Wednesday, July 17, 2013

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှု လက်တွေ့ပြဖို့လိုဟုဆို

ABC

မြန်မာနိုင်ငံတော် ​သမ္မတ ​ဦးသိန်းစိန်က ​ဒီနှစ်မကုန်ခင် ​နိုင်ငံရေးအကျဉ်းသား ​တစ်ယောက်မှမကျန်အောင် ​လွတ်ပေးမယ်လို့ ​ပြောလိုက်ပြီးနောက် ​သမ္မတအနေနဲ့ ​စကားနဲ့မဟုတ်ပဲ ​လက်တွေ့လုပ်ပြရမယ်လို့ ​လှုပ်ရှားရေးသမားတွေက ​ပြောပါတယ်။

သမ္မတဦးသိန်းစိန် ​ဦးဆောင်တဲ့ ​အစိုးရဟာ ​နိုင်ငံတကာ ​ထောက်ပံ့ကူညီမှုတွေ၊ ​နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ​ရရှိဖို့အတွက် ​ခုလို ​နိုင်ငံရေးအကျဉ်းသားတွေကို ​လွတ်ပေးမယ်လို့ ​ဘန်းပြပြီး ​လုပ်ဆောင်လေ့ရှိတယ်လို့ ​စွပ်စွဲနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ​ကူညီစောင့်ရှောက်ရေးအသင်း ​AAPP ​က ​ကိုဘိုကြည်က ​သမ္မတ ​ဦးသိန်းစိန်ဟာ ​နာမည်ကောင်းရဖို့ ​လုပ်ဆောင်တဲ့ ​PR ​(Public ​Relation) ​စနစ်ကောင်းရှိတဲ့အကြောင်း ​သမ္မတဦးသိန်းစိန်အနေနဲ့ ​စကားနဲ့မဟုတ်ပဲ ​လက်တွေ့နဲ့ ​သက်သေပြဖို့ ​လိုတယ်လို့ ​အေအက်ဖ်ပီသတင်းကို ​ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအကျဉ်းထောင်တွေမှာ ​နိုင်ငံရေးအကျဉ်းသား ​အယောက်ပေါင်း ​၁၅၀ ​လောက် ​ကျန်ရှိနေသေးတယ်လို့လည်း ​ဆိုပါတယ်။

ဒီနှစ်မကုန်ခင် ​နိုင်ငံရေးအကျဉ်းသား ​အားလုံးကို ​လွှတ်ပေးမယ်လို့ ​ပြောနေပေမယ့် ​ဒါဟာ ​ဖြစ်နိုင်ခြေနည်းတဲ့အကြောင်း ​ခုလောလောဆယ် ​နိုင်ငံရေးလှုပ်ရှားသူ ​ဖမ်းဆီးခံရမှုတွေ ​ရှိနေပြီး ​ဆန္ဒပြခွင့်မရပဲ ​ဆန္ဒပြကြသူတွေလည်း ​ဖမ်းဆီးခံနေရတုန်းပဲလို့ ​ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​NLD ​ကလည်း ​မြန်မာနိုင်ငံအကျဉ်းထောင်တွေမှာ ​နိုင်ငံရေးအကျဉ်းသား ​အယောက် ​၁၀၀ ​လောက် ​ရှိဦးမယ်လို့ ​ပြောပြီး ​သမ္မတက ​အားလုံးကို ​လွှတ်ပေးမယ်လို့ ​ပြောလိုက်တဲ့အပေါ် ​ကြိုဆိုကြောင်း ​အဖွဲ့ရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​ဦးဥာဏ်ဝင်းက ​ပြောပါတယ်။

No comments: