Saturday, July 13, 2013

လူ့အခွင့်အရေးသင်တန်းဆရာကို ဖမ်းဆီးတရားစွဲ

အေး​နိုင်

၂၀၁၁ ခုနှစ်က နိုင်ငံရေးလှုပ်ရှားမှုမှာ ပါခဲ့မှုကြောင့် လူ့အခွင့်အရေး သင်တန်းဆရာတဦးကို ပဲခူးတိုင်း ပြည်မြို့ရဲက ဖမ်းဆီးတရားစွဲဆိုလိုက်ပါတယ်။

လူ့အခွင့်အရေးသင်တန်းဆရာ မျိုးဆက်သစ်လူငယ်များရဲ့ အတွင်းရေးမှူး ကိုဝေဖြိုးကို ပြည်မြို့ ရဲတပ်ဖွဲ့က ဒီလ ၁၀ ရက်နေ့က ဖမ်းဆီးပြီး ပုံနှိပ်အက်ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲထားတယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုမိုဃ်းသွေးက ပြောပါတယ်။

အစိုးရ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက် ပြည်သူ့ အဖွဲ့အစည်းတွေအပေါ်ကို ရန်သူလို့ မမြင်စေချင်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့က အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတာမဟုတ်ဘူး။ တော်လှန်ဖို့ လုပ်နေတာလည်း မဟုတ်ဘူး။ ဒီမိုကရေစီခရီးကို မြန်မြန်ရောက်အောင်လို့သာ တတ်နိုင်တဲ့ ထောင့်ကနေ ၀င်ပြီး အားဖြည့်ပေးနေတာဖြစ်တယ်။ ဒါမျိုးဆက်ဆံတာက ရန်သူလိုမြင်နေတယ်လို့ ကျနော်တို့ ခံစားရတယ်။ အဲလိုမျိုးဆိုရင်တော့ ဒီခရီးအောင်မြင်ဖို့ မလွယ်ဘူး။”

စွဲဆိုခံထားရတဲ့ ဥပဒေကလည်း အစိုးရဘက်က ခေတ္တဆိုင်းငံထားတဲ့ ဥပဒေဖြစ်တယ်လို့ ပြောပါတယ်။

ကိုဝေဖြိုး ဖမ်းမခံရခင်ကလည်း လက်ပန်းတောင်းကြေးနီစီမံကိန်း ရုပ်သိမ်းရေး လှုပ်ရှားတဲ့ ကိုအောင်စိုးကို ထောင်ဒဏ်စီရင်ခဲ့တာ၊ မိတ္ထီလာက တက်ကြွလှုပ်ရှားသူ ဒေါ်မြင့်မြင့်အေးကို ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ကိုမိုဃ်းသွေးက ထောက်ပြပါတယ်။

ဒီလုပ်ဆောင်ချက်တွေကြောင့် ပြည်သူတွေရဲ့ စစ်မှန်တဲ့ ရင်ဖွင့်သံတွေကို ဆိတ်သုဉ်းသွားစေသလို ပြည်သူလူထု ပါဝင်မှုကင်းမဲ့သွားရင် အပြောင်းအလဲလုပ်ငန်းစဉ်တွေ နှေးကွေးရပ်တန့်စေနိုင်တဲ့အထိ အန္တရာယ်ကြီးမားနိုင်တယ်လို့ မျိုးဆက်သစ်လူများများအဖွဲ့က သဘောထားထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုဝေဖြိုးဟာ လက်ရှိမှာ ညီမျှခြင်းမြန်မာ (Equality Myanmar) လူ့အခွင့်အရေးအဖွဲ့ရဲ့ သင်တန်းဆရာတဦး ဖြစ်ပါတယ်။

Equality Myanmar လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ကိုဝေဖြိုး လွတ်မြောက်ဖို့ သွားရောက်တောင်းဆိုပေမယ့် အာမခံမပေးဘူးလို့ ပြောပါတယ်။


ဒီဖမ်းဆီးမှုဟာ ဒီမိုကရေစီကို ရှေးရှုတယ်ဆိုတဲ့ ပြောဆိုကတိပြုမှုတွေကို စိမ်ခေါ်မှုဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ဝေဖန်ပြောဆိုပါတယ်။

“အရင်တုန်းက ကြွေးကျန်ရှိလို့ဆိုပြီး ဖမ်းဆီးမှုက သိပ်ပြီးတော့ သဘာဝတော့မကျဘူးဗျ။ ဒီဟာတွေက လိုချင်ရင်လိုသလို ဆွဲလို့ရတဲ့အရာမျိုးဖြစ်တယ်။ လူတိုင်း လူတိုင်းကို အရင်တုန်းက ဘာလုပ်ခဲ့လို့ ပြန်ဆွဲနိုင်တဲ့ အနေအထားမျိုးဖြစ်တဲ့အတွက် ဒါတွေမလုပ်သင့်ဘူး။ ဒါကို ပြန်လွှတ်ပေးဖို့အတွက် ပြောတဲ့အချိန်မှာ ရဲက အာမခံတောင် မပေးပါဘူး။ အဲတော့ သမ္မတကြီးအပါအ၀င် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့သူလို့ ပြောဆိုပြီး ဒီအမှုကို ဖယ်ရှားပေးဖို့ ကျနော် ပြောဆိုနေတာရှိပါတယ်။”

ကိုဝေဖြိုးကို ဒီကနေ့ ပြည်တရားရုံးမှာ ရုံးထုတ်ရာ အာမခံမပေးဘဲ လာမယ့် ၂၅ ရက်နေ့ကို ရုံးချိန်းသတ်မှတ်ပြီး ပြည်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ တရားခွင်ကိုတက်တဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုမင်းရန်နိုင်က ပြောပါတယ်၊

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း Generation Wave ဟာ မျိုးဆက်သစ်လူငယ်များအစည်းအရုံးအနေနဲ့ ထင်ရှားခဲ့ပါတယ်။

No comments: