Friday, July 5, 2013

သျှမ်းရွာထဲ ၀င်စစ်သည့် မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့ ပစ္စည်းခိုးယူမှုများရှိ

သျှမ်းသံတော်ဆင့်

မြန်မာစစ်တပ်နှင့်ပန်းဆေးပြည်သူ့စစ် ပူးပေါင်းအဖွဲ့များ ယခုလ ၁ ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ဟိုပန်ကျေးရွာအတွင်း ၀င်ရောက်စစ်ဆေးခဲ့စဉ် ရွာသားများပိုင် ဆိုင်ကယ်နှင့်အသုံးအဆောင် ပစ္စည်းများ ခိုးယူမှုများ ရှိခဲ့ကြောင်း သိရသည် ။

သျှမ်းစစ်သားများ ရွာအတွင်း ခိုအောင်းနေသည်ဟု ယူဆ၍ ၄င်းနေ့ နေ့လည်ပိုင်းက တစ်အိမ်တက်ဆင်း မွေနှောက် စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး တံခါးပိတ်ထားသည့် အိမ်များကို ဖေါက်ထွင်းဝင်ရောက်ကာ အသုံးအဆောင်ပစ္စည်းများ ကို ယူဆောင်သွားကြောင်း ၄င်းရွာခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“သျှမ်းစစ်သားတွေရှိတယ်ဆိုပြီး ဟိုပန်ရွာမှာ တစ်အိမ်တက်ဆင်းလိုက်စစ်တယ် ဘာမှမတွေ့ပါဘူး။ တချို့လူတွေက တောထဲ မီးသွေးသွားဖုတ်တော့ အိမ်တံခါးပိတ်ထားတာပေါ့။ အဲဒါ တံခါးတွေသော့တွေဖျက်ပြီး အိမ်ထဲဝင်တယ်။ အိုက် လျံရဲ့ အိမ်က ၁၂၅ ဆိုင်ကယ် အသစ်တစ်စီးနဲ့ ဓါတ်မြေသြဇာ ၂ အိတ် ယူသွားတယ်။ အိုက်စိုင်းရဲ့အိမ်ကတော့ ဘက် ထရီ အိုးတစ်လုံးယူသွားတယ် ။ နောက်တစ်အိမ်မှာကျတော့ ဆိုင်ကယ်အဟောင်းတစ်စီးကို ဖျက်ဆီးသွားကြတယ်။ ရွာဥက္ကဋ္ဌလည်းဘာမှ ၀င်မပြောရဲဘူး ။ သူတို့လုပ်သမျှခံနေရတာပဲ” ဟု သူက ပြောသည် ။

ခလရ ၄၅ တပ်ရင်းနှင့် ဦးကျော်လှိုင် ဦးဆောင်သည့် ပန်ဆေးပြည်သူ့စစ်အဖွဲ့များက ရွာအတွင်း ၀င်ရောက် စစ်ဆေး ခြင်း ဖြစ်ပြီး အဆိုပါအဖွဲ့များ စားသောက်စားရိတ်အတွက် တစ်အိမ်လျှင် ငွေကျပ်တစ်ထောင်စီ ကောက်ယူခဲ့သေး ကြောင်းလည်း သိရသည် ။

No comments: