Tuesday, April 3, 2012

ကော့မှူးသမိုင်း မရိုင်းခဲ့ပါ


ဧပြီ ၁ ရက်၊ ဝါသင်္ခကျေးရွာရဲ့ မနက်ခင်းဟာ စောစောစီးစီး လှုပ်ရှားတက်ကြွနေပါတယ်။ မနေ့က ညနေကတည်းက ရွာထဲကို ရောက်နေ ကြတဲ့ နိုင်ငံတကာက မီဒီယာတွေ၊ ပြည်တွင်းမီဒီယာတွေက သတင်းထောက်တွေ၊ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ဖို့ ရောက်နေ သူ တွေဟာ ရောင်နီမလာခင် မနက် ၄ နာရီလောက်ကတည်းက တည်းခိုရာ ရွာဦး ဘုန်းကြီးကျောင်းနဲ့ ရွာထဲက အိမ်တွေကနေ အလျှိုလျှို ထွက်လာကြပါတယ်။ သူတို့ဟာ ကော့မှူးမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည် တည်းခိုနေထိုင်တဲ့ နှစ်ထပ်အိမ် ရှေ့မှာ တချို့၊ ဝါးသိင်္ခကျေးရွာ မဲရုံအမှတ် ၁ ရှိရာ မူလတန်းကျောင်းလေး ရှေ့မှာ တချို့ အသီးသီး နေရာယူထား ကြပါတယ်။

မနက် ၆ နာရီ မဲရုံဖွင့်ချိန်မှာတော့ ကရင်တိုင်းရင်းသား ဝတ်စုံဝတ် ရွာသူရွာသားအချို့က မဲပေးဖို့ မဲရုံကို ထွက်လာကြ ပါတယ်။ မဲရုံရှေ့က သတင်းထောက်တွေ လှုပ်လှုပ်ရှားရှား ဖြစ်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည် တည်းခိုအိမ်ရှေ့က သတင်းထောက်တွေကတော့ ခြံစည်းရိုးတန်း အပြင်ဘက်ကနေ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြပါတယ်။ ကိုယ်ရယူထားတဲ့ နေရာက အဆင်ပြေပါ့မလား၊ ဒေါ်အောင်ဆန်း စုကြည် ထွက်လာတဲ့အခါ သတင်းဓါတ်ပုံကောင်းကောင်း ရိုက်ယူနိုင်ပါ့မလား၊ NLD လုံခြုံရေးတွေ များတဲ့အတွက် ဓါတ်ပုံကို ရှင်းရှင်း လင်းလင်း ရနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ဟိုဘက်ဒီဘက် နေရာရွှေ့လိုက်၊ ကင်မရာ ထရိုင်ပေါ့တွေကို ဆင်လိုက်နဲ့ ကိုယ်စီ ဗျာများ နေကြပါတယ်။

နိုင်ငံတကာ သတင်းဌာနတွေဖြစ်တဲ့ CNN, Fox News, Algerzia, The Nation စတဲ့ သတင်းဌာနတွေရဲ့ ကင်မရာမန်း နဲ့ လိုက်ဖ် ရီပို့တာ တွေဟာ အချိန်နဲ့ တပြေးညီ သတင်းလွှင့်တင်နိုင်ဖို့ အဆင်သင့် စောင့်ဆိုင်းနေပါတယ်။ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ တိုင်းရင်းသား ဝတ်စုံပြည့် ဝတ်ထားသူတွေကို အလွတ်မပေးတမ်း မှတ်တမ်း ရိုက်ယူကြပါတယ် ။ အချိန်လင့်လာတာနဲ့ အမျှ ရွာသူရွာသားတချို့က လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တည်းခိုအိမ်ရှေ့ကို စုဝေးလာကြ ပါတယ်။

ဝါသင်္ခကျေးရွာသူ ရွာသားတွေဟာ ဒီလိုအခြေအနေမျိုးကို ဘယ်လိုမှ မျှော်လင့်ခဲ့ဖူးမှာ မဟုတ်ပါဘူး။ “သူလာမယ် ဆိုတော့ ပထမတော့ ယုံလည်း မယုံဘူး။ လာလည်း လာစေချင်တယ်၊ ဒီရွာက ရွာသားတယောက်က သူ့အဘနဲ့ လုပ်ဖော်ကိုင်ဘက်မို့လို့ ဒီရွာကို လာတယ်လို့ ပြောကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ပျော်တယ်” လို့ ဝါသင်္ခကျေးရွာသား ကရင်တိုင်းရင်းသား တဦးက အသံဝဲဝဲ ဂုဏ် ယူဝင့်ကြွားစွာနဲ့ ပြောပါတယ်။

ကော့မှူးမြို့နယ်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်နဲ့ အနီးစပ်ဆုံး တည်ရှိပေမယ့် တကယ့် တောကျေး လက်မြို့လေး တမြို့လို နှစ်ပေါင်း များစွာ ရှင်သန် ခဲ့ရ ပါတယ်။ အဲဒီ ကော့မှူးမြို့နယ်ကနေ ၁၅ မိုင်လောက် ထပ်ဝေးတဲ့ ဝါသင်္ခကျေးရွာကတော့ လယ် လုပ်ငန်း၊ ဝါးခြံလုပ်ငန်းတွေနဲ့ပဲ အသက်မွေးရတဲ့ ရွာငယ်လေး တရွာပါပဲ။ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာ ဝါသင်္ခနဲ့ မဆိုင်ပါဘူး။ အင်တာ နက်၊ အီးမေးလ်၊ ဆိုရှယ်လ် ဝက်ဘ်ဆိုဒ်ဆိုတာတွေကို ဝါသင်္ခသူ၊ ဝါသင်္ခသားတွေ မသိပါဘူး။ ဝါသင်္ခမှာ ကား မရှိပါဘူး။ ဆိုင်ကယ် ကိုယ် ပိုင်ရှိသူ အိမ်ထောင်စုဟာ လက်ချိုးရေလို့ ရပါတယ်။ လယ် ၆ ဧက ပိုင်ရင် ဝါသင်္ခရွာမှာ သူဌေးစာရင်းဝင်ပါ။ အဲဒီလိုရွာလေးဟာ ခုအ ချိန် မှာတော့နိုင်ငံတကာ မီဒီယာကြီးတွေရဲ့ စိတ်ဝင်စားမှုနဲ့ တကမ္ဘာလုံးက ပြည်သူတွေသိတဲ့ ဝါသင်္ခ ဖြစ်နေပါပြီ။

ဝါသင်္ခရဲ့ ရွာလယ်လမ်းဟာ ဖေဖေါ်ဝါရီလတုန်းက ဒေါ်အောင်ဆန်းစုကြည် လာရောက်ပြီးတဲ့နောက် ကွန်ကရစ်လမ်း ဖြစ်နေ ပါပြီ။ ကော့ မှူး မန်ကျည်းကန် လမ်းခွဲ ကနေ ခွဲထွက်လာတဲ့ ဝါသင်္ခလမ်းဟာ မြေနီလမ်းပေမယ့် ကျယ်ကျယ် ဝန်းဝန်း ပြန့်ပြန့်ပြူးပြူး ရှိနေပါပြီ။ နောင် ဘယ်လို တိုးတက်လာမယ်ဆိုတာ မသိသေးပေမယ့် ခုလက်ရှိမှာတော့ ညအိပ်လာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါ သ တင်းယူတဲ့ သတင်းထောက်တွေ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေရဲ့ စာရေးသောက်ရေး၊ တည်းခိုရေးအတွက် တချို့ ရွာထဲက အိမ်တွေကို ငှားရမ်း တည်းခိုကြသလို၊ တချို့က ရွာဦး ဘုန်းကြီးကျောင်းမှာ တည်းခိုကြပါတယ်။ တချို့ကတော့ ကားတွေပေါ်မှာပဲ ဖြစ်သ လို အိပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တည်းခိုအိမ်နဲ့ မနီးမဝေးမှာ ဖွင့်ထားတဲ့ ထမင်းဆိုင်လေးကတော့ တော်တော်ပဲ အလုပ်ဖြစ် ပါတယ်။ ရေသန့်နဲ့ အအေးဘူးတွေလည်း ရောင်းမလောက် ဖြစ်ခဲ့ပါတယ်။

ဝါသင်္ခကျေးရွာ မဲရုံ အမှတ် ၁ ကို ဝင်ကြည့်ပြီးတော့ တခြားရွာတွေက မဲရုံတွေကို ဝင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ယာဉ်တန်း ဟာ ဝါသင်္ခကျေးရွာကနေ မနက် ၇ နာရီခွဲလောက်မှာ ထွက်ခွာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းနဲ့ အတူ သတင်းထောက် တွေကလည်း ကားတွေ ဆိုင်ကယ်တွေနဲ့ လိုက်ကြပါတယ်။ တချိန်လုံး တိုက်ရိုက် သတင်းလွှင့်နေတဲ့ CNN သတင်းဌာနဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ယာဉ်တန်းနောက်ကို အမီလိုက်နေရတဲ့အတွက် အဲဒီအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်မှု ၁၅ မိနစ်လောက် အဆက်ပြတ် သွားတယ်လို့ ကော့မှူးမြို့ ဒေသခံတဦးက ပြောပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း ဖြတ်သန်းတဲ့ လမ်းတလျှောက်မှာ ဒေသခံတွေ တန်းစီပြီး နှုတ်ဆက်ကြပါတယ်။ “အမေစု ကျမ်းမာ ပါစေ၊ အမေစု နိုင်ရမည်” ဆိုတဲ့ ကြွေးကြော်သံတွေကလည်း ညံနေပါတယ်။ မြေလမ်းတွေ ဖြစ်တဲ့ အတွက် ယာဉ်တန်းနောက်မှာ ဖုန်တွေ အလိပ်လိပ် ထကျန်ရစ်ခဲ့ပါတယ်။ ငှက်အော်စမ်း ကျေးရွာ မဲရုံကို ရောက်ချိန်မှာတော့ သတင်း ထောက်တွေ တော်တော် အဆက်ပြတ် ကျန် ရစ်ခဲ့ပါပြီ၊ ငှက်အော်စမ်းမှာ ဒေါ်အောင်ဆန်းစုကြည်က မဲလာပေးတဲ့ မဲဆန္ဒရှင်တွေနဲ့ တော်တော်ကြာအောင် နှုတ်ဆက် စကားပြော ပါတယ်။ “အမလေး… အာဘွားတောင် ပေးခဲ့သေး တယ်တော့။ ဟယ်တော် ဝမ်းသာ နေတာနဲ့ မဲပေးဖို့တောင် မေ့လာတယ်” ဒေါ်အောင် ဆန်းစုကြည်ရဲ့ ယာဉ်တန်း ပြန်လည် ထွက်ခွာချိန်မှာ ငှက်အော်စမ်း ကျေးရွာသူတွေ အချင်းချင်း ပြောဆိုနေကြတဲ့ အသံတွေဖြစ်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်က ကျေးရွာမဲရုံတွေကို လိုက်လံကြည့်ရှုနေချိန်မှာ ကော့မှူးမြို့နယ်ထဲက မဲရုံတွေမှာလည်း အသံတွေ အမျိုးမျိုးကြားနေရပါပြီ။ ဘယ်မဲရုံက အမှန်ခြစ်လို့ မရအောင် ဖယောင်းသုတ်ထားတယ်၊ ဘယ်မဲရုံကတော့ မဲရုံမှူးကိုယ်တိုင်က ပြည်ခိုင် ဖြိုးကို မဲပေးဖို့ မဲဆွယ်နေတယ်၊ ဘယ်မဲရုံက မဲရုံမှူးလက်မှတ်ပဲ ပါပြီးတော့ တံဆိပ်တုံး မပါဘူး စသည်ဖြင့် သတင်းတွေ အမျိုးမျိုး ဖြစ်ပေါ် နေပါတယ်။ ကော့မှူးသူ၊ ကော့မှူးသားတွေက သတင်းတွေနဲ့တင် ဒေါသ တွေ ထွက်နေကြ ပါပြီ။ လက်ဘက်ရည် ဆိုင်တွေ၊ ဆိုက္ကား ဂိတ် တွေမှာ စုရုံး စုရုံး လုပ်ပြီး ဖယောင်း အကြောင်း၊ တံဆိပ်တုံး အကြောင်း အသံကျယ်ကျယ်နဲ့ ပြောဆို ကန့်ကွက်နေကြပါပြီ။

မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးအတွင်းမှာတော့ အသားညိုညို အရပ်ရှည်ရှည် ပိန်ပိန်၊ မျက်လုံး မီးခိုးရောင် ရှိပြီး သဘော ကောင်းပုံပေါက်တဲ့ ကော်မရှင် ဥက္ကဋ္ဌ ဦးသင်းရွှေဟာ တယ်လီဖုန်းတစလုံးနဲ့ အလုပ်ရှုပ်နေပါတယ်။ ဘယ်မဲရုံမှာ ပြည်ခိုင်ဖြိုးက ဘယ်လို၊ ဘယ်မဲရုံမှာ NLD က ဘယ်လိုနဲ့ ဆက်လာသမျှ တိုင်ကြားမှုတွေကို ဒိုင်ခံဖြေရှင်း နေယုံ မက ပြဿနာ ကြီးတယ် ထင်ရတဲ့ မဲရုံ တွေကို ကော်မရှင် အဖွဲ့က တာဝန်ရှိသူတွေကို တယောက်ပြီး တယောက် စေလွှတ် ဖြေရှင်းခိုင်းနေပါတယ်။ ဖယောင်း ပြဿနာဖြစ်နေတဲ့ ပြည် တော်သာ မဲရုံအမှတ် ၁ ကိုတော့ သူကိုယ်တိုင် သွားစစ်မယ်လို့ ပြောနေပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရုံးနဲ့ သိပ်မဝေးတဲ့ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာတော့ ပါတီဆိုင်းဘုတ်တွေ၊ ဒေါ်အောင် ဆန်း စု ကြည် နဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗီနိုင်းပုံတွေကို ဖြုတ်သိမ်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖွဲ့ချုပ်ရုံးနဲ့ ကပ်လျက်က မဲရုံဖြစ်နေတဲ့အတွက်ပါ။ အဖွဲ့ချုပ်ရုံးအတွင်းမှာတော့ မဲရုံပိတ်ပြီး မဲရေတဲ့အအချိန် အနိုင်အရှုံး သိရအောင် ကျေးရွာ အုပ် စုတွေ၊ မဲရုံတွေ၊ မဲပေးနိုင်သူ စာရင်းတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ NLD၊ ပြည်ခိုင်ဖြိုး၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီတွေကို သင်ပုန်း ၆ ချပ်မှာ ဇယားအဆင်သင့် ဆွဲထားပါတယ်။

လူတွေကို မေးလိုက်ရင် “အမေစုကို ပေးခဲ့တာ၊ ဒို့ အမေစုပဲပေါ့” ဆိုတဲ့ အသံတွေပဲ ကြားနေရပါတယ်။ ညနေ ၃ နာရီလောက် ကတည်း က “ဒေါ်စု နိုင်နေပြီ” ဆိုတဲ့ သတင်း ထွက်ပေါ်နေပါပြီ။ မဲစာရင်း ပထမဆုံး စရေတဲ့ နောင်လုံကျေးရွာမှာ ဒေါ်အောင် ဆန်း စုကြည်က ၈၅ ဒဿမ ၄၃ ရာခိုင်နှုန်း အနိုင်ရတယ်ဆိုတဲ့ သတင်းကတော့ နေ့လည် ၁ နာရီလောက်ကတည်းက စတင် ထွက်ပေါ်နေပါပြီ။ နောက် သိပ် မကြာခင်မှာပဲ မန္တလေးမှာ နိုင်နေပြီ၊ တောင်ငူမှာ နိုင်နေပြီ စတဲ့ သတင်းတွေ ထွက်ပေါ်လာပါတော့မယ်။ အင်တာနက် ဝဘ်ဆိုဒ် စာမျက် နှာတွေကတော့ မဲစာရင်းတွေကို သူ့ထက်ငါ အပြိုင် အချိန်နဲ့ တပြေးညီ တင်ပေးနေပါတယ်။

ညနေ ၄ နာရီလောက်မှာတော့ ကော့မှူး မဲရုံတွေရှေ့မှာ လူတွေ စုရုံးနေကြပါပြီ။ မဲရေပြီးတဲ့ မဲရုံတွေ ရှေ့မှာ လူတွေ ကခုန်နေကြပါတယ်။ နောက် တဖြည်းဖြည်းနဲ့ ကော့မှူးလမ်းပေါ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလံတွေ စတစ်ကာတွေ ကပ်ထားတဲ့ ကားတွေ၊ ဆိုင်ကယ် တွေ ပြည့်နှက်သွားပါတော့တယ်။ “အမေဒေါ်စု ပြန်လာပြီ”ဆိုတဲ့ သီချင်းသံတွေကလည်း အိမ်တွေ လက်ဘက်ရည်ဆိုင်တွေက ဖွင့်တဲ့ အ သံနဲ့ ကားတွေက ဖွင့်တဲ့အသံတွေ ရောထွေး လို့နေပါပြီ။ တချို့လူငယ်တွေကို ဆိုင်ကယ်ကို အိပ်ဇောဖြုတ်ပြီး အသံကျယ်ကျယ်နဲ့ မောင်း နှင်နေကြပါပြီ။

ည အမှောင်သန်းလာပေမယ့် ကော့မှူးလမ်းတွေမှာတော့ ဆူညံအောင်ပွဲခံနေကြတုန်းပါပဲ။ ကော့မှူးမြို့နယ် NLD ရုံးရှေ့မှာ “သင့်ကြောင့် ကော့မှူးသမိုင်း မရိုင်းပါစေနှင့်” ဆိုတဲ့ စာတမ်းလေး ကပ်ထားတယ်။ အများစိုးရိမ်သလို ကော့မှူး သမိုင်း မရိုင်းခဲ့ ပါဘူး။ ကော့မှူး သားတွေ က ကော့မှူး သမိုင်းကို အကောင်းဆုံး ရေးထိုး နိုင်ခဲ့ကြ ပါပြီ။

No comments: