Wednesday, July 24, 2013

ကော့ကရိတ်မြို့နယ်၊ မဲ့ကနဲ ရွာအနီးရှိအသိမ်းခံရသည့် မြေ ယာများလျော်ကြေးပြန်ရ

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီခရိုင် ကရင်အမျိုးသား အစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ကော့ ကရိတ်မြို့နယ်၊ မဲ့ကနဲ ကျေးရွာအနီးရှိ အသိမ်းခံရသည့် ဒေသခံပိုင် မြေယာ ဧကများကို နယ်ခြားစောင့်တပ်(BGF)မှ မြန်မာကျပ်ငွေ သိန်း ၁၀၀ ကျော်ဖြင့် လျော်ကြေးပြန်ပေးလိုက်ပြီ ဟု ဒေသခံရွာသား များက ပြော ဆိုနေကြသည်။

ထိုဒေသရှိ ဒေသခံပိုင်မြေများအပါအ၀င် အများပိုင်မြေယာဧက ၁၀၀ ကျော်ကို BGF က စခန်းတည်ဆောက် ရန် နေရာအဖြစ် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ဆန်းပိုင်းက စတင်သိမ်းယူထားခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ၂၀ရက်နေ့ တွင် BGF (၁၀၂၂)တပ်ရင်းမှူး ဗိုလ်မှူးမုတ်သုန်ကိုယ်တိုင် မဲကနဲကျေးရွာသို့ လာရောက်လျော်ကြေး ပြန်ပေး လိုက်ခြင်းဖြစ်သည်။

မဲ့ကနဲရွာ ဒေသခံတစ်ဦးက “ဗိုလ်မှူး မုတ်သုန်က ကျနော်တို့ ရွာသားတွေကို လာတွေ့တယ်။ မြေယာအသိမ်း ခံရတဲ့ သူတွေကို မြေအကျယ် အ၀န်းကို ကြည့်ပြီး လျော်ကြေးပြန်ပေးတယ်။ တစ်ယောက်ကို ငါးသိန်း၊ တချို့ မြေဧက ပိုကျယ်တဲ့သူတွေကို ငါးသိန်းအထက် ခြောက်သိန်းနီးပါး ပေးပါတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ဆက်လက်၍ တပ်စခန်းတည်ဆောက်နေသည့် ယခုမြေအတွင်းတွင် အထက်မှ မိန့်ကြားချက်အရ လုပ်ဆောင် ရခြင်းဖြစ်ပြီး မြေယာအသိမ်းခံရသည့် ဒေသခံများအနေဖြင့် ၎င်းကို နားလည်ပေးကြရန် ဗိုလ်မှူးမုတ်သုန်က မေတ္တာရပ်ခံခဲ့သည်ဟု ထိုမဲ့ကနဲ ဒေသခံက ပြန်လည်ပြောဆိုသည်။

မဲ့ကနဲရွာတွင် မြေယာအသိမ်းခံရသူများမှာ စောညိုလှ၊ စောကြီးတဲနဲ၊ နော်ဝေဖော၊ စောဘဲတဲ၊ စောဖားကော် ကေ၊ စောတူဖော၊ စောဖားအဲ့ထီး၊ နော်သူးစေး၊ စောမြရွှေ၊ စောမီးဘဲ့၊ စောစူးဖော၊ နော်ဖောကဘလာ့ဝါး၊ စောဟဲထူး၊ စောခို့ဘို့နှင့် စောဆာကပရူ အပါအ၀င် ၂၂ဦး ရှိကြောင်း သိရသည်။

မြေယာအသိမ်းခံရသူ ဒေသခံရွာသူရွာသားများက BGF မှ ပေးသည့် လျော်ကြေးသည် အပြည့်အ၀ မဟုတ် သော်လည်း ယခုလို အသင့်အတင့် ရရှိခဲ့သည့်အတွက် ၀မ်းသာကြကြောင်းနှင့် ဒေသခံရွာသားများအား ယခု ပေးသည့် လျော်ကြေးငွေများသည် ဗိုလ်မှူးမုတ်သုန် ပိုင်ဆိုင်သည့် ငွေဖြစ်ကြောင်း ပြောသည်။

လက်ရှိ ၎င်းမဲ့ကနဲရွာအနီးရှိ မြေယာများအတွင်းတွင် BGF တပ်စခန်းအတွက် တည်ဆောက်နေသည့် အဆောက်အဦးများသည် ပြီးစီးသွားပြီး အဆောက်အဦးအရေအတွက်ပေါင်း ၇၀ ခန့် ရှိကြောင်း ဒေသခံများက ဆိုသည်။

No comments: