Friday, July 5, 2013

ကြားဖြတ်ရွေးကောက်ပွဲ အကြိုည ပုလဲမြို့နယ် ဓားထိုး လူသတ်မှု အယူခံတင်မည်ဆို

နေမျိုး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီညက NLD အဖွဲ့ဝင် လူငယ်တဦးနှင့် ကြံ့ခိုင်ရေး ပါတီဝင် လူငယ်တဦး အချင်းများပြီး လူသတ်မှု ဖြစ်ပွားခဲ့ခြင်းအပေါ် ခရိုင်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခြင်း ခံလိုက်ရသည့် ဘက်မှ အယူခံတင်မည်ဟု လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဟိန်းအောင်လတ် က ပြောဆိုသည်။

ကိုဝင်းမင်းသန်း ဆိုသူမှာ ဓားဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ကိုဖိုးကျော် ဆိုသူအား လူသတ်မှုဖြင့် ရုံးတင် စစ်ဆေးကာ ဇွန်လအတွင်းက ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ခြင်း ဖြစ်သည်။

အယူခံတင်ရခြင်းမှာ ပြစ်ဒဏ် ချမှတ်ခြင်းခံရသူ သတ်ဖြတ်သည်ဟု သုံးသပ်၍ မရနိုင်သည့်အတွက်ဖြစ်ကြောင်း ဦးဟိန်းအောင်လတ် က မဇ္ဈိမကို ပြောသည်။

“လုံးထွေး သတ်ပုတ်ချိန်မှာ ဖိုးကျော်က အောက်မှာ၊ သေတဲ့သူက အပေါ်မှာ။ တကယ်လို့ ဖိုးကျော် က ထိုးခဲ့တယ်ပဲထားဦး၊ ဖိုးကျော်ရဲ့ အင်္ကျီပေါ်မှာ တခါတည်း သွေးစက်တွေ နီရဲနေအောင် မတွေ့ရဘူးခင်ဗျ။ ဖိုးကျော် သတ်တယ်လို့ သုံးသပ်လို့ မရဘူးခင်ဗျ” ဟု ဆိုသည်။

လုံးထွေး သတ်ပုတ်သည့် နေရာနှင့် သေဆုံးသည့် နေရာသည် ပေ ၁၀၀ ကျော်ခန့် ကွာခြားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“ဓား ပါလာပါတယ်၊ ထိုးပါတယ်ဆိုတာ ဘယ်သူမှ မြင်တဲ့သူ မရှိဘူးဗျ။ အယူခံကတော့ တက်ဖြစ်အောင် တက်မှာ။ မဖြစ်ဖြစ်တဲ့နည်းနဲ့ တက်မှာ။ သူထိုးခံရတဲ့ ဓားဒဏ်ရာက တော်တော်လေး ပြင်းထန်တယ်။ တကယ် လို့ ဖိုးကျော် ကသာ အဲဒီနေရာမှာ ဒီဓားမျိုးနဲ့ ထိုးမယ်ဆိုရင် သေဆုံးတဲ့ သူဟာ အဲဒီနေရာကနေ အဲလောက် အဝေးကို ပြေးဖို့ အင်အားရှိမှာ မဟုတ်ဘူး။ အဲဒီနေရာ ဓားနုတ်ပြီး လေပူဖောင်း အောက်ဆီဂျင် ထွက်လာပြီး တခါတည်း သေမှာပဲခင်ဗျ။ ဓားထိုးခံရတယ် ဆိုတဲ့ နေရာမှာကို သွေးကွက်မရှိဘူး။ ရဲ ကိုယ်တိုင်ကလည်း ဝန်ခံတယ်။ အော်သံလည်း မကြားဘူး” ဟု ရှေ့နေ ဦးဟိန်းအောင်လတ် က ဖြေရှင်းသည်။

ထိုအမှုအား စိတ်ဝင်စား၍ လေ့လာနေသူ မောင်ဖိုးကျော် ၏ မိတ်ဆွေတဦးဖြစ်သည့် ကဗျာဆရာမောင်ခက်သီ ကမူ သေဆုံးသူမှာ အခြားလူသတ်သမား၏ လက်ချက်ဖြင့်သာ ဖြစ်နိုင်ကြောင်း ယူဆသည်။

“ဓားဒဏ်ရာက ကြီးမားတယ် ပြတ်ရှတယ်။ နက်ရှိုင်း ထိုးခွဲသည့် ဒဏ်ရာဖြစ်တယ်။ တကယ်လို့သာ ဖိုးကျော်နဲ့ဖြစ်တာဆိုရင် အဲဒီနေရာမှာ ‘အား’ လို့ အော်ရမယ်။ သွေးတွေ ပွက်ပွက် ထရမယ်။ သေဆုံးသူ ပြေးသွားမယ့် လမ်းမှာလည်း သွေးစက်တွေ ရှိရမယ်။ အဲလို သွေးစက်တွေလည်း မရှိဘူး။

ခြေလှမ်း ၃၀၀ လောက် အတွင်း တနေရာရာမှာ သေဆုံးသူဟာ လုပ်ကြံခံရဖွယ် ရှိတယ်လို့ ယူဆနိုင်တဲ့ အကြောင်းရှိတယ်။ အဲဒီ သံသယရဲ့ အကျိုးကို မောင်ဖိုးကျော် ခံစားရတာ မရှိဘူး” ဟု ထောက်ပြ ပြောဆို သည်။

အခင်းဖြစ်ပွားသည့် ၂၀၁၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ညက ဗွီဒီယိုရုံတရုံတွင် ဒေါ်အောင်ဆန်း စုကြည် အား ကွန်ပျူတာ Photo shop လုပ်ဆောင်ချက်များဖြင့် အသရေဖျက်ထားသည်ဟု ယူဆရသည့် ရုပ်ရှင်ခွေ တခွေ ပြသသည်ကို မှတ်တမ်းသွားတင်ရာမှ စတင်ခဲ့သည့်အမှု ဖြစ်ကြောင်း မောင်ခက်သီ က ဆက်ပြော သည်။

“ပြစ်ဒဏ်ကျခံရတဲ့ မောင်ဖိုးကျော် က အဲဒါကို MP4 နဲ့ သွားရိုက်တာ။ ဗွီဒီယိုရုံ ပြတဲ့သူက MP4 ကို လုတာ။မောင်ဖိုးကျော် က ထွက်ပြေးသွားတယ်။ နောက်က လိုက်ပြီး ဗွီဒီယိုရုံနဲ့ ခြေလှမ်း ၃၀၀ အကွာမှာ လုံးထွေး သတ်ပုတ်တဲ့ အမှုဖြစ်စဉ်ပဲ” ဟု ဆိုသည်။

ပြစ်ဒဏ် ကျခံနေရသူ ကိုဖိုးကျော်သည် NLD အဖွဲ့ဝင်တဦး ဖြစ်ပြီး သေဆုံးသူ ကိုဝင်းမင်းသန်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တဦးဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသွားသည်။

No comments: