Tuesday, July 16, 2013

ခွင့်ပြုချက် မရလည်း ဆန္ဒ ပြမည်ဟု လယ်အသိမ်း ခံရ သူကပြော

အဲာပိုန်

အစိုးရ၏ မြေသိမ်းမှုတွင် နစ်နာသော ပဲခူးတိုင်း ဒေသကြီးမှ လယ်သမားများက နက်ဖြန်တွင် ပဲခူးမြို့ ရွှေမော်ဓော စေတီ၌ ဆန္ဒပြသွားမည်ဟု ပဲခူးမြို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ခေါင်းဆောင် ဦးမြင့်ဦးက ဆိုပါသည်။

“ပဲခူးမြို့နယ်မှာ အစိုးရရဲ့ စီမံကိန်း၎ ခုအတွက် လယ်ယာမြေတွေ သိမ်းခဲ့တယ်။ နစ်နာနေတဲ့ လယ်သမားတွေရဲ့ ဘဝကို ဖော်ထုတ်ဖို့အတွက်ဆန္ဒပြခွင့်ကို ၃ ကြိမ် တင်ခဲ့တယ်။ အစိုးရဘက်က အကြောင်းမျိုးမျိုးပြ ပြီး ဖယ်ရှားခဲ့ပါတယ်။ အခုတော့ စာမတင်တော့ဘူး၊ ဖမ်းရင်လည်း အဖမ်းခံပြီးတော့ကို ဆန္ဒပြကြမယ်လို့” ဆိုပါသည်။

လယ်သမားများ ဆန္ဒဖော်ထုတ်ပွဲကို မနက်ဖြန် အင်္ဂါနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပဲခူးမြို့ ရွှေမော်ဓော ဘုရားရှေ့မှ တိုင်းဒေသကြီး အစိုးရရုံးရှေ့အထိ ကျင်းပ သွားရန် ရှိကြောင်း ဆိုပါသည်။

ပဲခူးတိုင်း ဒေသကြီးမှ အစိုးရ မြေသိမ်းမှုများသည် လိုအပ်သည်ထက် သိမ်းယူသည့်အပြင် အသိမ်းခံရသူများအတွက် ပြန်လည်နေရာ ချထားရာတွင်လည်း တရားမျှတမှု မရှိသည့်အတွက် နစ်နာမှုများစွာ ရှိနေခြင်းကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆိုပါသည်။

ယင်းစီမံကိန်းများမှာ ဟံသာဝတီ နိုင်ငံတကာ လေယာဉ်ကွင်း စီမံကိန်း၊ စက်မှုဇုံ စီမံကိန်း၊ တိုးချဲ့တက္ကသိုလ် စီမံကိန်း နှင့် မြို့ပြ စီမံကိန်းဟူ၍ စီမံကိန်းကြီး ၄ ခု ရှိပါသည်။ ယင်းစီမံကိန်း အတွက် ပဲခူးမြို့ခံ လယ်သမားများထံ လယ်ယာ ခြံမြေ ဧကပေါင်း ၁၅၀၀၀ ခန့်ကို ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးက သိမ်းဆည်း ခဲ့သည်ဟု ဆိုပါသည်။

ယင်းမြေယာများကို ပဲခူးမြို့ အနောက်ဘက်ရှိ ဟံသာဝတီ လေယာဉ်ကွင်းအတွက် လယ်ယာ ခြံမြေ ဧကပေါင်း ၉၆၀၀ ကျော်၊ စက်မှုဇုံ အတွက် မြေဧကပေါင်း ၃၀၀၀ ကျော်၊ တိုးချဲ့တက္ကသိုလ်အတွက် မြေဧက ၇၀၀ ကျော်နှင့် မြို့ပြ စီမံကိန်းအတွက် မြေဧက ၁၀၀၀ ကျော် သိမ်းဆည်းထားကြောင်း ပဲခူးမြို့ခံ တစ်ဦးဖြစ်သူ ဦးလေးနိုင်ဦးက ဆိုပါသည်။

မြေသိမ်းဆည်းမှုများသည် လိုအပ်သည်ထက် သိမ်းဆည်းထားခြင်း ဖြစ်ကြောင်း၊ စက်မှုဇုံအတွက် လိုအပ်ချက်သည် မြေဧက ၁၇၅၀ ခန့်သာ ရှိသော်လည်း ဧက (၃၀၀၀) အထိ သိမ်းထားကြောင်း၊ တိုးချဲ့ တက္ကသိုလ်အတွက် ဧက အများဆုံး ဖြစ်သည့် ဒဂုံ တက္ကသိုလ်တောင်မှ ဧက ၃၀၀ မျှသာ ရှိပါသည်။ ယခု သိမ်းလိုက်သည်မှာ ဧက ၇၀၀ ကျော်ဖြစ် ကြောင်း၊ ဤသည် လိုအပ်သည်ထက် သိမ်းဆည်းလိုက်ခြင်းသာ ဖြစ်ကြောင်း ဆိုပါသည်။

တိုးချဲ့တက္ကသိုလ်အတွက် သိမ်းဆည်းရာတွင် ဒေသခံ ၆၃ ဦးခန့် နစ်နာမှု ရှိခဲ့သော်လည်း မည်သည့် လျှော်ကြေးများမှ ပေးဆောင်ခြင်း မရှိခဲ့သလို တခြား သိမ်းဆည်းမှုများ၌လည်း လျှော်ကြေး မရခဲ့ကြောင်း ဆိုပါသည်။


ဟံသာဝတီ လေယာဉ်ကွင်းကိုမူ လာမည့် ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိကြောင်း ဆိုပါသည်။

နစ်နာသူများအား ပြန်လည် နေရာချရေးတွင်လည်း မဖြစ်သင့်သော အနေအထားမျိုးဖြင့် နေရာချထားပြန်ပါသည်။ မြို့ပြစီမံကိန်းအတွက် သိမ်းဆည်းခံထားရသော အိမ်များအတွက်ပေ ၂၀/၄၀ ရှိသည့် အိမ်ကွက် အသစ်နေရာကို ချပေးခဲ့ ပါသည်။ ဤအိမ်ကွက်သည်လည်း အိမ်ဆောက်၍ ရနိုင်သော အနေအထားတွင် မရှိကြောင်း ဆိုပါသည်။

ထိုစီမံကိန်းများကြောင့် အိမ်ထောင်စု တစ်ထောင်ကျော်ခန့် အိုးမဲ့ အိမ်မဲ့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့်အတွက် မကျေနပ် သဖြင့် ဆန္ဒပြရန် တင်ပြခဲ့ကြပါသည်။ သို့သော် အာဏာပိုင်များကမူ ဆန္ဒပြခွင့်ကို (၃) ကြိမ်မြောက် လက်မခံ ပယ်ချ ခဲ့သဖြင့် ယခုကဲ့သို့ ခွင့်ပြုချက် မယူတော့ဘဲ ဆန္ဒပြရခြင်း ဖြစ်ကြောင်း ပဲခူးမြို့ခံ ဦးလေးနိုင်ဦး ဆိုပါသည်။

No comments: