Tuesday, April 17, 2012

ဆိုင်းတောင် မွတ်စလင် ဗလီအား ဗုဒ္ဓဘာသာဝင်များ ဖြိုချဖျက်ဆီး

KNG

ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်မြို့နယ်တွင် ဧပြီလ ၁၂ ရက်နေ့က တည်ဆောက်ဆဲမွတ်စလင် ဗလီတစ်ခုအား ဗုဒ္ဓဘာသာရဟန်း သံဃာများနှင့် နောက်လိုက်တစ်ခုက ဖြိုချ ဖျက်ဆီးလိုက်သည်။

အပါး ၃၀ ခန့်ရှိ သံဃာများနှင့် ရာဂဏန်းရှိ ၎င်းတို့၏နောက်လိုက်များ ဆိုင်းတောင်မြို့ ရှမ်းကုန်းရပ်ကွက်ရှိ ထိုဆောက်လက်စဗလီသို့ ဒေသစံတော်ချိန် ညနေ ၄ နာရီနောက်ပိုင်း ရောက်ရှိလာပြီး ဗလီ တည် ဆောက်မှုရပ်တန့်ရန် တောင်းဆိုကြသည်ဟု မျက်မြင်သက်သေများပြောသည်။

ထို့နောက် တည်ဆောက်ပြီးသည့်အပိုင်းကို ၎င်းတို့က စတင်ဖြိုဖျက်ကြရာ ၈ နာရီအကြာတွင် အားလုံးနီးပါး ဖျက်ဆီးလိုက်ကြသည် ဆိုသည်။

ယခုအခါ ထိုဗလီတည်ဆောက်သည့်နေရာတွင် မြန်မာစစ်သားများ စောင့်ကြပ်နေသည်ဟု သိရသည်။

ခွင့်ပြုချက်မရဘဲ ဗလီတည်ဆောက်မှုကြောင့် ဗုဒ္ဓဘာသာဝင်များ ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ဖျက်ဆီးလာခြင်း ဖြစ်သည်ဟု ဒေသခံ ဗုဒ္ဓဘာသာဝင်များပြောကြသည်။

မြန်မာနိုင်ငံတွင် မွတ်စလင်ဗလီ သို့မဟုတ် ခရစ်ယာန်ဘုရားကျောင်းတည်ဆောက်ဖို့ တရားဝင် ခွင့်ပြုချက်ရရန် အမြဲလိုလို ကြန့်ကြာနေတတ်သည်။

လက်ရှိ ဗလီနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှာ တည်ဆောက်မှု ခွင့်ပြုချက် စာရွက်စာတမ်းများမရှိဘဲ တရားမ၀င်ဖြစ်နေသည်က များသည်။

ယခုဗလီဖျက်ဆီးမှုနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ အစိုးရအာဏာပိုင်များ၏ ကြိုးကိုင်မှု ရှိမရှိ မသိရပါ။

မြန်မာနိုင်ငံတွင် ယခင်ကလည်း ယခုကဲ့သို့ အုပ်စုလိုက်အဖျက်အမှောင့်လုပ်ငန်းများ၏နောက်ကွယ်မှ အစိုးရအရာရှိများ ကြိုးဆွဲဖန်တီးလေ့ရှိသည်။

မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံက လူနည်းစုဘာသာဝင်များကို ဖိနှိပ်သည့်နိုင်ငံအဖြစ် နှစ်အတော်ကြာ စာရင်းသွင်းထားသည်။

ကချင်ပြည်တွင် ကချင်အများစုသည် ခရစ်ယာန်ဘာသာဝင်ဖြစ်ကြသော်လည်း ဗုဒ္ဒဘာသာဝင် အများအပြားလည်း နေထိုင်နေကြကာ နတ်ကိုးကွယ်သူများနှင့် မွတ်စလင်ဘာသာ၊ ဟိန္ဒူဘာသာကိုးကွယ်သူများလည်း အနည်းငယ် ရှိကြသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဆခ်ဘာသာဝင် ဘုရားကျောင်း တစ်ကျောင်းကို တွေ့ရသည်။

ဖားကန့်ကျောက်စိမ်းလုပ်ငန်းကြောင့် မြန်မာနိုင်ငံအနှံ့မှ လူမျိုးပေါင်းစုံ ရောက်ရှိနေကြသည်။

No comments: