Friday, July 26, 2013

ကြေးနီစီမံကိန်း စာချုပ်သစ် ပွင့်လင်းမှုမရှိလို့ ဒေသခံတွေဆို

ABC

အငြင်းပွားစရာတွေ ​ဖြစ်ခဲတဲ့ ​လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းနဲ့ ​ပတ်သက်ပြီး ​စီမံကိန်းဆိုင်ရာ ​စာချုပ်တွေ ​ပြန်ပြင်ပြီး ​ချုပ်ဆိုတာတွေ ​လုပ်ခဲ့ပေမဲ့ ​ဒေသခံတွေကို ​ချပြပြီး ​ချုပ်ဆိုမှုတွေ ​မလုပ်တာဟာ ​ပွင့်လင်းမြင်သာမှု ​မရှိတာဖြစ်တယ်လို့ ​လက်ပံတောင်းဒေသခံတွေက ​စွပ်စွဲလိုက်ပါတယ်။

လက်ပံတောင်းကြေးနီစီမံကိန်းနဲ့ ​ပတ်သက်ပြီး ​သတ္တုတွင်းဝန်ကြီးဌာန ​မြန်မာ ​စီးပွားရေး ​ဦးပိုင်လီမိတက် ​နဲ့ ​၀မ်ပေါင် ​ကုမ္ပဏီတို့ ​အကြား ​စာချုပ်တွေ ​ပြန်လည် ​ပြင်ဆင် ​ချုပ်ဆိုပြီး ​ဖြစ်တဲ့ ​အကြောင်း ​သတ္တုတွင်းဝန်ကြီး ​ဌာန ​၀န်ကြီး ​ဒေါ်က်တာမြင့်အောင်က ​ဇူလိုင်လ ​၂၅ ​ရက်နေ့ ​ပြည်ထောင်စု ​လွှတ်တော်မှာ ​ပြောခဲ့ပါတယ်။

အခုလို ​စာချုပ်တွေ ​ပြန်ပြင်ချုပ်ဆိုတာဟာ ​လက်ပံတောင်းတောင် ​စုံစမ်းရေး ​ကော်မရှင်ရဲ့ ​အကြံပြုထားတဲ့အတိုင်း ​နိုင်ငံတော် ​အကျိုးအမြတ် ​ရရှိအောင် ​ပြင်ဆင်ချုပ်ဆိုထားတယ်လို့ ​ ဝန်ကြီး ​ဒေါ်က်တာမြင့်အောင် ​က ​ပြောပါတယ်။

နိုင်ငံတော် ​အတွက်ချုပ်ဆိုသော ​စာချုပ်တွင် ​နိုင်ငံတော်အတွက် ​အကျိုး ​ရှိစေရန် ​ပြင်ဆင်စာချုပ်တွင် ​ထည့်သွင်းချုပ်ဆိုထားပါတယ်။ ​ပတ်ဝန်းကျင်ထိခိုက်မှုနှင့် ​ပတ်သက်ပြီး ​ပြင်ဆင်စာချုပ်၏ ​အပိုက် ​၉၊ ​၁၀ ​တွင် ​ထည့်သွင်း ​ချုပ်ဆိုထားပါတယ်။ ​လူမှုရေးဆိုင်ရာ ​ထိခိုက်မှုနှင့် ​ပတ်သက်ပြီး ​ပြင်ဆင်ချက် ​စာချုပ် ​အပိုက် ​၁၄ ​၁၅ ​တွင် ​ထည့်သွင်း ​ချုပ်ထားပါတယ်။

ယခင်စာချုပ်ဟောင်းထဲမှာ ​လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းက ​ရရှိငွေတွေကို ​တရုတ်နိုင်ငံပိုင် ​ဝမ်ပေါင်ကုမ္ပဏီနဲ့ ​မြန်မာစစ်တပ်မှာ ​Myanmar ​Economic ​Holding ​တို့ကသာ ​ရရှိမှာဖြစ်ပေမယ့် ​စာချုပ်သစ်မှာတော့ ​မြန်မာအစိုးရက ​စီမံကိန်းက ​ရရှိငွေ ​၅၁% ​ရရှိမှာဖြစ်ပြီး ​ဝမ်ပေါင်ကုမ္ပဏီက ​၃၀%နဲ့ ​Myanmar ​Economic ​Holding ​က ​၁၉% ​ရရှိမှာဖြစ်ပါတယ်။

အဲ့ဒါ့အပြင် ​ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ ​လက်ပံတောင်းဒေသမှာ ​ဒေါ်လာသန်းနဲ့ချီတန်တဲ့ ​လူမှုရေးလုပ်ငန်းတွေကို ​နှစ်စဉ်လုပ်ရမယ်လို့လည်း ​ပါရှိပါတယ်။ ​လက်ပံတောင်းတောင် ​စုံစမ်းရေး ​ကော်မရှင်ရဲ့ ​အစီရင်ခံစာပေါ်မှာ ​အကောင်အထည်ဖော်ရတဲ့ ​ကော်မတီကလည်း ​သူတို့ ​အနေနဲ့ ​ဒေသခံတွေကို ​လျော်ကြေး ​တွေပေးထားတယ်လို့ ​ကော်မတီ ​ဥက္ကဌ ​ဦးလှထွန်း ​ကပြောပါတယ်။

စာချုပ်တွေ ​ပြန်လည်ပြင်ဆင် ​ချုပ်ဆိုထားပေမယ့် ​ဒေသခံတွေကို ​ပွင့်ပွင့်လင်းလင်း ​ချပြတာ ​မရှိသေးဘူးလို့ ​လက်ပံတောင်းဒေသခံ ​မသွဲ့သွဲ့ဝင်းကပြောပါတယ်။

ဒီစာချုပ်နဲ့ ​ပတ်သက်ပြီး ​ပွင့်လင်းမြင်သာမှုနဲ့ ​ပတ်သက်ပြီး ​ထုတ်ပြောတာလည်း ​မရှိဘူး။ ​စာချုပ် ​ထဲမှာ ​ပါတာတွေလည်း ​ကျမတို့ ​မသိရဘူး။

လက်ပံတောင်းတောင် ​ဒေသခံတွေကတော့ ​စီမံကိန်း ​လုံးဝ ​ရပ်ဆိုင်းပေးဖို့ ​တောင်းဆိုနေကြတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​ဝေစန္ဒာကျော်က ​သတင်းပေးပို့ထားပါတယ်။

No comments: