Thursday, July 18, 2013

ANP ဖွဲ့စည်းပုံအသစ်အတွက် ရခိုင်နှစ်ပါတီ အချက်အလက်များ တင်ပြဆွေးနွေး

မိုးဇော်

ရခိုင်တစ်မျိုးသားလုံး၏ ဆန္ဒကို လေးစားလိုက်နာပြီး ရခိုင်တမျိုးသားလုံး၏ သွေးစည်းညီညွတ်ရေးအတွက် ဖြစ်ပေါ်လာသော ရခိုင်အမျိုးသားပါတီ (ANP) အတွက် ဖွဲ့စည်းပုံ အသစ်ရေးဆွဲဖို့ ဇူလိုင်လ ၁၆ ရက်နေ့က စစ်တွေမြို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ရုံးချုပ်တွင် RNDP နှင့် ALD တို့မှာ သူတို့၏ နဂိုမူလ ဖွဲ့စည်းအုပ်ချုပ်ပုံတွင်ပါရှိသည့် အချက်အလက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပါတီတို့၏ ဖွဲ့စည်းပုံမူ၌ ပါရှိသော အချက်အလက်များမှာ အများစုက တူညီမှုရှိပြီး အနည်းငယ်သာ ကွဲလွဲမှုရှိကြောင်း ALD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ဆိုသည်။

" RNDP ဖက်ကနေတင်ပြလာတဲ့ အချက်တွေက ALD မှာရှိပြီးသား အချက်တွေနဲ့ တော်တော့ကို အများကြီးတူပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံရေးဆွဲရင်တော့ အပုဒ်တွေခွဲတဲ့အခါမှာ အနည်းငယ်လောက်ပဲ ကွဲလွဲတာရှိလို့ ကျန်တာတွေ ကွဲလွဲတာမရှိပါဘူး။ စကားလုံး အနေအထားလောက်သာ ကွဲပြားနေတာကို တွေ့ရပါတယ်။ အဓိက ဦးလေးတော့ လိုချင်တာက လူမျိုးကိုအခြေခံသော ပြည်ထောင်စုဖြစ်အောင် တည်ဆောက်ဖို့အတွက် ကြိုးပမ်းဖို့ဆိုတာ ဦးလေးတို့ရဲ့ အဓိကအချက်အချာကျပါတယ်။ တနည်းအားဖြင့်ဆိုရင်တော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ " ဟု သူက ပြောသည်။

ANP ပါတီ၏ ဖွဲ့စည်းပုံရေးဆွဲဖို့အတွက် နှစ်ဖက်ပါတီမှ တစ်ဖက် ၆ ဦးစီ တာဝန်ပေးထားသော်လည်း ထိုဖွဲ့စည်းပုံအတွက် မူကြမ်းကို အချောဖြစ်စေရန် အလုပ်ကို ပိုမိုလျှင်မြန်သွားစေရန် ၄င်း ၆ ဦးစီထဲကမှ ပညာရှင်များဖြစ်သော တစ်ဖက်က ၃ ဦးစီ ပေါင်း ၆ ဦးကို ကိုယ်စားလှယ်အဖြစ် ထပ်ပြီးရွေးချယ်လိုက်ကြောင်း သိရသည်။

RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက " ANP ပါတီရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးမလို့ပေါ့။ အဲဒီကိစ္စနဲ့ ပတ်သက်၍ တစ်ဖက်က ၃ ဦးစီရွေးချယ်တယ်။ မနက်ဖန်ကနေစလို့ ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်တစ်ခုကို ရေးဆွဲတော့မယ်။ ရေးဆွဲပြီးမှပဲ အဲဒီဖွဲ့စည်းအုပ်ချုပ်ကို ၂၅ ရက်နေ့မှာ ပြန်ပြီးတော့ ဆွေးနွေးပါမယ်။ အချက်အလက်တွေကိုလည်း လိုအပ်တာတွေရှိရင် ပြန်ထည့်ကြပါမယ်။ နှစ်ဖက်ပုဂ္ဂိုလ်တွေရဲ့ရှေ့တွင် ဆွေးနွေးပြီးတော့ အဲဒီဥပဒေတစ်ခုကို နှစ်ဖက်ပါတီတွေက အတည်ပြုလို့ရနိုင်အောင် ကျနော်တို့ ကြိုးစားပါ့မယ်။ အခုတော့ ဟိုဖက်က ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ဒီဖက်က ဖွဲ့စည်းအုပ်ချုပ်ပုံကို တင်ပြတဲ့အဆင့်သာ ရှိပါတယ်။ " ဟု ပြောသည်။

ဆက်လက်ပြီး သူက " ကျနော်တို့ကတော့ နဂိုဖွဲ့စည်းအုပ်ချုပ်ပုံကိုပဲ ပြင်ဆင်လို့ရှိပါတယ်။ အဲဒီဖွဲ့စည်းအုပ်ချုပ်ပုံကို ALD ဖက်က ဘာတွေထပ်ထည့်ချင်သလဲ။ အဲဒီလိုပဲ ALD ဖက်က ဖွဲ့စည်းအုပ်ချုပ်ပုံထဲမှာ RNDP ဖက်က ဘာတွေထည့်ချင်သလဲ။ အမျိုးသား အကျိုးစီးပွားအတွက် အကျိုးဖြစ်စေဖို့ အချက်အလက်တွေကို ထည့်ပြီးတော့ ပါတီအတွက် အကျိုးရှိဖို့ တကယ့်ကိုလိုအပ်တဲ့ အချက်အလက်တွေကို ထည့်ပြီးတော့ ကျနော်တို့က အဲဒါကို မူကြမ်းတစ်ခုအနေနဲ့ ကော်မရှင်ကို တင်လို့ရအောင် ကျနော်တို့ လုပ်ဖို့ပါပဲ။ " ဟု ပြောသည်။

အသစ်ဖြစ်ပေါ်လာသောပါတီ၏ ဖွဲ့စည်းပုံသစ် လျှင်မြန်ပြီးစီးသွားနိုင်ရန်အတွက် ထပ်မံရွေးချယ်လိုက်သော ကိုယ်စားလှယ် ၆ ဦးမှာ ALD ဖက်မှ ဦးဦးကျော်မြင့်၊ ဦးထွန်းညို၊ ဦးဘကျော်တို့ဖြစ်ပြီး RNDP ဖက်မှ ဦးခိုင်ပြည်စိုး၊ ဒေါ်အေးနုစိန်၊ ဦးခင်မောင်ကြီးတို့ ပါဝင်ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲကို နံနက်ပိုင်းကနေ ညနေ ၃ နာရီကျော်အထိ ALD ရုံးခန်းတွင်ပြုလုပ်ခဲ့ကြပြီး နှစ်ဖက်ပါတီ၏ ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖများအပါအ၀င် ရခိုင်မဂ္ဂဇင်းမှ ဆရာထွန်းနောင်နှင့် ဦးသိန်းမောင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments: