့သော အရာထမ်း၊ အမှုထမ်းတို့က အဂတိ လိုက်စား၍ ဆောင်ရွက်ခြင်း။
၂၂) ဥပဒေနှင့်အညီ လယ်မြေ ဝေခြမ်းရေးကို ဆောင်ရွက်လိုသော ကျေးရွာ မြေယာကော်မတီများအား အမှုထမ်းအရာထမ်းများနှင့် အာဏာရ အဖွဲ့ဝင်များက အမျိုးမျိုး အကျင့်ပျက်အောင် နည်းပေးလမ်းပြ ပြုကြခြင်း။
၂၃) ကျေးလက် မြေရှင်လေးများနှင့် ချမ်းသာသော တောင်သူလယ်သမားများက မြေယာကော်မတီများနှင့် ပေါင်း၍ အခွင့်အရေး ပိုယူကြခြင်း။
ထို့ကြောင့် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး လုပ်ငန်းကို တောင်သူလယ်သမား လူတန်းစား တရပ်လုံးက တညီတညွတ်တည်း ကြိုဆို ထောက်ခံမှု မပြုခဲ့ခြင်းပင် ဖြစ်သည်။
၁၉၄၈ ခုနှစ် နှစ်ဦးပိုင်း မြန်မာနိုင်ငံ လွတ်လပ်ရေး ရခါစအချိန်၌ ကွန်မြူနစ်တို့သည် မိမိတို့လက်နက်ဖြင့် ကြီးစိုးနိုင်သော ဒေသများတွင် လယ်ယာမြေ ဝေခြမ်းရေး လုပ်ငန်းများကို အပြင်းအထန် စတင်ဆောင်ရွက် လာကြသဖြင့် ကျေးလက် တောရွာများတွင် ဆက်လက်အခြေစိုက် နေထိုင်ကြသော မြေပိုင်ရှင် အားလုံးလိုလိုပင် မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြလေသည်။ ဤသို့ ဆောင်ရွက်ချက်များကြောင့် စစ်ကြီးအပြီးတွင် ကြွင်းကျန်ရစ်သော
မြေရှင်စနစ်မှာ ဒဏ်ရာ ဒဏ်ချက်လေးများ ရရှိ၍ ညှိုးနွမ်းကြုံလှီစပြုသော အခြေအနေသို့ ရောက်ရှိလာသည်။
ကျေးလက် မြေရှင်လေးများ ဆက်လက် အခွင့်အရေး ရနေသည့်အပြင် အာဏာရ အဖွဲ့ဝင်များသာ မြေယာပေါ်၌
ခြယ်လှယ်နိုင်ခွင့် ရလာကြသည်။ တနည်းဆိုသော် ကျေးလက် မြေရှင်လေးများနှင့် အာဏာရ အဖွဲ့ဝင်များ
ကြီးစိုးသော ပဒေသရာဇ်စနစ် အသွင်သစ် ပေါ်ထွန်းလာသည်ဟု မှတ်ယူရပေမည်။
၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေ။ နည်းဥပဒေများနှင့် ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက်ခဲ့သည်။ ၁၉၆၅ ခုနှစ် ဧပြီလတွင် ဗိုလ်နေဝင်း အစိုးရသည် ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကို ပြင်သည့် ဥပဒေတရပ် ပြဋ္ဌာန်းလိုက်ပြန်သည်။ ယင်းဥပဒေမှာ သီးစားစနစ်ကို လုံးဝဖျက်သိမ်းလိုက်သော ဥပဒေပင် ဖြစ်သည်။
လယ်ယာ လုပ်သား လုပ်ခများမှာ ကိုလိုနီခေတ်ကထက် လျော့နည်းနေသည်ကို တွေ့ရပေသည်။ ဥပမာ -
နှစ်လုံးပေါက် ကျီဝင် သူရင်းငှား တဦးသည် ကိုလိုနီခေတ်က လုပ်ခငွေ ကျပ် ၁၅ဝ ခန့် ရရှိခဲ့၍ စစ်ပြီးခေတ်တွင်
ကျပ် ၃၃ဝ ခန့် ရရှိလေသည်။ စစ်မဖြစ်မီက လုပ်ခ၏ နှစ်ဆမျှသာ ဖြစ်နေသော်လည်း တောင်သူလယ်သမားများနှင့် လယ်ယာလုပ်သားများ စားသုံးနေရသော ကုန်ပစ္စည်း ဈေးနှုန်းများမှာကား စစ်မဖြစ်မီကထက် ငါးဆ၊ ခြောက်ဆ ကြီးမားနေသည်ကို ၁၉၄၆ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ကျင်းပသော ဖဆပလ ဒုတိယ ဦးစီး အစည်းအဝေးတွင် မိန့်ကြားသော ဗိုလ်ချုပ်အောင်ဆန်း၏ အောက်ပါမိန့်ခွန်းတွင် တွေ့နိုင်ပါသည်။
”စားသုံး ကုန်ပစ္စည်းတို့၏ ဈေးနှုန်းတို့မှာ ပျမ်းမျှခြင်းအားဖြင့် စစ်မဖြစ်မီကာလကထက် ငါးဆ၊ ခြောက်ဆ
ကြီးမားနေပြီး ဆန်စပါး ဈေးနှုန်းမှာကား စစ်မဖြစ်မီကာလက ဈေးလောက်ပင် ရှိသည်။ အစိုးရ ကိုယ်စားလှယ်များက စပါးအတွက် ကျပ် ၁ဝဝ ဈေးနှင့် ဆန်အတွက်မူ ကျပ် ၅၄ဝ ဈေးပေးနေရာ စပါးအတွက် ကျပ် ၂၃ဝ ဈေး၊ ဆန်အတွက် ကျပ် ၆ဝဝ ဈေး ပေးနေသော ပုဂ္ဂလိက ကုန်သည်များ ပေးသည်ထက်ပင် အလွန်နည်းပါးနေပါသည်။”
ဗိုလ်နေဝင်း အစိုးရ လက်ထက်တွင် “ပုဂ္ဂလိကပိုင်စနစ်မှ အများပိုင်စနစ်သို့ ကူးပြောင်းရာတွင် ပြည်သူပိုင်လုပ်ရန် မလိုသော စီးပွားရေး လုပ်ငန်းများတွင်သာ သမဝါယမက ဝင်ရောက်ဆောင်ရွက်ရန်” မူချမှတ်သည်။ ၁၉၆၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ မြို့နယ် ၂၈၄ နယ်တို့၌ လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမ အသင်းပေါင်း ၁၂ ၁၇၇
ကို ဖွဲ့စည်းနိုင်ခဲ့၍ သမဝါယမ ကျေးရွာ ၁၁ သင်းနှင့် ပေါင်းလျှင် စုစုပေါင်း ၁၂ ၁၈၈ သင်း ရှိပေသည်။ အဓိက လုပ်ငန်းရပ်များမှာ -
၁) ငွေချေး လုပ်ငန်း
၂) သီးနှံ စုပေါင်း ရောင်းချရေး လုပ်ငန်း
၃) ကုန်သွယ်ရေး လုပ်ငန်း
၎) အသေးစား ကုန်ထုတ်လုပ်ငန်း - တို့ ဖြစ်သည်။
တောင်သူလယ်သမားများ၏ အခြေအနေ အစစ်အမှန်နှင့် တောင်သူလယ်သမားများ၏ ဆန္ဒ အစစ်အမှန်များကို
လေ့လာဆည်းပူးနိုင်ရန်နှင့် တောင်သူလယ်သမားများအား ဒီမိုကရေစီ အခွင့်အရေး အချို့ပေးရန် အတွက်
တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲများကို အောက်ပါအတိုင်း ကျင်းပခဲ့သည်။
၁) ၁၉၆၂ ခုနှစ် အုန်းတော
၂)၁၉၆၃ ခုနှစ် ဇန္နဝါရီလ ဒူးယား
၃) ၁၉၆၃ ခုနှစ် ဒီဇင်ဘာလ ပုပ္ပာ့း
၎) ၁၉၆၄ ခုနှစ် ခပေါင်း
၅) ၁၉၆၅ ခုနှစ် ကျိုက္ကဆံ
၆) ၁၉၆၆ ခုနှစ် ကျိုက္ကဆံ
၇) ၁၉၆၇ ခုနှစ် ကျိုက္ကဆံ
၈) ၁၉၆၈ ခုနှစ် ကျိုက္ကဆံ - တို့ ဖြစ်သည်။ ပြီးခဲ့သော ကျိုက္ကဆံ နှီးနှောဖလှယ်ပွဲများ၏ အနှစ်သာရများမှာ - (က) သီးစားခ ဖျက်သိမ်းရေးနှင့် (ခ) ပြည်သူ့တောင်သူလယ်သမား ကောင်စီ ဖွဲ့စည်းရေးတို့ပင် ဖြစ်သည်။
ထင်ရှားသော မြေယာဥပဒေ ၆ ရပ်မှာ -
၁) ၁၉၄၅ ခုနှစ် ငွေတိုး ချစားသူများ အက်ဥပဒေ
၂) ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လယ်ယာလုပ်ကိုင်သူတို့၏ ကြွေးမြီ သက်သာရေး အက်ဥပဒေ
၃) ၁၉၄၈ ခုနှစ် လယ်ယာ အလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေ
၎) ၁၉၅ဝ ပြည့်နှစ် သီးစားခ စံနှုန်း အက်ဥပဒေ
၅) သီးစားချထားရေး ဥပဒေများမှာ - (က) ၁၉၄၈ ခုနှစ် သီးစားချထားရေး အက်ဥပဒေ၊ (ခ) ၁၉၅၃ ခုနှစ် သီးစားချထားရေး အက်ဥပဒေ၊ (ဂ) ၁၉၅၄ ခုနှစ် သီးစား ချထားရေး (ပြင်ဆင်ချက်) အက်ဥပဒေ - တို့ ဖြစ်သည်။
၆) လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ - တို့ ဖြစ်သည်။
၁၉၆၂ ခုနှစ် မတ်လ ၂ - ရက်နေ့မှစ၍ ဗိုလ်နေဝင်း အစိုးရသည် အောက်ပါ ဥပဒေများနှင့် နည်းဥပဒေများကို
ပြဋ္ဌာန်း ခဲ့သည်။
၁) ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေ။
၂) ၁၉၆၃ ခုနှစ် သီးစားချထားရေး နည်းဥပဒေ။
၃) ၁၉၆၃ ခုနှစ် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ။
၎) ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ။
၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂ - တွင် လယ်ယာလုပ်ပိုင်ခွင့် ရရှိသော မည်သည့်သီးစားမဆို မြေရှင်အား သီးစားခ လုံးဝပေးရန်မလိုကြောင်း သတ်မှတ်ထားသည်။ သီးစားခ ဖျက်သိမ်း
ပေးခြင်းနှင့် လယ်လုပ်သူသာ လယ်လုပ်ပိုင်ခွင့် ရှိစေခြင်းတို့သည် မြေရှင်စနစ် ဖျက်သိမ်းသော ဆောင်ရွက်ချက် အဖြစ် ဖော်ပြသည်။ သို့သော် အစိုးရက နိုင်ငံတော် လက်ဝါးကြီးအုပ် မြေရှင်ကြီးစနစ်ဖြစ်ထွန်းလာခြင်းသာ အဖတ်တင်တော့သည်။
(အပိုင်း - ၉) အား ဆက်လက်ထုတ်ပြန်ပါမည်။
No comments:
Post a Comment