Monday, July 1, 2013

ဘင်္ဂလာဒေခ်ျ့ နတ်မြစ်ကမ်းခြေရှိ ရခိုင်ကျေးရွာများတွင် ရဲတပ်ဖွဲ့ဝင်များ ချထားမည်

နိရဉ္စရာ

ဘင်္ဂလာဒေခ်ျ့နိုင်ငံ နတ်မြစ်ကမ်းခြေရှိ ရခိုင်ကျေးရွာများတွင် လုံခြုံရေး တိုးမြှင့် သည့် အနေဖြင့် ရဲတပ်ဖွဲ့ဝင်များအား တပ်စွဲ ချထားရန် ဘင်္ဂလာဒေခ်ျ့ အစိုးရမှ စီစဉ်နေကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်မြစ်ကမ်းခြေတွင် မြစ်နားရွာ၊ ခြံချောင်း၊ ကယုချောင်း ( Teknaf) နှင့် နွားရုံတောင်ဟူ၍ ရခိုင်ကျေးရွာ (၄) ရွာတည်ရှိပြီး ယခုအခါ မြစ်နားရွာနှင့် ခြံချောင်း ကျေးရွာတို့တွင် ရဲတပ်ဖွဲ့ဝင်များကို ချထားမည် ဖြစ်ကြောင်း မြစ်နားရွာ ဒေသခံ တစ်ဦးက ပြောသည်။

“ မနေ့က လာပြီး သက်ဆိုင်ရာက အကြောင်းကြားပါတယ်။ ရဲတပ်ဖွဲ့အင်အား ၂၈ ဦးကို ကျွန်တော်တို့ရွာမှာ ချထားမယ်လို့ ဆိုပါတယ်။ ဒီကနေ့ လာမယ်လို့ အကြောင်းကြားထားပါတယ်။ အခုအချိန်ထိတော့ မရောက်သေးပါဘူး။ နေ့လည်ပိုင်းလောက်မှာ ရောက်ကြမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

အလားတူ ရခိုင်ကျေးရွာကြီး တစ်ရွာ ဖြစ်သော ခြံချောင်းကျေးရွာတွင်လည်း ရဲတပ်ဖွဲ့ဝင်များကို ရွာလုံခြုံရေး အတွက် ချထားရန် ရပ်ရွာလူကြီးများကို ယမန်နေ့က သက်ဆိုင်ရာက လာရောက် အကြောင်းကြားထားသည်ဟု ဆိုသည်။

“ ဒီနိုင်ငံ အတွင်းမှာလည်း မတည်ငြိမ်မူတွေ ရှိနေပါတယ်။ အထူးသဖြင့် လုံခြုံရေး အလှမ်းဝေးတဲ့ ဒေသတွေမှာပါ။ တလောကလည်း စစ်တကောင်း တောင်တန်းနယ်မှာ ပြဿနာ ဖြစ်ပွားခဲ့တာတွေ ရှိပါတယ်။ ဒါကြောင့် ဒီမှာလည်း ဖြစ်နိုင်ခြေ ရှိတဲ့ အတွက် ခုလို လုံခြုံရေးကို တိုးမြှင့် ချထားဖို့ စီစဉ်တာ ဖြစ်နိုင်ပါတယ်” ဟု ဒေသခံက ဆိုသည်။

ယခုရဲတပ်ဖွဲ့ဝင်များကို ရခိုင်ကျေးရွာများတွင် တိုးချဲ့ချထားခြင်းမှာ ရခိုင်ကျေးရွာများ လုံခြုံရေးနှင့် တိုက်ရိုက် သက်ဆိုင်နိုင်သော်လည်း အခြား တစ်ဘက်တွင် နယ်စပ် တလျှောက်တွင် မြန်မာဘက်က ခိုးဝင်လာသူများကို တားဆီးရန် ရည်ရွယ်ပုံရသည်ဟု ဆိုသည်။

No comments: