Tuesday, March 13, 2012

အာဆီယံ၏ ဒီမိုကရေစီ ချိန်ခွင်လျှာ မြန်မာနိုင်ငံ၌ အချိုးပြောင်းပြန်ပြီလော

ကာဝီ ချုန်ကစ်တာဝုန် (Kavi Chongkittavorn)


“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီသို့ ရှေးရှုချီတက်ရာ လမ်းက ကျဉ်းပါတယ်။ ဒါကြောင့် နောက်ပြန်လှည့်ဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။” သမ္မတ ဦး သိန်း စိန်က နိုဝင်ဘာလတွင် တွေ့ဆုံစဉ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အမေးကို ဤသို့ ပြန်လည် ဖြေကြား ခဲ့သည်။

သူ့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များက နောက်ကြောင်းပြန်မလှည့်နိုင်သည့် အခြေအနေ ရောက်ပါပြီလားဟု ကုလ အတွင်း ရေးမှူးချုပ်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ဤသို့ခက်ခဲလှသည့် အမေးကို ပြန်လည်ဖြေကြားပုံက ပါးနပ် ပညာသားပါသည်ဟု ဆိုရမည်။

မည်သည့်ရလဒ် ထွက်လာနိုင်မည်ကို မည်သူကမျှ တပ်အပ် ကြိုတင်မပြောနိုင်ပါ။ သမ္မတ၏ ဤမှတ်ချက်နှင့် ပြီးခဲ့သည့်အပတ်က လွှတ် တော်သို့ ပြောကြားခဲ့သည့် မိန့်ခွန်းများအရ ယခု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တုန့်ဆိုင်းသွားဖို့ အကြောင်းမရှိဟု ဖော်ပြ နေပါ သည်။ ယခု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုသာ ဆက်လက် တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်သွားနိုင်ဖို့ရန် အနည်းဆုံး ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံက အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌ တာဝန်ယူရမည့် အချိန်တိုင် ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် စိန်ခေါ်မှု အကြီးအကျယ် ရှိနေပါသေးသည်။

၁၉၉၈ ခုနှစ်တွင် လူထုအုံကြွမှုဖြင့် သမ္မတ ဆူဟာတိုကို ဖြုတ်ချပြီး အင်ဒိုနီးရှားနိုင်ငံတွင် ဒီမိုကရေစီပြောင်းခဲ့စဉ်က ဒေသ တခု လုံးသို့ ရိုက်ခတ် သက်ရောက်မှု ရှိခဲ့သည်။ ဒေသတခုလုံးတွင် ဆက်လက်၍ မတည်မငြိမ် ရိုက်ခတ် သက်ရောက်လာမည်လောဟု စိုးရိမ် နေခဲ့ကြ သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်၍လည်း ကမ္ဘာပျက်တော့မည့်အလား ဝေဖန်ပြောဆိုချက်များလည်း ထွက်ပေါ် လာခဲ့ သေးသည်။ နိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲလိမ့်မည်၊ သဘောထား တင်းမာသည့် အစ္စလမ်ဝါဒ ခေါင်းထောင်ပျံ့နှံ့လာလိမ့်မည်ဟုလည်း စောကြောခဲ့ကြသေးသည်။ ယနေ့ မိမိတို့ တွေ့မြင်သိရှိနေကြသလို ထိုအချိန်က မည်သူမျှ မသိရှိနိုင်ခဲ့ကြပေ။ နိုင်ငံရေးအရ တိုးတက်မှုများ ဖြစ်ပေါ်လာလိမ့်မည်၊ စစ်တပ်က နိုင်ငံရေးဝန်းကျင်မှ နောက်ဆုတ်သွားလိမ့်မည်၊ အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီစနစ်ကို တဖြည်း ဖြည်း ချင်း ခိုင်မာအသားကျအောင် လုပ်နိုင်ကြလိမ့်မည်ဟု မထင်မြင်မိခဲ့ကြပေ။ အာဆီယံ အဖွဲ့နှင့် ကမ္ဘာ့နိုင်ငံရေးတွင် အင်ဒိုနီးရှားနိုင်ငံ၏ သံ တမာန်ရေး အခန်းကဏ္ဍကိုလည်း အလားတူ မတွက်ဆထားမိခဲ့ကြ သည်မှာ အသေအချာပင် ဖြစ်သည်။ ဤသို့ အသိအမှတ်ပြုခံရသည့် အခြေ အနေမျိုး ရောက်လာဖို့ အင်ဒိုနီးရှား အစိုးရ အဖို့ ဒီမိုကရေစီစနစ်အတွင်း သက်ဆိုင်ရာ အင်အားစုအားလုံး ပါဝင်ပတ်သက် နိုင်ရန် ကောင်းမွန်သည့် ဝန်းကျင် အခြေအနေတရပ်ကို ဖန်တီးထိန်းသိမ်းထားခဲ့ရသည်။ ဒေသဆိုင်ရာ ဥပဒေပြုသူများ၊ အရပ်ဖက် လူမှုအဖွဲ့အ စည်း များနှင့် သတင်းမီဒီယာများကလည်း သူတို့ကျရာတာဝန်ကို တတ်စွမ်းသမျှ ဖြည့်ဆည်း ထမ်းဆောင်ခဲ့ကြပါသည်။ ခလုတ်ကန် သင်းများ ဟိုမှာသည်မှာ ရှိခဲ့ကြသလို ရံဖန်ရံခါဆိုသလို ၎င်းလုပ်ငန်းစဉ်များကို တားဆီး ဟန့်တားခဲ့ကြသည် လည်း ရှိပါသည်။ သို့သော် လည်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုက ငြင်းဖွယ်ရာမရှိ တသမတ်တည်း ရှေ့သို့ တိုးတက်လာ နေခဲ့ ပါသည်။ ယခု အခါ ဒီမို ကရေစီ စနစ် က အင်ဒိုနီးရှား လူမှုအသိုင်းအဝိုင်း၏ သွေးသားဝိဉာဉ်ထဲ စိမ့်ဝင်စီးမျောခဲ့ပြီဖြစ်သည်။

သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံအဖို့ အာဆီယံအဖွဲ့ထဲတွင် မှတ်မိ အသိအမှတ်ပြုရလောက်အောင် ဘာလီ ၂ဝဝ၃ ခုနှစ် အဖွဲ့၏ ၉ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကျင်းပချိန်မှစ၍ ၅ နှစ်မျှ ကြိုးပမ်းရုန်းကန်ခဲ့ကြရသည်။ အမှန်အတိုင်း ဆိုရလျှင် အင်ဒိုနီးရှားနိုင်ငံသည် တချိန်က အာဆီယံ အဖွဲ့အတွင်း ရယ်ပွဲဖွဲ့စရာ သတ္တဝါသာသာမျှ ရှိခဲ့သည်။ အကြိမ်တိုင်းဆိုသလို သူ့ကြောင့် ဆုံးဖြတ်ချက်ချရမည့် လုပ်ငန်းစဉ်များ နှောင့်နှေးခဲ့ရဖူးသည်။ သို့သော် လည်း ထိုနှစ်က ဂျာကာတာ အစိုးရ၏ ခေါင်းဆောင်မှုနှင့် ဆုံးဖြတ် ချက်ခိုင်ကြည်မှုကြောင့် အာဆီယံအဖွဲ့သည်လည်း ပို၍ ဒီမိုကရေစီကျသည့် လမ်းကြောင်းပေါ် လျှောက်လှမ်းလာနိုင်ခဲ့သည်။ အဖွဲ့ဝင်နိုင် ငံများအဖို့ နောက်ထပ် အပိုဆောင်း သန္နိဋ္ဌာန်ပြုရန် အချက်များကို တောင်းဆိုခဲ့ကြသလို ပိုမိုပွင့်လင်းသည့် နယ်ပယ်၊ ပို၍ ဒီမိုကရေစီ ကျယ်ပြန့်ပြောသည့် အနေအထား ဖြစ်လာစေရေးအတွက် တန်ဖိုးများ၊ စံနှုန်းများကို မြှင့်တင်စွမ်းဆောင်နိုင်ခဲ့ကြသည်။

ကျနော်တို့ မေ့ထား၍မရနိုင်သည့် အဖြစ်လည်းရှိသေးသည်။ အင်ဒိုနီးရှားနိုင်ငံက အရှေ့တီမောနှင့် အာချေး ဒေသနှစ်ခုလုံးရှိ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ အာဆီယံအဖွဲ့ဝင်များကို ဖိတ်ခေါ်၍ ဝင်ရောက် ပတ်သက်စေခြင်း အားဖြင့် အဖွဲ့ကြီးအတွင်း ရှိနေခဲ့သည့် တဦး၏ပြည်တွင်းရေးကို တဦးက ဝင်ရောက်မစွက်ဖက်ရေးဟူသည့် မူကိုလည်း ကျိုးပေါက် လမ်းပွင့်စေခဲ့ပါသည်။ ဂရိပုံပြင်ထဲမှ ပန်ဒိုရာ သေတ္တာကို ဖွင့်လိုက်သည့်နှယ်ဟု တင်စားဆိုရပေလိမ့်မည်။ မြန်မာနိုင်ငံတွင်လည်း နာဂစ် ဆိုက်ကလုန်းမုန်တိုင်း တိုက်ခတ် ဖျက်ဆီး ပြီး နောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် အာဆီယံအဖွဲ့ အပါအဝင် ၃ ပွင့်ဆိုင် ဗဟိုအဖွဲ့ကို ပင်မထား ဦးဆောင်စေကာ လုပ် ငန်းသဘောအရသေးငယ်သည် ဆိုရမည် ဖြစ်သော်လည်း အရေးကြီးသည့် အခြေအနေတရပ်ကို ချမှတ်လုပ်ဆောင်နိုင်ခဲ့ကြပါသည်။

၂ဝဝ၃ ခုနှစ်၊ ဘာလီကွန်ကော့ ၃ သဘောတူညီချက် (Bali Concord III) မှ စတင်၍ ၎င်းစာချုပ်က အာဆီယံအဖွဲ့ အတွက် ပြင်ပသို့ လှမ်း မျှော်ကြည့်သော အခြေခံပြဋ္ဌာန်းချက် ပုံစံတခု ဖြစ်လာခဲ့သည်။ ထို့နောက် အာဆီယံ ပဋိဉာဉ် စာတန်း၊ ထောက်တိုင် ၃ ခု (နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေး နှင့် လူမှုရေး-ယဉ်ကျေးမှု) ပါဝင်သော အာဆီယံ လူမှုအသိုက်အဝန်းအတွက် လမ်းပြမြေပုံ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း ဖွဲ့စည်းရသည်များ ဆက်၍ တိုးတက်ဖြစ်ပေါ်လာစေခဲ့သည်။ ဤ ရလဒ်များကြောင့်အပြင် ပြီးခဲ့သည့်နှစ်က တတိယ အကြိမ် အဖြစ် အာဆီယံအဖွဲ့ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်အခါ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတကာဂုဏ်သိက္ခာလည်း သိသိသာသာ မြင့်မာားလာခဲ့ရသည်။ အာဆီယံအဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်ရသည့် အရေးပါမှုကို သိမြင်နားလည် သည့် အတွက် ကြောင့် လည်း ဂျာကာတာရှိ အင်ဒိုနီးရှားအစိုးရက ၂ဝ၁၃ ခုနှစ်တွင်မှ အလှည့်ကျမည့်အရေးကို ၂ နှစ် ကြိုတင်စော၍ ၂ဝ၁၁ ခုနှစ်တွင် မဟာဗျူဟာကျကျ ရယူကျင်းပခဲ့သည်။ တဖက်တွင်လည်း လာမည့်နှစ် ဘာလီတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့် အေပက် (APEC) ထိပ်သီး အစည်းအဝေးနှင့် တိုက်ဆိုင်နေမည့်အရေး ရှောင်လွှဲ လိုသောကြောင့်လည်း ဖြစ်သည်။

မမှားမယွင်း ဆိုနိုင်သည့်အချက်မှာ ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးလာမှုနှင့် လွတ်လပ်ပွင့်လင်းလာမှုကြောင့်သာ အင်ဒိုနီးရှား နိုင်ငံအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာပေါ်တွင် အင်အားဂုဏ်သိက္ခာ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ဆက်လက်၍ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်း နေသည် နှင့်အမျှ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်လာတော့မည် ဖြစ်သည်။ ယခုအခါ အင်ဒိုနီးရှားပုံစံ ဒီမိုကရေစီဟုပင် ဝါကြွားနေရာယူရန် ယုံကြည်မှုရှိနေပြီ ဖြစ်သည်။ သူတို့က တောင်ကမ္ဘာခြမ်း နိုင်ငံအချင်းချင်း အလေးပေးချဉ်းကပ်မှုကို ကျင့်သုံးနေပြီး အစိုးရစနစ်နှင့် ဒီမိုကရေစီ အဖွဲ့အစည်း အင်စတီကျူးရှင်း အကောင်းဆုံး ရှိစေမည်ဟုလည်း ကြွေးကြော်ထားကြသည်။ ဘာလီ ဒီမိုကရေစီဖိုရမ်၏ အောင်မြင်မှုအပေါ် အခြေခံ၍ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးတခုကိုပင် ယခုနှစ်ကုန်ပိုင်း တွင် ကျင်းပ ဦး တော့မည် ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ အတွေ့အကြုံက ဒီမိုကရေစီရေး လိုလားချက်များကို ပေါ်ထွန်းလာစေခြင်းဖြင့် ခံစားရမည့် အကျိုး ရလဒ်များကို ထင် ရှားမြင်သာစွာ ပြသနေပါသည်။ မြန်မာနိုင်ငံဆိုလျှင် လွန်ခဲ့သည့် လအနည်းငယ်တိုင် လူသူ မဆက်ဆံလိုသည့် အထီးကျန်နိုင်ငံ ပုံရိပ်ဖြင့် ရှိနေခဲ့သေးသလို အသစ်နှင့် အဟောင်းသော ဘက်စုံစိန်ခေါ်မှု ပြဿနာ များကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် လေ့လာမှုများ ပြုဖို့လည်း လိုအပ်နေသေးသည်။ သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရက တိုင်းရင်းသား လူနည်းစုများနှင့် ပြန်လည်သင့်မြတ် ရင်ကြား စေ့ရေး၊ ကျန်ရှိနေသည့်နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေး၊ မလျော်ကန်သည့် နျူကလီယာ အိပ်မက်ကို နိဂုံးချုပ် အဆုံး သတ်ရေး.. စသည့် ရှုပ်ထွေးပွေလီသည့် ပြဿနာများကို အတိတ်ကာလက ကျင့်သုံးခဲ့သလို ဓာတ်ကြမ်းတိုက် ဆေးခါးကြီး နည်းမျိုး မ ဟုတ်ဘဲ ဖြေရှင်းကိုင်တွယ်နိုင်ပါကြောင်း ပြသဖို့ရန် လိုအပ်နေသည်။ ပြောရမည်ဆိုလျှင် အကျယ်အပြန့် သော ကမ္ဘာကြီး တခုလုံးက လူ နည်းစုတိုင်းရင်းသားများ၊ ရဟန်းသံဃာတော်များနှင့် သာမန်ပြည်သူများအပေါ် အကြမ်းဖက်ခဲ့မှုများကို ယခုတိုင် လတ်လတ်ဆတ်ဆတ် အမှတ်တရ ရှိနေကြဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အသစ် သော စိန်ခေါ်မှုပြဿနာများတွင် ဒေသဆိုင်ရာနှင့် ကမ္ဘာစီးပွားရေး စနစ်ထဲသို့ ပေါင်းစည်းနိုင်ရေး၊ သတင်းနည်းပညာ (IT)- လူမှုမီဒီယာ တော်လှန်ရေးကို ဇက်ကြိုးထိန်းချုပ် အသုံးပြုနိုင်ရေး စသည့် ကိစ္စများလည်း ရှိနေသေးသည်။ အာဆီယံထိုင်ခုံတွင် ဥက္ကဋ္ဌယူပြီးနောက်ပိုင်း မရှေးမနှောင်းမှာပင် အာဆီယံလူမှု အသိုက်အဝန်းကို စတင် အကောင် အ ထည်ဖော်ရတော့မည် ဖြစ်ရာ နေပြည်တော်ရှိ အစိုးရအနေဖြင့် ၂ဝ၁၅ တွင် စတင်လာမည့် အခြေအနေသစ်အတွက် သင့်လျော် မှန်ကန် သောအစပျိုးကို ဆောင်ရွက်ရန်လည်း လိုအပ်နေပါသည်။

နည်းလမ်းတခုတည်း မဟုတ်။ နည်းလမ်းများစွာ ရှိနေပါသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်မှုနှင့် ဒီမိုကရေစီကို မြှင့်တင် တိုးတက် စေခြင်း ဖြင့် အာဆီယံအဖွဲ့နှင့် ပို၍ကျယ်သည့် ကမ္ဘာတလွှားတွင် နိုင်ငံကို သိက္ခာရှိရှိ ပြန်၍ရပ်တည်နိုင်စေရန် အလျှင်အမြန် ဆောင်ရွက်နိုင် ပါ သည်။ ယခုဖြစ်ပေါ်တိုးတက်မှု လမ်းကြောင်းသာ အစစ်အမှန်နှင့် မတိမ်းမစောင်း သွားနိုင်ပါက မြန်မာနိုင်ငံအနေဖြင့် ဒေသဆိုင်ရာအဖွဲ့ကြီး၏ ရှေ့ဆောင်လမ်းပြလည်း ဖြစ်နိုင်ပါသေးသည်။ ဤသို့ အာဆီယံအဖွဲ့ကြီးကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်ရန် ရက်ပေါင်း ၆၆ဝ မျှသာ ကျန်ပါတော့သည်။ ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ က အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် အချိန်သည် အာဆီယံ အစိုးရများအကြား လူ့အ ခွင့်အရေးဆိုင်ရာ ကော်မရှင်ပြဋ္ဌာန်းချက်များ [the terms of reference of the Asean Intergovernmental Commission for Human Rights (AICHR)] ပြန်လည် သုံးသပ်ရေး ဆွဲကြရမည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံက အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ထူထောင်ခဲ့သည်။ ယခုကာလ တွင် လုပ်ငန်းများ မလည်ပတ်နိုင်သေးသော်လည်း ဤသို့ တည်ရှိနေမှုက အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများ အနေဖြင့် လည်း လိုက်ပါလုပ်ဆောင်ကြရန် ဖိ အားသဖွယ် သက်ရောက်နေစေပြီ ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့်အ တူ ယခုအရှုပ်အထွေး နှင်းမြူကြားထဲတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို မည်သို့မည်ပုံ ပဲ့ကိုင်ဦးဆောင်သွားမည် ဆိုသည် ကို လည်း ဆက်၍ စောင့်စား ကြည့်ရှုရဦးတော့ မည် ဖြစ်သည်။ ယခင် စစ်အစိုးရက ဤသို့ ကြိုးပမ်းမှုမှန်သမျှကို တချိန်က ငြင်းပယ်ခဲ့ သည် ချည်းသာ ဖြစ်သည်။

ဥပမာဖော်ပြရလျှင် အာဆီယံ လူ့အခွင့်အရေးကော်မရှင် (AICHR) ဖွဲ့စည်းမှုဆိုင်ရာ သဘောတူညီချက် အနှစ်သာရ များကို ၂ဝဝ၉ ခုနှစ် တွင် ဆွေးနွေးရေးဆွဲခဲ့ကြရာ ထိုအချိန်က မြန်မာနိုင်ငံကို အပစ်ပယ်ခံနိုင်ငံတခုဟုသာ သတ်မှတ် ထားခဲ့ကြပြီး ယခု ဖြစ်ပေါ် လာသည့် မြန်မာနိုင်ငံနှင့် အာဆီယံ၏ အခြေအနေအသစ်အရ ပြန်လည်ပြင်ဆင်မွမ်းမံမှု များ ပြုကြရဦးတော့မည် ဖြစ်သည်။

ပြန်ပြောင်းကြည့်ရမည်ဆိုလျှင် မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာ ခေတ်ပြိုင် အရှေ့တောင်အာရှ နိုင်ငံများသမိုင်းတွင် အလားတူ ဖြစ်ရပ် မျိုး မရှိခဲ့ဖူးချေ။ ထူးထူးခြားခြား ဖြစ်သည်။ အင်ဒိုချိုင်းနားစစ်ပွဲ အပြီးတွင် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘော ဒီးယားတို့က သူတို့နိုင်ငံအတွင်း အပြောင်းအလဲများကို ဖြည်းဖြည်းချင်း ဆောင်ရွက်ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံက ပို၍ကံကောင်းသည်ဆိုရမည်။ ၁၉၉၁ ခုနှစ် ပြည် တွင်းစစ် နိဂုံးချုပ်ပြီးနောက်ပိုင်းတွင် ကုလသမဂ္ဂက နိုင်ငံခေါင်းဆောင်များ၏ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို အလုံးအရင်း အကူအညီပေးခဲ့ကြသည်။

သိသာထင်ရှားသည့် အောင်မြင်မှုများမှာ ဒီမိုကရေစီ နယ်ပယ်ပိုမို ကျယ်ဝန်းပေါ်ထွန်း၍ အခွင့်သာလာခြင်းနှင့် အခြား အာဆီယံအဖွဲ့ဝင် သစ် နိုင်ငံများနှင့်စာလျှင် တင်းကြပ်ချုပ်ချယ်မှု နည်းပါးသော သတင်းမီဒီယာရပ်ဝန်း ပေါ်ထွန်း လာနေခြင်း ဖြစ်သည်။ ယခုအခါဆွေးနွေး ငြင်းခုန်မှုများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ထိတွေ့ဆောင်ရွက်နိုင်မှုများ ရှိလာခဲ့ပြီ ဖြစ်သည်။ နှိုင်းယှဉ်ချက်အရဆိုရလျှင် မြန်မာနိုင်ငံ၏ လက်ရှိကြိုးပမ်းဆောင်ရွက်မှုသည် ဆက်လက် လုပ်ဆောင်ရန် များစွာကျန်ရှိနေသေးသည်ဟု ဆိုရမည့်တိုင် ပြုပြင် ပြောင်းလဲမှု ဆောင် ရွက်ခဲ့သည့် အတိုင်းအဆမှာ အာဆီယံအဖွဲ့ဝင်သစ်များ ပြီးခဲ့သည့် နှစ် ၃ဝ တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည်ထက် များစွာ သာလွန် နေ သည်ကို တွေ့ရသည်။

ယခုအခါ ပြင်ဆင်နေကြသည့် သတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဥပမာပေး ဖော်ပြရတော့မည် ဖြစ်သည်။ များ မ ကြာ မီတွင် သတင်းမီဒီယာဥပဒေတခုကို စတင်ပြဋ္ဌာန်းတော့မည် ဖြစ်ပြီး ယခင် ၁၉၆၂ ခုနှစ်ကစ၍ သတင်းမီဒီယာများကို နှိပ်ကွပ် ထား သည့် ယန္တယား စနစ်များကိုလည်း နိဂုံးချုပ်စေတော့မည် ဖြစ်သည်။ ယခု ဥပဒေ ကြမ်းရေးဆွဲရာတွင် လျှို့လျှို့ဝှက်ဝှက် ဆန်နေသော ကြောင့်လည်း ပြည်တွင်း ပြည်ပရှိ သတင်းမီဒီယာလောကသား များက အကြီးအကျယ် သံသယ ရှိနေကြသေးသည်။ယခု ဥပဒေ သစ် ကြောင့် အမှန်တကယ် လွတ်လပ်ခွင့်များဖြစ်ပေါ်နိုင်ပါမည်လောဟုလည်း ဝေဖန် ဆန်းစစ်နေကြသည်။

အစိုးရ ကျွမ်းကျင်သူများက UNESCO/ UNDP စသည့် ကုလသမဂ္ဂ အေဂျင်စီများ အပါအဝင် နိုင်ငံရပ်ခြားရှိ မိတ်ဖက် အင်အားစုများနှင့် တိုင်ပင်အကြံရယူနေကြပြီး လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းအချက်အလက်များ လွတ်လပ်စွာ ရယူနိုင်မည့် မူဘောင်တခု ထွက်ပေါ်လာစေရေး ရေးဆွဲပြင်ဆင်နေကြသည်။ လူအများက သံသယ ရှိနေကြဆဲ ဖြစ်စေကာမူ လွတ်လပ်သော လူမှုလူ့ဘောင် ဖောင် ဒေးရှင်း (Open Society Foundation)၊ နိုင်ငံတကာ သတင်းမီဒီယာ ပံ့ပိုးရေး (International Media Support) နှင့် အင်တာနယူးစ် (Internews) စသည့် နိုင်ငံတကာ အလှူရှင်များက ရှင်သန်လှုပ်ရှားနေသော ဒေသခံ သတင်းမီဒီယာသမားများကို အရည်အသွေးမြှင့် ကူ ညီ ပေးရန်ရောက်လာနေကြပြီ ဖြစ်သည်။ သတင်းမီဒီယာ လွတ်လပ်ပွင့်လင်းလာသည့် အခြေအနေကို အခွင့်ကောင်းယူ၍ နယူး ဒေလီ အ ခြေစိုက် မဇ္ဈိမသတင်းဌာန၊ ချင်းမိုင်အခြေစိုက် ဧရာဝတီသတင်းဌာန၊ နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) အပါ အ ဝင် မြန်မာ နိုင်ငံ ပြည်ပရှိ အတိုက်အခံ သတင်းမီဒီယာကြီးများ၊ အယ်ဒီတာများကလည်းမြန်မာနိုင်ငံသို့ အလည်အပတ် ပြန်လာနေကြပြီ ဖြစ်သည်။

မဇ္ဈိမ သတင်းဌာနအနေဖြင့်လည်း နိုင်ငံတွင်း ပြန်လည်အခြေချ၍ အသွင်ကူးပြောင်းရေး အခြေအနေ တရပ်ကို ဖြတ်သန်း နေပြီ ဖြစ် သည်။ ဒီမို ကရက်တစ် မြန်မာ့ အသံ (DVB) ကလည်း ထုတ်လွှင့်ခွင့်လိုင်စင် ရရှိရန် ဆွေးနွေးညှိနှိုင်း နေသည်ဟု ဆိုသည်။ ဤသို့ ဖြစ် ပေါ်တိုးတက်နေမှုများက ဗီယက်နမ်၊ လာအိုနိုင်ငံရှိ ဖြစ်ပေါ်တိုးတက်မှုများနှင့်လည်း ချိန်ထိုးကြည့်နိုင်သည်။ ဤနိုင်ငံများတွင်လည်း ပြည် ပအခြေစိုက် သတင်းမီဒီယာအုပ်စုများက ပြန်လာကြပြီး သူတို့ စွမ်းနိုင်သမျှဖြင့် အခြား ရွေးချယ်စရာ အသံများ ကြားနိုင်စေရန် အားထည့် ဆောင်ရွက်နေကြသည်။ ပြည်ပရှိ မြန်မာ သတင်းမီဒီယာများတွင် လွတ်လပ် ပွင့်လင်းသည့် တွေးခေါ်မြော်မြင်မှု ရှိနေသည်။ လုံလောက် သော ပိုင်းခြားနိုင်စွမ်း၊ စုံစမ်းဖော်ထုတ်နိုင်စွမ်း အရည်အသွေးများ ရှိနေရာ စောင့်ကြည့်သည့်လုပ်ငန်းကို ဆောင်ရွက်နိုင်ပေလိမ့်မည်။ ထို့အပြင် ပြည်တွင်းရှိ သတင်းမီဒီယာများကိုလည်း လေ့ကျင့်ပေးနိုင်လိမ့်မည် ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများအရ တစတစနှင့် သွေးတိုးစမ်း လုပ်ဆောင်နေသမျှ ကာလ ပတ်လုံး အမှန်တကယ် ပြုပြင်ပြောင်းလဲရေး မဖြစ်ပေါ်နိုင်ပါ။ အပြောင်းအလဲကို ဘက်စုံရွက်စုံ ဆောင်ရွက်ရမည်ဖြစ်ပြီး ရေရှည် တစိုက်မတ်မတ် တည်တံ့အောင် ဆောင်ရွက်ရမည်လည်း ဖြစ်သည်။ သို့မှသာ သက်ဆိုင်နေသူ အင်အားစု အားလုံးက သူတို့ ကိုယ်ပိုင် ပိုင်ဆိုင်သည့် အပြောင်းအလဲအဖြစ် နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ကာ ပါဝင်ဆောင်ရွက်ကြလိမ့်မည် ဖြစ်ပေသည်။

(Kavi Chongkittavorn သည် ဘန်ကောက်အခြေစိုက် The Nation သတင်းစာမှ ပင်တိုင်ဆောင်းပါရှင် တဦး ဖြစ်သည်။ Kavi Chongkittavorn ရေးသားသည့် In Burma, another swing of Asean’s democratic pendulum ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြ ပါသည်။)

No comments: