Friday, July 5, 2013

ပြီးစီးမှု ကြန့်ကြာနေသည့် ရွှေဂုံတိုင် တံတား စီမံကိန်းအနီးရှိ လမ်းများပျက်စီး

မေစစ်ပိုင်


ဆောက်လုပ်ချိန် တနှစ်နီးပါး ရှိလာပြီဖြစ်တဲ့ ရွှေဂုံတိုင်ခုံးကျော်တံတား စီမံကိန်းကြီးရဲ့ လုပ်ငန်းပြီးစီးမှုနှုန်း နှေးတဲ့အပြင် စီမံကိန်း ပတ်ဝန်းကျင်က လမ်းတွေပါ ပျက်စီးနေတာကြောင့် နေ့စဉ် ခရီးသွားပြည်သူတွေ အခက်တွေ့နေရတယ်လို့ ရန်ကုန်လူထုက ညည်းညူနေကြပါတယ်။

ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းက ဘုရင့်နောင် ခုံးကျော်တံတားနဲ့ စတင်ချိန် သိပ်မကွာပေမယ့် လုပ်ငန်းပြီးစီးမှု နှုန်းက ကွာဟနေသလို စီမံကိန်း ဘေးတဘက်တချက်က လမ်းတွေမှာလည်း မြောင်းရေလျှံတာ၊ လမ်းပျက်စီးမှု များလာတာနဲ့ ကားပိတ်ဆို့မှုတွေက တနေ့တခြား ပိုဆိုးလာတာကြောင့် နေ့စဉ် သွားလာနေရတဲ့ ခရီးသွားပြည်သူတွေ အတွက် အခက်အခဲ တွေ အများကြီးရှိနေတယ်လို့ သိရပါတယ်။

ခုံးကျော်တံတား စီမံကိန်းရဲ့ အမည်မဖော်လိုသူ အင်ဂျင်နီယာတဦး ကတော့ တံတားပြီးစီးမှုနှုန်း နှေးနေရတဲ့ အဓိက အကြောင်းအရင်းက လူတွေ မမြင်နိုင်တဲ့ မြေအောက်ရေပိုက်လိုင်းတွေကြောင့် ရှောင်ပြီး လုပ်နေရတဲ့ အပိုင်းတွေရှိသလို၊ ရာသီဥတု အခြေအနေကြောင့်လည်း ကြာနေရတယ်လို့ ရှင်းပြပါတယ်။

“မြေအောက်က ရေပိုက်လိုင်းတွေကြောင့် တံတားရဲ့ ဒီဇိုင်း ပြန်ပြင်နေရတာနဲ့ တချို့ကိစ္စတွေကြောင့် ပြီးစီးမှုက နည်းနည်း ကြာနေတာပါ။ နေ့ဘက် လုပ်လို့ မရတဲ့ အပိုင်းတွေကိုလည်း ညဘက် ပြောင်းလုပ်တယ်၊ ဒါပေမယ့် ဒီဇင်ဘာမတိုင်ခင် ပြီးဖို့ ကြိုးစားနေတယ်” လို့ အဲဒီ အင်ဂျင်နီယာက ဧရာဝတီကို ပြောပါတယ်။

လုပ်ငန်းခွင် ဧရိယာက ကျဉ်းတာကြောင့် တချို့နေရာတွေမှာ စက်ယန္တရားတွေကို အပြည့်အဝ အသုံးချလို့ မရတဲ့အပြင် လူတွေ အန္တရာယ်မဖြစ်အောင် သတိထား လုပ်ဆောင်ရတဲ့ အပိုင်းတွေကလည်း လုပ်ငန်းခွင်ရဲ့ အခက်အခဲတွေပါလို့ သူက ရှင်းပြပါတယ်။

လက်ရှိမှာတော့ ရွှေဂုံတိုင် ခုံးကျော်တံတားရဲ့ ပြီးစီးမှုနှုန်းက ၄၀ ရာခိုင်နှုန်း ကျော်ပဲ ရှိနေပြီး တည်ဆောက်တာခြင်း သိပ်မကွာတဲ့ ဘုရင့်နောင်တံတား စီမံကိန်းက ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့လည်း သိရပါတယ်။

လုပ်ငန်းခွင်ကို ပုံမှန် မနက် ၈ နာရီကနေ ညဘက်တွေအထိ အဆိုင်းတွေခွဲပြီး ဂျပန်နဲ့ ယိုးဒယားက ပညာရှင် ၆ ယောက် အပါအဝင် လူအင်အား ၂၀၀ ကျော်နဲ့ အင်ဂျင်နီယာ အယောက် ၂၀ ကျော်တို့က လုပ်ဆောင်နေတာ ဖြစ်ပေမယ့် ပုံမှန် ဖြတ်သန်းနေကြ လူတွေကတော့ တံတားစီမံကိန်း လုပ်ဆောင်မှု ပုံမှန် လည်ပတ်ခြင်း မရှိတဲ့အပြင် စီမံကိန်းအနီး လမ်းတွေ ကလည်း တဖြည်းဖြည်းပျက်စီး၊ လမ်းကြောတွေ ပိုပိတ်နေတာကြောင့် စီမံကိန်း အမြန်မြန်ပြီးစေချင် နေကြပါတယ်။

ခုံးကျော်တံတား စီမံကိန်းတွေ တည်ဆောက်နေတဲ့ နေရာတွေဖြစ်တဲ့ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင် တံတားစီမံကိန်း အနီးအနား ဧရိယာတွေ ဖြစ်တဲ့ ရွှေဂုံတိုင်၊ တာမွေ၊ ဦးထောင်ဘို အဝိုင်း၊ ဘုရင့်နောင်၊ သမိုင်းလမ်းဆုံ၊ အုတ်ကျင်းမှတ်တိုင် နေရာတွေမှာ နေ့စဉ် လမ်းပိတ်ဆို့နေပြီး မီးပွိုင့်တခါ မိရင်လည်း နာရီဝက်ကျော် ကြာနေတာကြောင့် ခရီးသွားလာရာမှာ အဆင်မပြေမှုတွေ များစွာ ကြုံတွေ့နေကြတယ်လို့ ခရီးသွားသူတွေက ပြောဆိုနေ ကြပါတယ်။

“ရွှေဂုံတိုင် စီမံကိန်းက တည်ဆောက်နေတာတွေ ကြည့်ရတာ တိုးတက်မှုကို မရှိဘူးလို့ထင်ရတယ်။ လမ်းစီမံကိန်းကမပြီး၊ ကားတွေက ကျပ်တဲ့အပြင် လမ်းတွေက ရေကြီး၊ ချိုင့်ခွက်တွေထူလာတာ စိတ်ပျက်စရာပါပဲ” လို့ တံတားစီမံကိန်း နားကနေ ဖြတ်ပြီး နေ့စဉ် ဆူးလေကို ပုံမှန် အလုပ်သွား အလုပ်ပြန် ပြုလုပ်နေသူ ကိုဇော်မျိုးထွန်းက ဆိုပါတယ်။

လမ်းတံတား အင်ဂျင်နီယာ ဌာနရဲ့ ဒုဌာနမှူး ဗိုလ်ကြီးစည်သူလွင် ကတော့ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင်ခုံးကျော် တံတားတွေကို လာမယ့် ဒီဇင်ဘာလ အပြီး တည်ဆောက်မှာဖြစ်ပြီး ပျက်စီးနေတဲ့ လမ်းသားနေရာတွေနဲ့ ရေမြောင်းလျှံနေတာတွေကို ပြန်ပြင် နေတယ်လို့ ဧရာဝတီကို ပြောပြပါတယ်။

အငှားယာဉ်မောင်း တဦးဖြစ်တဲ့ အပြင် ပင်စင်စား ဝန်ထမ်းတဦးဖြစ်သူ ဦးသိန်းလှ ကလည်း တံတား တည်ဆောက်နေတဲ့ မြေအောက် နေရာတွေမှာ ကိုလိုနီခေတ်က အင်္ဂလိပ်တွေ ဖောက်ခဲ့တဲ့ မြေအောက် ရေပိုက်လိုင်းတွေကို စည်ပင်က သေချာ မပြုပြင်ဘဲ အပေါ်ကနေ တံတားထိုးဖို့ လုပ်နေတော့ ရေပိုက်လိုင်းတွေကို ထိပြီး လမ်းပေါ်ရေလျှံတာတွေ ဖြစ်နေတာကြောင့် သွားလာလို့ အဆင်မပြေဘူးလို့ ဆိုပါတယ်။

လမ်းပိတ်ဆို့မှုတွေ အများဆုံးဖြစ်နေတဲ့ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းတွေမှာ လမ်းရှင်းစနစ် အတွက် ယာဉ်ထိန်းရဲတွေ အပြည့် တာဝန်ယူနေပေမယ့် လမ်းကြော တကြောင်းတည်း ဖြစ်နေတာ၊ လုပ်ငန်း ဆောင်ရွက်မှုပိုင်း တွေက ထပ်ပြီး တိုးချဲ့နေရတာ တွေကြောင့် လမ်းပိတ်ဆို့မှုတွေ ပိုပြီး ဖြစ်နေရတာပါလို့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဒုရဲမှူးကြီး ဦးသာဌေးက ရှင်းပြပါတယ်။

ယာဉ်ထိန်းတွေ အနေနဲ့ကတော့ လမ်းပိတ်ဆို့မှု ဖြစ်တဲ့နေရာမှာ လမ်းရှင်းပေးဖို့နဲ့ စည်းကမ်း ဖောက်ဖျက်တဲ့ ယာဉ်တွေကို အရေးယူဖို့က လွဲပြီး ကျန်တဲ့ ကိစ္စတွေကိုတော့ ဖြေရှင်းပေးလို့ မရဘူးလို့ သိရပါတယ်။

ရွှေဂုံတိုင် ခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြီးကြပ်ပြီး Capital Development Ltd., က တာဝန်ယူ တည်ဆောက်နေတာ ဖြစ်ပါတယ်။

တံတား ဒီဇိုင်းကိုတော့ ဂျပန်နိုင်ငံ JFE ကုမ္ပဏီက ရေးဆွဲ ထုတ်လုပ်ပြီး တံတား အရှည် ၄၈၁ မီတာ၊ တံတားအရှည်နဲ့ ချဉ်းကပ်လမ်းများ အရှည် အပါအ၀င် ၆၂၇. ၇၅ မီတာ၊ လမ်းအကျယ် ၁၄. ၂ မီတာ ဖြစ်ပြီး အမြင့် ၁၈ ပေ၊ ခံနိုင်ရည်ဝန် တန် ၆၀ နဲ့ တနာရီ ကီလိုမီတာ ၅၀ နှုန်း မောင်နှင်နိုင်မှာ ဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ကြေညာခဲ့ဖူးပါတယ်။

No comments: