Saturday, July 13, 2013

သြစတြေးလျနိုင်ငံက ရခိုင်ပြည်ရှိ ဒုက္ခသည်များကို ကန်ဒေါ်လာ ၉ သန်းအထိ အကူအညီတိုးမြင့်ပေးသွားမည်

အောင်ကျော်မိုး

ရခိုင်ပြည်ရှိ ဒုက္ခသည်များကို လူသားချင်းစာနာမှုအနေဖြင့် ကူညီရန် သြစတြေးလျမှ အမေရိကန်ဒေါ်လာ ၉ သန်း အထိ တိုးမြင့်ပေးသွားမည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားရ် (Bob Carr) က မြန်မာနိုင်ငံသို့ အလည်ရောက်ရှိခဲ့စဉ် ပြောကြားခဲ့ကြောင်း Radio Australia သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံကို ဇူလိုင်လ ၁၀ ရက်နေ့က နှစ်ရက်တာခရီးစဉ်အဖြစ်နှင့် လာရောက်စဉ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားရ်က ထို့သို့ ပြောခြင်းဖြစ်သည်။

ပဋိပက္ခလွန် ရခိုင်ပြည် ပြန်လည်ထူထောင်ရေးအတွက် သြစတြေးလျသည် ယခုအချိန်ထိ အမေရိကန် ဒေါ်လာ ၆ သန်းနီးပါးကို ကူညီပေးထားပြီး၊ လူမျိုးရေးအကြမ်းဖက်မှုကြောင့် အိုးအိမ်မဲ့ဖြစ်သွားသော ဒုက္ခသည်များကို ကူညီဖို့ နောက်ထပ် ဒေါ်လာ ၃.၂ သန်းကိုလည်း ထောက်ပံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်တဝန်း ဒေသခံရခိုင်လူးမျိုးနှင့် မူဆလင်ဘာသာဝင်တို့အကြား ဇူလိုင်လနှင့် အောက်တိုဘာလတွင် ပဋိပက္ခ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉၀ ဦးသေဆုံးပြီး၊ လူဦးရေ တစ်သိန်း လေးသောင်းလောက်မှာ အိုးမဲ့ အိမ်မဲ့ဖြစ်သွားပြီး အများစုက ယခုအခါ ဒုက္ခသည်စခန်းများ၌ နေထိုင်လျက်ရှိကြသည်။

" ယခု အကူအညီကြောင့် ဒုက္ခသည်စခန်းရှိ သောက်သုံးရေ၊ သန်းရှင်းမှုစနစ်တို့ တိုးတက်ကောင်းမွန်လာမှာဖြစ်ပြီး၊ ဒုက္ခသည်တွေ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ လုံခြုံမှု ပိုမိုရရှိလာမှာ ဖြစ်တယ်။ " လို့ ဝန်ကြီး ဘော့ဘ်ကားရ်က ပြောသွားကြောင်း သြစတြေးလျ ABC News တွင်ဖော်ပြထားသည်။

သြစတြေးလျသည် မြန်မာနိုင်ငံ ရခိုင်ဒေသသို့ လူသားချင်းစာနာမှုအကူညီ အများဆုံး ထောက်ပံ့ပေးနေသော အလျှုရှင်နိုင်ငံဖြစ်ကြောင်း ABC သတင်း၌ ဆက်လက်ပြီးဖော်ပြထားသည်။

ထို့အပြင် သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အကူအညီများကို ၂၀၁၅ ခုနှစ်အရောက်မှာ အမေရိကန်ဒေါ်လာ သန်း ၉၀ အထိ တိုးမြှင့်ပေးအပ်သွားဖို့ လျာထားပြီး ၂၀၁၂ ခုနှစ်ကထက်စာရင် နှစ်ဆကျော် တိုးလာသည်ဟု AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထားသည်။

ဇူလိုင်လ ၁၀ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ် ကားရ်မှာ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံတော် အကြီးအကဲများ၊ အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့ပြီး " မြန်မာ့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု၊ သြစတြေးလျနှင့် မြန်မာ စီးပွားရေးဆက်ဆံမှု၊ မြန်မာ့ပညာရေးအပေါ် နိုင်ငံတကာမှ ဖွံ့ဖြိုးမှုအကူအညီနှင့် ရခိုင်ပြည်ရှိ လက်ရှိအခြေအနေအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ " ကို ဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးကားရ်မှာ ဇူလိုင် ၁၁ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာ သွားပြီဖြစ်ကြောင်း သိရသည်။

No comments: