Thursday, July 25, 2013

ပြည်သူ့လွှတ်တော်အမတ် လိုက်ပါလာသောကား ဆိုင်ကယ်တစ်စီးကို တိုက်မိ

ရေခဲ | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၃

ပြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်လိုက်ပါလာသော ကားနှင့်ဆိုင်ကယ်တစ်စီး တိုက်မိသည့်ဖြစ်စဉ်တစ်ခု ဇူလိုင် ၂၀ ရက်က ပြည်-မန္တလေးကားလမ်းမ နေရာတစ်ခုတွင် ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားရာနေရာမှာ ဇူလိုင် ၂၀ ရက်ည ခြောက်နာရီကျော်ခန့်တွင် ပြည်-မန္တလေးကားလမ်းပေါ်ရှိ ကြခတ်-နဖားအင်း လမ်းဆုံ တံတားအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဆိုင်ကယ်မောင်းသူမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဆိုင်ကယ်မောင်းသူ ကိုမြင့်ကြိုင် (ခ) အာနိုးမှာ ကြခတ်လမ်းခွဲမှ ကားလမ်းမပေါ်သို့ ကွေ့တက်စဉ်ခေတ္တရာဂေါက်ကွင်းမှ ပြန်လာသော ဦးဝင်းမြင့်လိုက်ပါလာသောကား၏ ဘယ်ဘက်ခြမ်းနောက် ဘီးနေရာနှင့် ပွတ်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှု ဖြစ်ပြီးနောက် ဆိုင်ကယ်မောင်းသူကို ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး လူနာရှင်တစ်ဦးအား စားသောက်စရိတ်အဖြစ် ကျပ်ငါးသောင်းပေးခဲ့ပြီး ဆေးဖိုးကုန်ကျစရိတ်များကို တာဝန်ယူဖြေရှင်း ပေးခဲ့သည်ဟု လွှတ်တော်အမတ်၏ ညီဖြစ်သူ ကိုအောင်ဆန်းထွန်းကပြောသည်။

လူနာရှင်၏ ဖခင်ဖြစ်သူဦးမောင်မြင့်က “ဆိုင်ကယ်နဲ့ ကားနဲ့ပွတ်တိုက်မိတော့ ဆိုင်ကယ်က တာလမ်းပေါ် မှာကျန်ခဲ့တယ်။ လူက လမ်းဘေးခြုံပုတ် အမှိုက်ပုံပေါ်ကို ကျသွားတော့ ဒူးခေါင်းနဲ့ ခြေသလုံးမှာပွန်းပဲ့ ဒဏ်ရာကလွဲလို့ ကြီးကြီးမားမား ထိခိုက်မိတာမရှိပါဘူး” ဟုပြောသည်။

နစ်နာကြေးများအဖြစ် ဆိုင်ကယ်ပြင်ဆင်စရိတ် ကျပ်တစ်သိန်းခွဲ၊ လူနာအား ကျပ်လေးသိန်းပေးအပ်ပြီး ယင်းငွေကြေးများကို ၎င်း၏မန်နေဂျာနှင့် ရဲအရာရှိ နှစ်ဦး၏ ရှေ့တွင် ပေးအပ်ခဲ့ပြီး ကျေအေးလွှာကို လူနာရှင်ဘက်မှ လက်မှတ်ထိုးပေးပြီး ခြိမ်းခြောက်ပြောဆိုမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်းလည်း ဦးမောင်မြင့်က ပြောသည်။

ဆိုင်ကယ် ယာဉ်မောင်း လူနာမှာ ဇူလိုင် ၂၁ ရက်တွင် ဆေးရုံမှဆင်းလာပြီဖြစ်သည်။ အမှုဖွင့် ဖွင့်ရန်အစီအစဉ်မရှိဟုလည်း ၎င်းကပြောသည်။

No comments: