Tuesday, July 2, 2013

မြန်မာနိုင်ငံတွင်းမှ အကြမ်းဖက် ပဋိပက္ခများ ဖြေရှင်းပေးရန် မလေးရှား တောင်းဆို

ရွှေဟင်္သာ

မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများကို အလေးထား ဖြေရှင်းပေးရန် မလေးရှား နိုင်ငံခြားရေး ၀န်ကြီး Anifah Aman က(၄၆) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံဆွေးနွေးပွဲတွင် တောင်းဆိုခဲ့သည်ဟု အစည်းအဝေး တက်ရောက် ခဲ့သော မလေးရှား နိုင်ငံခြားရေး ၀န်ကြီးရုံး အရာရှိ တစ်ဦးက ပြောကြောင်း မလေးရှား မီဒီယာ တခုက ဆိုပါသည်။

''မြန်မာနိုင်ငံမှာတော့ ယနေ့ အချိန်ထိ မအေးချမ်းသေးသော အခြေအနေများ ရှိနေသေးကြောင်း၊ အကျိုးဆက်အားဖြင့် ဒေသတွင်း နိုင်ငံများဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေ အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်း'' ပြောကြားခဲ့ ခြင်း ဖြစ်ပါသည်။

မလေးရှားနိုင်ငံခြားရေး ၀န်ကြီးသည် ပြီးခဲ့သည့် ဇွန် ၂၉ ရက်နေ့၌ဘရူးနိုင်းနိုင်ငံ Begawan မြို့တွင် ကျင်းပခဲ့သော (၄၆) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် မလေးရှားနိုင်ငံခြားရေး ၀န်ကြီး တင်ပြသော အချိန်သည် မလေးရှား နိုင်ငံ အတွင်းသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အကြမ်းဖက် သတ်ဖြတ်ခဲ့ခြင်း ခံနေရသော အချိန်ဖြစ်သည်။ ဤကိစ္စကို မလေးရှား ၀န်ကြီးက ထည့်ပြောခြင်း မရှိဘဲ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ဘာသာရေး ပဋိပက္ခအကြမ်းဖက်မှုများ ဖြေရှင်းနိုင်မှုသည် တခြားနိုင်ငံ ၌ ဖြစ်ပေါ်နေသော အကျိုးဆက်များကိုပါ ဖြေရှင်းရာ ရောက်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

ထို့ပြင် မလေးရှား နိုင်ငံခြားရေး ၀န်ကြီး Anifah Aman သည် မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသော မွတ်စလင် ဘာသာဝင်များ၏ လုံခြုံမှုရှိရေး နှင့်ပြစ်မှု ကျူးလွန်သူများအား တရား ဥပဒေ နှင့်အညီ ပွင့်လင်းမြင်သာစွာ တရား စီရင်ရန် လိုအပ်ကြောင်းကိုလည်း တောင်းဆိုခဲ့သည်ဟု ဆိုထားပါသည်။

ပြီးခဲ့သည့် ဇွန်လဆန်းများတွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက် သတ်ဖြတ်မှုကို ခံခဲ့ရပါသည်။ ယင်းအကြမ်းဖက်မှုကြောင့် မြန်မာနိုင်ငံသား (၁၀) ဦး ထက်မနည်း အသတ် ခံရပြီး (၁၂) ဦးခန့် ပြင်းထန်စွာ ဒါဏ်ရာ ရရှိခဲ့ပါသည်။ ဤအကျိုးဆက်ကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကြား စိုးရိမ်ပူပန်မှုများ ဖြစ်လာပြီး သမ္မတဦး သိန်းစိန်ပါ အထူး အစီအစဉ် တစ်ရပ် အကောင်အထည် ဖေါ်ခဲ့ရပါသည်။

ဤကဲ့သို့ အသတ် ခံရမှုအပေါ် မြန်မာအစိုးရဘက်မှ ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင် ခဲ့သော်လည်း ပြစ်မှု ကျူးလွန်သူများအား မလေးရှား အစိုးရက ဖော်ထုတ်ပေးရန် ကတိပြုခြင်း မရှိပေ။ မြန်မာနိုင်ငံ၏ အကျိုးဆက်များကြောင့် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန်ကြိုးပမ်းမှု တစ်ရပ် ဖြစ်ခဲ့ပါသည်။ ထိုပြသနာတွင် အင်ဒိုနီးရှားရဲတပ်ဖွဲ့မှ တားဆီး ဖော်ထုတ်နိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် မှုများအပေါ် အစိုးရမှ ထင်သာမြင်သာသော အရေးယူမှုများ မရှိခဲ့သဖြင့် အာဆီယံနိုင်ငံရှိ အစ္စလာမ်နိုင်ငံများသို့ အကြမ်းဖက်မှုများ ပြန့်နှံ့လာခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။

No comments: