Thursday, July 4, 2013

သံတွဲတွင် မြို့ခံမဟုတ်သော လူတစ်စုက နေအိမ်များ ဖျက်ဆီးသွားသည်ဆိုခြင်း စစ်ဆေးနေ

ကေဇင်ဦး

ရခိုင်ပြည်နယ် သံတွဲမြို့ ၌ ဇွန် ၃ဝ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် နေအိမ်များ မီးရှို့ ဖျက်ဆီးမှုများကို အမည်မသိ လူအုပ်စုတစ်စုမှ လာရောက် လုပ်ဆောင်သွား သည်ဆိုသည့် သတင်းကို စစ်ဆေးနေပြီး အတည်မပြုနိုင် သေးကြောင်း သံတွဲမြို့ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ တာဝန်ရှိသူက ''ဒါကို ကျွန်တော်တို့ စစ်ဆေးနေပါတယ်၊ အတည်မပြုနိုင်သေးပါဘူး၊ အကြမ်းဖက်တဲ့လူတွေကိုလည်း ဖော်ထုတ်မှာပါ'' ဟု ပြောသည်။

ယင်းဖြစ်စဉ်တွင် အမည်မသိလူတစ်စုက ကားဖြင့် လာရောက်လှုံ့ဆော်ကာ ဦးဆောင် ဖျက်ဆီးသွားသည်ဟု သံတွဲမြို့ မျက်မြင်ဒေသခံများက ဇူလိုင် ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဇွန် ၃ဝ က ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးနှင့် ရခိုင်လူမျိုးများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နေအိမ် မီးရှို့မှုများ ဖြစ်ပေါ်ခဲ့ရာ အံတော်ကွက်သစ်ရပ်ကွက်မှ အိမ်ရှစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ငါးအိမ်ခန့် ပျက်စီးခဲ့သည်။

အံတော်ကွက်သစ်ရပ်ကွက် မီးရှို့ခံရသည့်လမ်းတွင် နေထိုင်သည့် ဒေသခံ အမျိုးသမီး တစ်ဦးက '' ပထမတော့ ရဲစခန်းရှေ့မှာ လူတွေစု တယ်လို့သတင်းကြားပြီး ညနေ ခြောက် နာရီခွဲလောက်မှာ အံတော်ကွက်သစ်က အိမ်တွေကို ခဲတွေနဲ့ ထုတယ်။ လှုံ့ဆော်တဲ့ အော် သံတွေ ကြားရတယ်။ လူတစ်အုပ်က ကားနဲ့လားပြီး ဖျက်သွားတယ်၊ ဖျက်နေတုန်းပဲ အိမ် တစ်အိမ်က အက်စစ်နဲ့ပက်တယ်လို့ ပြောတယ် အဲဒါနဲ့ မီးရှို့မှုတွေ စတော့တာပဲ''ဟု မဇ္ဈိမကို ပြောသည်။အဆိုပါ မီးရှို့ဖျက်ဆီးမှုများကြောင့် ဇွန် လ ၃ဝ ရက်က သံတွဲ မြို့တွင် ညမ ထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီး မီးရှို့ဖျက်ဆီးသူများအား စုံစမ်းစစ်ဆေးမှုများပြုလုပ် လျက်ရှိသည်ဟု သံတွဲမြို့ ရဲစခန်းမှ သိရသည်။

ယင်း ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်းမှ လက်ရှိအချိန်ထိ သံတွဲမြို့သို့ ဝင်ရောက် နိုင် မည့် ဂိတ်များတွင် လုံခြုံရေး များ ချထားပြီး မြို့ပြင်သို့ ထွက်နေသော လိုင်းကားများတွင် ရဲတပ်သား နှစ်ဦးစီ လုံခြုံရေးအဖြစ် လိုက်ပါသွား သည်ဟု သံတွဲမြို့ ဒေသခံအချို့က ပြောသည်။ ယင်းဖြစ်စဉ်များ ဖြစ်ပွားပြီး ဇူလိုင် ၁ ရက်တွင်မူ သံတွဲမြို့ အခြေအနေမှာ တည် ငြိမ်နေသည်ဟု ဒေသခံများက ပြောသည်။

သံတွဲမြို့တွင် ရခိုင်အမျိုးသမီးငယ် မ.....အား စော်ကားခဲ့သည် ဆိုသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ သံတွဲမြို့မှ ကိုမျိုးနိုင်နှင့် ကိုနိုင်သူတို့ နှစ်ဦးအား ဇူလိုင် ၁ ရက်က ဖမ်းဆီးရမိခဲ့ပြီး သံတွဲရဲစခန်းက ပုဒ်မ၃၇၆ ပြစ်မှုနှင့် အမှတ် ပ-၃၇/၂ဝ၁၃ နှစ် ယင်းနေ့တွင်ပင် စတင်စစ်ဆေးလျက် ရှိသည်။

သံတွဲမြို့ပေါ်တွင် မွတ်စလင်လူဦးရေ နှင့် ရခိုင်လူမျိုးဦးရေမှာ ၅ဝ ရာခိုင်နှုန်းစီ ရှိကြ ပြီး မီးရှို့မှုများ ဖြစ်ပေါ်ခဲ့ သည့် အံတော်မြို့သစ်တွင် မွတ်စလင်ဦးရေ အနည်းအကျဉ်းသာရှိကာ မြို့တွင်း၌သာ အများစု နေကြသည်။

No comments: