Tuesday, July 2, 2013

မြေပုံမြို့နယ် ရီခေါင်းချိန်ကျေးရွာ ပြဿနာ ပြည်နယ် အစိုးရ အမြန်ဆုံး ဖြေရှင်း ပေးရန်လိုလား

နိရဉ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရေခေါင်းချိန် ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး အတွက် အစိုးရမှ ချပေးထားသော ငွေ ကျပ် (၂၇) သိန်းကို အလွဲသုံးစား ပြုလုပ်ထား သဖြင့် အဆိုပါ ပြဿနာကို ပြည်နယ် အစိုးရ အနေဖြင့် စောစီးစွာ ဖြေရှင်း ပေးရန် ကျေးရွာသားများက လိုလားနေကြသည်။

၎င်းပြဿနာအား ဖြေရှင်းပေးရန် မြို့နယ်၊ ခရိုင်၊ ပြည်နယ် တာဝန်ရှိသူများအား အကြိမ်ကြိမ် စာရေး တိုင်ကြားခဲ့သော်လည်း ယနေ့ထိ တစ်စုံတစ်ဦးကမှ လာရောက် ဖြေရှင်း ပေးခြင်း မရှိကြောင်း ကျေးရွာသား တစ်ဦးက ဆိုသည်။

“ ကျွန်တော်တို့ရွာ ဆိပ်ခံ တံတား တည်ဆောက်ဖို့နဲ့ တာတမံကို ဆည်ဖို့ အစိုးရက ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ ကျပ်ငွေ (၂၇) သိန်း ချပေးပါတယ်။ အဲဒီအထဲက ကျပ်ငွေ တစ်ဆယ့် သုံးသိန်း ရှစ်သောင်း တစ်ထောင် နှစ်ရာကို အလွှဲသုံးစား လုပ်ထားကြပါတယ်” ဟု သူက ဆိုသည်။

၎င်းငွေ ၂၇ သိန်းအား မြို့နယ် အုပ်ချုပ်ရေးမှူးမှ တဆင့် ကျေးရွာ ဆိပ်ကမ်းတံတား တည်ဆောက်ရန်နှင့် ကျေးရွာ တာတမံကို ဆည်ဖို့ရန် အတွက် ယခုနှစ် နှစ်စပိုင်းက ချပေးသည်ဟု ဆိုသည်။

“ အခုအချိန်ထိ တံတားလည်း မဆောက်သေးဘူး။ တာတမံကိုလည်း အချိန်မီ မဆည်ဖို့တဲ့ အတွက် အခု ကျိုးပေါက်သွားပါပြီ။ လယ်သမားတွေ အနေနဲ့ စပါးစိုက်ပျိုးဖို့ အထူး အခက်ကြုံနေကြရပါတယ်” ဟု ဆက်ဆိုသည်။

ထိုသို့ အလွှဲသုံးစားမူ ရှိနေသဖြင့် ကျေးရွာသား ၆၅ ဦးက ၁၈-၂- ၂၀၁၃ နေ့တွင် ပြည်နယ် အုပ်ချုပ်ရေးမှူးထံသို့ လက်မှတ်ရေးထိုး စာရေးတိုင်ကြားခဲ့သည်ဟု သိရသည်။

သို့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်း ပေးခြင်း မရှိသဖြင့် နောက်ထပ် ကျေးရွာသား ၄၈ ဦးမှ လက်မှတ်ရေးထိုးကာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ထံသို့ ၆-၅-၂၀၁၃ နေ့တွင် စာရေးတိုင်ကြားခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ယနေ့တိုင် အဆိုပါ တိုင်ကြားမူနှင့် လာရောက် စစ်ဆေးခြင်း၊ စိစစ်ခြင်း၊ မေးမြန်းခြင်းများ မရှိဟု ကျေးရွာသားများက ဆိုသည်။

ယခုကဲ့သို့ လာရောက် မစစ်ဆေးခြင်းမှာ မြို့နယ် အဆင့်၊ ကျေးရွာ အဆင့် အုပ်ချုပ်ရေး အရာရှိများ အနေဖြင့် အဆိုပါ ငွေကြေး အလွှဲသုံးစားမူတွင် ပါဝင်ပတ်သက်မူ ရှိနေ၍ ဖြစ်သည်ဟု ကျေးရွာသားများက ထင်မြင် ယူဆနေကြသည်ဟု ဆိုသည်။

No comments: