Thursday, July 4, 2013

ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပြည်ပငွေကြေး မစောင့်မျှော်သင့်ဟု ဦးရွှေမန်းပြော

ABC

မြန်မာနိုင်ငံအတွင်းက ​ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ​ပြည်ပက ​ငွေကြေးတွေကိုစောင့်မနေပဲ ​နိုင်ငံရဲ့ ​ဘဏ္ဍငွေတွေထဲက ​ကျခံပြီးသုံးစွဲလုပ်ဆောင်ဖို့လိုတယ်လို့ ​နိုင်ငံတော် ​လုံခြုံရေးနဲ့ ​ကာကွယ်ရေးကောင်စီ ​အစည်းအဝေး ​အတွင်းမှာ ​ပြည်သူ့လွှတ်တော်ဥက္ကဌ ​သူရ ​ဦးရွှေမန်းက ​ပြောလိုက်ပါတယ်။

အစည်းအဝေးမှာ ​ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ​အကြောင်းအရာတွေကို ​အဓိကထား ​ဆွေးနွေးခဲ့တာဖြစ်တဲ့အကြောင်း ​သူရဦးရွှေမန်းက ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ​ဇွန်လိုင်လ ​၂ရက်နေ့မှာ ​ပြန်လည်ရှင်းပြခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ​ဖော်ဆောင်တဲ့အခါမှာ ​ပြည်ပက ​ငွေကြေးတွေကို ​စောင့်မနေဖို့နဲ့ ​နိုင်ငံရဲ့ ​ဘဏ္ဍငွေထဲက ​သုံးစွဲလုပ်ဆောင်ဖို့ဆိုတဲ့အကြောင်း၊ ​ငြိမ်းချမ်းရေးရအောင် ​တည်ဆောက်တဲ့အခါမှာ ​ဥပဒေနဲ့ ​မညီပဲ ​ပြည်သူလူထုတွေရဲ့ဘ၀တွေကို ​ထိခိုက်လာမယ်ဆိုရင် ​မကောင်းတဲ့ ​အခြေအနေတွေဆီကို ​ဦးတည် ​သွား ​နိုင်တယ်ဆိုတဲ့အကြောင်းတွေကို ​သူရဦးရွှေမန်း ​ကပြောပါတယ်။

“ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ ​အခါမှာငွေကြေး ​ပစ္စည်း ​အကူအညီ ​အထောက် ​အပံ့တွေလိုမှာပါ။ ​လိုလာတဲ့ ​အခါမှာ ​ပြည်ပကပေးလိမ့်မယ်ဆိုတဲ့ ​မျှော်လင့် ​ချက်မထားပဲ ​နိုင်ငံရဲ့ ​ငွေကြေး ​သုံးပြီး ​ငြိမ်းချမ်းရေး ​ရအောင်လုပ်ဖို့ ​သဘောတူကြပါတယ်။ ​ဒီနေရာမှာ ​ဘေးထွက်ဆိုးကျိုး ​ဆိုတဲ့ ​စကားနဲ့ပတ်သက်ပြီး ​မိမိတို့ ​နားလည် ​လက်ခံထားတဲ့အချက်က ​ငြိမ်းချမ်းရေး ​ရအောင် ​တည်ထောင်တဲ့ ​အခါမှာ ​ဥပဒေနဲ့မညီရင် ​ပြည်သူများရဲ့ ​ဘ၀လုံခြုံရေးကို ​ထိပါးလာလျှင် ​(သို့မဟုတ်) ​ပြည်သူများရဲ့ ​ဘ၀ ​လုံခြုံရေး ​ကာကွယ် ​မပေးနိုင်တဲ့ ​ဖြစ်စဉ်ဖြစ်ရပ်များ ​ဖြစ်လို့ရှိရင် ​မကောင်းတဲ့ ​ဘေးထွက်ဆိုးကျိုးများ ​ဖြစ်ပေါ်လာခြင်းကို ​ကြိုတင် ​လေ့လာသုံးသပ်ပြီး ​ဆောင်ရွက်ဖို့လည်း ​စဉ်းစားသုံးသပ်ကြပါတယ်။”

အရင်က ​နိုင်ငံတော်လုံခြုံရေးနဲ့ ​ကာကွယ်ရေးကောင်စီ ​အစည်းအဝေးကနေ ​ဆွေးနွေးတဲ့ ​အချက် ​အလက်တွေကို ​ပွင့်ပွင့်လင်းလင်း ​ပြန်လည်ရှင်းပြခြင်းမရှိခဲ့ပဲ ​ဒါဟာ ​ပထမဦးဆုံးအကြိမ်အဖြစ် ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေပြန်လည် ​ရှင်းပြတာဖြစ်တယ်လို့သိရပါတယ်။ ​ဒါပေမယ့် ​အခုလို ​လွှတ်တော် ​ကိုယ်စားလှယ်တွေကို ​ပြန်လည်ရှင်းပြတာဟာ ​ပွင့်လင်းလာတယ်လို့ ​ပြောဖို့ ​စောသေးတဲ့ ​အကြောင်း ​မြန်မာနိုင်ငံရေး ​လေ့လာသုံးသပ်သူ ​ဒေါက်တာ ​ဦးရန်မျိုးသိန်းက ​အခုလို ​ပြောပါတယ်။

“ဒီလို ​အစည်းအဝေးက ​အကြောင်းကို ​လွှတ်တော်မှာ ​ပြန်ချ ​ပြတာဟာလည်း ​အစည်းအဝေးမှာ ​အတည်ပြုချက်ရထားလို့ ​ပြောတယ်လို့ ​ထင်တယ်ဗျ။ ​သူရဲ့ ​သဘောတစ်ခုတည်းနဲ့တော့ ​ဒါကိုပြော ​လို့ ​မရဘူး။ ​ဘာလို့ ​လဲ ​ဆိုတော့ ​လက်ရှိ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေရဲ့ ​အနေအထားရ ​ကြည့်မယ်ဆို ​ရင် ​ဒီကာလုံဟာ ​အင်မတန်မှ ​လုပ်ကိုင်ခွင့် ​မြင့်မားတဲ့ ​အဖွဲ့အစည်းမျိုးဖြစ်တယ်။”

နိုင်ငံတော် ​လုံခြုံရေးနဲ့ ​ကာကွယ်ရေးကောင်စီ ​အစည်းအဝေးကိုခေါ်ယူဖို့အတွက် ​သူရ ​ဦးရွှေမန်းက ​သမ္မတဦးသိန်းစိန်ထံကို ​ဇူလ ​၂၅ရက်နေ့က ​သ၀ဏ်လွှာပေးပို့ခဲ့တာဖြစ်ပြီးတော့ ​ပြီးခဲ့တဲ့ ​ဇွန်လိုင်လ ​၁ရက်နေ့က ​နေပြည်တော်မှာ ​ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ ​လုံခြုံရေးကောင်စီမှာ ​နိုင်ငံတော်သမ္မတ၊ ​ဒုတိယ ​သမ္မတ၊ ​ပြည်သူ့လွှတ်တော် ​ဥက္ကဋ္ဌ၊ ​အမျိုးသား ​လွှတ်တော် ​ဥက္ကဋ္ဌ၊ ​တပ်မတော် ​ကာကွယ်ရေး ​ဦးစီးချုပ်၊ ​ဒုတိယ ​တပ်မတော် ​ကာကွယ်ရေးဦးစီးချုပ်၊ ​ကာကွယ်ရေးဝန်ကြီး၊ ​နိုင်ငံခြားရေး ​၀န်ကြီး၊ ​နယ်စပ်ရေးရာဝန်ကြီး၊ ​ပြည်ထဲရေး ​၀န်ကြီး ​စုစုပေါင်း ​အဖွဲ့ဝင် ​၁၁ ​ဦးပါဝင်ပြီး ​၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​အခန်း ​၁၁ ​အရေးပေါ် ​ကာလဆိုင်ရာ ​ပြဋ္ဌာန်းချက်တွေအရ ​နိုင်ငံတော်အရေးပေါ် ​အခြေအနေနဲ့ ​စစ်အုပ်ချုပ်ရေး ​အမိန့်တွေ ​ထုတ်ပြန်နိုင်တဲ့ ​အမြင့်ဆုံး ​အာဏာပိုင်အဖွဲ့အစည်းတခု ​ဖြစ်တယ်ဆိုတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျသတင်းထောက် ​မဝေစန္ဒာကျော်က ​သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

No comments: