Sunday, July 14, 2013

နစက ဌာနချုပ် ဖျက်သိမ်းခြင်းအပေါ် ရခိုင်ဒေသခံများ စိုးရိမ်နေ

သိန်းလှိုင် | တနင်္ဂနွေနေ့၊ ဇူလိုင်လ ၁၄ ရက် ၂၀၁၃

သမ္မတ ဦးသိန်းစိန် က နယ်စပ်ဒေသ လူဝင်မှု ကွပ်ကဲရေး စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် (နစက) အား ဖျက်သိမ်းလိုက်ခြင်းအပေါ် ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ဒေသခံ တိုင်းရင်းသားများ စိုးရိမ်လျက် ရှိကြောင်း သိရသည်။

သမ္မတရုံး၏ ဇူလိုင်လ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ တစက ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

“နိုင်ငံတကာ သတင်းတွေမှာ အကြမ်းဖက် အဖွဲ့အစည်းတွေက ကြိုးကိုင်ပြီး ရိုဟင်ဂျာတွေကို စစ်ရေးလေ့ကျင့်နေတာတွေ ကြားနေရချိန်၊ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာ အကြမ်းဖက် ဗုံးဖောက်တာတွေ ဖြစ်နေချိန်မှာ အခုလို နယ်စပ်လုံခြုံရေးအတွက် အသက်လောက် အရေးကြီးတဲ့ နစက ကို ဖျက်သိမ်းလိုက်တော့ ဒေသခံတိုင်းရင်းသားတွေ အထူးစိုးရိမ်နေကြရတာပေါ့ဗျာ” ဟု မောင်တောမြို့ခံ ဦးလှမြင့် က မဇ္ဈိမကို ပြောသည်။

မောင်တောခရိုင်မှ ရဲအရာရှိ တဦးကလည်း “နစကကို ဖျက်ပြီး ရဲတပ်ဖွဲ့ကို အစားထိုးတာဟာ နိုင်ငံတကာ ပုံစံနဲ့အညီ လုပ်တာ ဖြစ်နိုင်တယ်။ တဖက် ဘင်္ဂလာဒေ့ရှ်မှာလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGB) ဆိုတာ ရှိတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာ ရခိုင်နယ်စပ်နဲ့ပတ်သက်လို့ ကောလာဟလတွေ အမျိုးမျိုး ဖြစ်ပေါ်နေတုန်း ဒီအမိန့် ထွက်လာတော့ လူတွေ စိုးရိမ်ကြတာ အမှန်ပါပဲ” ဟု မှတ်ချက်ပြု ပြောဆိုသည်။

ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကမူ နစကကို ဖျက်သိမ်းလိုက်ပြီး နယ်စပ်လုံခြုံရေးကို ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

“သမ္မတ အမိန့်နဲ့ နစကကို ဖျက်သိမ်းလိုက်တာ မှန်ပါတယ်။ နယ်စပ်ကွပ်ကဲရေး တာဝန်တွေကို ပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးကြီးတဦးက လက်ခံလိုက်ပြီဖြစ်ပါတယ်။ အစိုးရရဲ့ နောက်ထပ် အသေးစိတ် အစီအစဉ်တွေကိုတော့ မသိရ သေးပါဘူး” ဟု ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက မဇ္ဈိမကို ပြောသည်။

လက်ရှိ နယ်စပ်လုံခြုံရေး တာဝန်ယူမည့် ပြည်နယ်ရဲမှူးမှာ ဦးဗိုလ်ဗိုလ်ဦး ဖြစ်ပြီး ယခုအခါ မောင်တောမြို့သို့ရောက်ရှိ တာဈန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။

နစကကို စစ်အစိုးရ လက်ထက် ၁၉၉၁ ခုနှစ် တွင် တပ်၊ ရဲ၊ အကောက်အခွန်နှင့် လဝက တို့ ပေါင်းစပ်လျက် ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌ ဖွဲ့စည်းခဲ့ပြီး ပြည်နယ်တွင်း နစက ဌာနပေါင်း ၁၁ ခုဖြင့် စီမံကွပ်ကဲခဲ့ခြင်းဖြစ်သည်။

No comments: