Sunday, July 21, 2013

အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး ဖိုရမ်ကျင်းပ

ရွှေဟင်္သာ

တိုင်းရင်းသား ပေါင်းစုံ ပါဝင်သည့် အရပ်ဖက် လူ့အဖွဲ့အစည်း များသည် ပြည်နယ် များ၏ ငြိမ်းချမ်းရေး အခြေအနေ များကို လေ့လာ သုံးသပ် ဆွေးနွေးနိုင်ရန် ငြိမ်းချမ်းရေး ဖိုရမ် တရပ်ကို ပြီးခဲ့သည့် ဇူလိုင် (၁၈) ရက်နေ့တွင် နှစ်ရက်တာ ကျင်းပ ခဲ့သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သူ ကိုဝင်းအောင်က ဆိုပါသည်။

“ ကျနော်တို့ ဖိုရမ်က ရန်ကုန်မြို့ ပန်ဒါ ဟိုတယ်မှာ ကျင်းပတယ်။ အတိအကျ ပြောရရင် ပြည်နယ်တိုင်း (၁၁) ခုက အရပ်ဖက် လူ့အဖွဲ့အစည်းတွေ တက်ပါတယ်။ ကိုယ်စားလှယ်တွေ (၆၀) လောက် တက်ပါတယ်။ အထူးသဖြင့် ပြည်နယ် အဆင့်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး အခြေအနေ လေးတွေကို တင်ပြကြပါတယ်” ဟု ဆိုပါသည်။

ယင်းဆွေးနွေး ပွဲတွင် Mr.Hannes Siebert (Common Space Initiative) သည် အမျိုးသား အဆင့် ဆွေးနွေးပွဲဆိုင်ရာ မူဘောင် သဘော တရားများကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့အပြင် ၄င်းရှင်းလင်း တင်ပြချက် အပေါ် အမျိုးသား အဆင့် ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင် သဘော တရားများကို အဖွဲ့လိုက် ဆွေးနွေးကြပြီး အကြံပြုခြင်းများ လုပ်ဆောင်ခဲ့ ကြပါသည်။

ဤကဲ့သို့ သဘော တရားအရ ဆွေးနွေး ခဲ့ကြပြီးနောက် တိုင်းရင်းသား ဒေသ၌ လက်တွေ့ ဖြစ်ရှိနေသည့် အခြေအနေများကို တင်ပြကြပါသည်။ ကချင်|ကယား| ကရင်| ချင်း|မွန်|ရှမ်း ပြည်နယ်တို့မှ ငြိမ်းချမ်းရေး အခြေအနေများကို ၄င်းပြည်နယ်ရှိ အရပ်ဖက် အဖွဲ့အစည်း တစ်ခုချင်းမှ ကိုယ်စားလှယ်များက တင်ပြကြပါသည်။

ထို့အပြင် ပြည်နယ် အဆင့် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေများ ရှင်းလင်း တင်ပြခြင်း အပေါ် တက်ရောက် လာသူများက အပြန်အလှန် မေးမြန်းပြီး နယ်စပ် အခြေစိုက် အဖွဲ့အစည်း ကိုယ်စားလှယ်များက နယ်စပ် တစ်လျှောက်ရှိ လူမှု အဖွဲ့အစည်း များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အထောက်အကူပြု လုပ်ငန်း များကိုလည်း တင်ပြကြပါသည်။

ယင်းဆွေးနွေးပွဲသို့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းနှင့် ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ အပြင်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးမှ အရပ်ဖက် အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြပါသည်။

၎င်းဖိုရမ်တွင် အရပ်ဖက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ်၏ အမှတ်တံဆိပ်ကို အသိအမှတ်ပြု ဂုဏ်ပြုခြင်း အစီအစဉ် တစ်ရပ်လည်း ပါဝင် ခဲ့သည်ဟု ဆိုပါသည်။

No comments: