Monday, July 1, 2013

ပြင်ဦးလွင်မှာ ဗုံးပေါက်၊ သံတွဲမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

ABC

ရခိုင်ပြည်နယ် ​သံတွဲမြို့မှာ ​မငြိမ်သက်မှုတွေဖြစ်ပွားနေတဲ့အတွက် ​ ဇွန်လ ​၃၀ရက်နေ့ကစပြီး ​ညနေ ​၆နာရီကနေ ​မနက် ​၄နာရီထိ ​ညမထွက်ရ ​အမိန့် ​ပုဒ်မ ​၁၄၄ ​ထုတ်ပြန်လိုက်တယ်လို့ ​သိရပါတယ်။

သံတွဲမြို့အတွင်းမှာ ​အသက် ​၁၉နှစ်အရွယ်ရှိ ​ရခိုင်အမျိုးသမီးငယ်တစ်ဦး ​အဓမ္မပြုကျင့်ခံခဲ့ရတာနဲ့ ​ပတ်သက်ပြီး ​ဒေသခံရခိုင်လူမျိုးတွေက ​မကျေမနပ်ဖြစ်နေကြပြီး ​အပြန်အလှန် ​တိုက်ခိုက်မှုတွေ ​ရှိခဲ့သလို ​ရဲစခန်းမှာ ​ထိန်းသိမ်းထားတဲ့ ​ပြစ်မှုကျူးလွန်သူလို့ ​ယူဆရသူ ​၁ ​ယောက် ​ကိုထုတ်ပေးဖို့ ​တောင်းဆို ​ခဲ့တဲ့အတွက် ​ကြိုတင် ​ထိန်းသိမ်းနိုင်ဖို့ ​ကာဖြူးအမိန့် ​ထုတ်ပြန် ​တာ ​လို့ ​ပြည်နယ် ​လွတ်တော် ​အမတ် ​ဦးအောင်မြကျော်က ​အခုလိုပြောပါတယ်။

ဒီညနေပဲ ​ကာဖြူးအမိန့်ထုတ်လိုက်တာပါ၊ ​နေ့လည်ပိုင်းကဖြစ်တဲ့ပြဿနာပါ၊ ​ ကုလား၂ယောက်က ​ရခိုင် ​မလေးတစ်ယောက်ကို ​မုဒိမ်းကျင့်လိုက်တယ်၊ ​မုဒိမ်းကျင့်တဲ့ ​အဲဒီပြဿနာကတက်လာတယ်၊ ​အဲဒီမှာ ​တ ​မြို့လုံးသိသွားပြီးရင် ​ရဲစခန်းကိုမြို့ပေါ်လူထုတွေက ​အကုန်လုံးဝိုင်းလာကြတာ၊ ​နေ၀င်လာတော့ ​အဲဒီမှာ ​ပြဿနာက ​စတက်ပြီ၊ ​အဲဒီတော့ ​ဒီ ​၇နာရီလောက်အချိန်မှာပဲ ​စပြီး ​မြို့နယ် ​အုပ်ချုပ်ရေးမှူးက ​မြို့ထဲအပြင် ​ကာဖြူးအမိန့် ​စထုတ်လိုက်တာပါ။ 

နှစ်ဘက်အုပ်စုတွေက ​ကျောက်ခဲတွေနဲ့ ​အပြန်အလှန် ​ပစ်ပေါက်ခဲ့ကြသလို ​မနေ့ညပိုင်းမှာ ​နှစ်ဘက် ​အပြန်အလှန် ​မီးရှို့မှုတွေကြောင့် ​အိမ်တချို့ ​မီးလောင်ကျွမ်းခဲ့တယ်လို့ ​သိရပြီး ​မီးငြိမ်းသတ်ဖို့ ​ကြိုးစားနေသလို ​လုံခြုံရေးတင်းတင်းကြပ်ကြပ် ​ချထားတယ်လို့ ​ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ ​ရခိုင်အမျိုးသမီးကို ​အဓမ္မပြုကျင့်ခဲ့သူလို့ ​ယူဆထားသူ ​၂ဦးထဲက ​၁ဦးကို ​ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ ​ပေမဲ့ ​တဦးကတော့လွတ်မြောက်နေဆဲ ​ဖြစ်တယ်လို့လည်း ​ဦးအောင်မြ ​ကျော်က ​အခုလိုဆက် ​ပြောပါတယ်။

ဒီဘက်ရွာတရွာနဲ့ ​တရွာသွားတဲ့နေရာမှာ ​လိုင်းကားတွေမရှိတော့ ​အဲဒီကောင်မလေးက ​ဆိုင်ကယ်ကယ်ရီနဲ့ ​တက်လိုက်လာတယ်လို့ ​ပြောတယ်၊ ​ဆိုင်ကယ်ကယ်ရီကုလားက ​အဲဒီအချိန်မှာပဲ ​တောင်ကြောကိုဖြတ်တဲ့အချိန် ​မှာ ​မုဒိမ်းကျင့်တာ။ 

အခုညနေပိုင်းမှာတော့ ​ကာဖြူးအမိန့်ထုတ်ပြန်ထားပေမဲ့ ​ ဒေသခံရခိုင်လူမျိုးတွေနဲ့ ​မွတ်ဆလင်တွေကြား ​အခြေအနေတွေဟာ ​တင်းမာနေဆဲပဲလို့လည်း ​သိရပါတယ်။


လုံခြုံရေးသမားတွေရဲ့ ​ပစ်ခတ်မှုကြောင့် ​ဒုက္ခသည် ​နှစ်ဦးသေဆုံး

ပြီးခဲ့တဲ့ ​ကြာသပတေးနေ့က ​ရခိုင်ပြည်နယ် ​ပေါက်တောမြို့နယ်တွင်းက ​ဒုက္ခသည်စခန်းတစ်ခုမှာ ​ပဋိပက္ခဖြစ်ပွားခဲ့ပြီး ​လုံခြုံရေးတပ်တွေရဲ့ ​ပစ်ခတ်မှုကြောင့် ​ဒုက္ခသည်နှစ်ဦး ​သေဆုံးပြီး ​၆ ​ဦး ​ဒဏ်ရာရသွားတယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။

ပေါက်တောမြို့နယ်တွင်းရှိ ​ဒုက္ခသည်စခန်းမှာ ​ဆောက်လုပ်ရေးတွေလုပ်နေပြီး ​ဆောက်လုပ်ရေးတွေ ​ပြီးစီးသွားရင် ​ပြန်နေခွင့်မရမှာကို ​ဒုက္ခသည်တွေက ​စိုးရိမ်ပြီး ​စခန်းတာဝန်ရှိသူတွေနဲ့ ​အာဏာပိုင်တွေကို ​တိုက်ခိုက်ရာက ​လုံခြုံရေးတပ်တွေက ​ပစ်ခတ်ခဲ့တာလို့ ​ပြောကြောင်းလည်း ​သိရပါတယ်။


ပြင်ဦးလွင်မှာ ​ဗုံးပေါက်ကွဲ ​တချို့ ​ဒဏ်ရာရ

မန္တလေးတိုင်း ​ပြင်ဦးလွင်မြို့မှာ ​ဇွန်လ ​၃၀ရက်နေ့က ​ဗုံးပေါက်ကွဲမှု ​ဖြစ်ပွားခဲ့တဲ့အတွက် ​ထိခိုက်ဒဏ်ရာ ​ရရှိမှုတွေ ​ရှိခဲ့တယ်လို့ ​သိရပါတယ်။ ​ဒီဗုံးပေါက်ကွဲမှုဟာ ​ပြင်ဦးလွင်မြို့ ​မန္တလေး-လာရှိုးကာလမ်းမမှာ ​ရပ်ထားတဲ့ ​ဆိုင်ကယ်တစ်စီးကနေ ​ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ​ပြင်ဦးလွင် ​ဒေသခံတဦးက ​အခုလိုပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့ကိစ္စက ​တရုတ်ကယ်ရီဆိုင်ကယ်ကနေ ​ဗုံးပေါက်ကွဲတာပေါ့နော်၊ ​ ဒဏ်ရာရတာကတော့ ​ဗိုလ်လောင်းတယောက်ပါတယ်၊ ​တက်ကြပ်ကြီး ​တယောက်ပါတယ်လို့ ​ကြားတယ်ခင်ဗျ၊ ​သေဆုံးတာတော့ ​မရှိဘူးတဲ့ခင်ဗျ။ 

ဗုံးပေါက်ကွဲမှုကြောင့် ​အရပ်သားတဦးလည်း ​ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ​ဘယ်သူ့လက်ချက်လည်း ​ဆိုတာကို ​ခုထိမသိရှိရသေးပဲ ​သက်ဆိုင်ရာ ​အာဏာပိုင်တွေက ​စုံစမ်းမှုတွေပြု ​လုပ်နေတယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: