Thursday, July 4, 2013

ရိုဟင်ဂျာကို ကူညီထောက်ပံ့ဖို့ အီရန်အသင့်ဖြစ်နေ

ABC

အီရန်နိုင်ငံအနေနဲ့ ​ရိုဟင်ဂျာဒုက္ခသည်တွေကို ​ကူညီထောက်ပံ့မှုတွေ ​ပေးဖို့ ​အဆင်သင့်ရှိနေတယ်လို့ ​အီရန်နိုင်ငံခြားရေးဌာနက ​ပြောလိုက်ကြောင်း ​Press ​TV ​သတင်းအရ ​သိရပါတယ်။

နေပြည်တော်မှာ ​မြန်မာနိုင်ငံ ​ဒုနိုင်ငံခြားရေးဝန်ကြီး ​ဦးဇင်ယော်နဲ့ ​တွေ့ဆုံစဉ်မှာ ​အီရန်နိုင်ငံ ​ဒုနိုင်ငံ ​ခြားရေး ​ဝန်ကြီးက ​ပြောလိုက်တာဖြစ်ပြီး ​အီရန်နိုင်ငံရဲ့ ​ပေါ်လစီအရ ​မွတ်စလင်တွေ ​နေထိုင်တဲ့နေရာမှာ ​ဖွံ့ဖြိုးတိုးတက်ရေးတွေ ​လုပ်ဖို့ပါရှိတာကြောင့် ​အီရန်နိုင်ငံအနေနဲ့ ​အကူအညီတွေ ​ပေးလိုတာဖြစ်ကြောင်းလည်း ​ရှင်းပြခဲ့တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခနဲ့ပတ်သက်ပြီး ​အီရန်နိုင်ငံ ​အာဏာပိုင်တွေနဲ့ ​ပညာရှင်တွေက ​စိုးရိမ်မကင်းဖြစ်နေကြပြီး ​မြန်မာအစိုးရအနေနဲ့ ​ထိရောက်တဲ့ ​ပြဿနာဖြေရှင်းမှုတွေ ​လုပ်ကိုင်ဖို့လည်း ​တိုက်တွန်းလိုက်ပါတယ်။

တဆက်တည်းမှာပဲ ​ရခိုင်ပြည်နယ်မှာ ​ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ ​လုပ်ကိုင်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့ ​မျက်နှာလိုက်မှုတွေ ​လုပ်နေတယ်လို့ ​အပြောမခံရအောင် ​သတိနဲ့ ​လုပ်ဆောင်သင့်တယ်လို့ ​ကုလသမဂ္ဂသတင်းတွေကို ​ဖော်ပြလေ့ရှိတဲ့ ​IRIN ​ရဲ့ ​ဆောင်းပါးတစ်ခုမှာ ​ရေးသားထားပါတယ်။

ရခိုင်တွေနဲ့ ​ရိုဟင်ဂျာတွေကြား ​ပဋိပက္ခတွေ ​ဖြစ်ပြီးနောက်ပိုင်း ​ဒုက္ခသည်အယောက်ပေါင်း ​သိန်းနဲ့ချီရှိနေပြီး ​ရိုဟင်ဂျာဒုက္ခသည်တွေပိုများတဲ့အတွက် ​ရိုဟင်ဂျာတွေကို ​ကူညီထောက်ပံ့မှုတွေ ​ပိုပေးသလိုဖြစ်နေတာကို ​ရခိုင်လူမျိုးတစ်ချို့တွေက ​မကျေနပ်တဲ့အတွက် ​ကူညီထောက်ပံ့မှုတွေက ​ပြဿနာဖြစ်အောင် ​တနည်းတလမ်းအားဖြင့် ​အားပေးအားမြောက်ပြုရာ ​ဖြစ်နိုင်တဲ့အတွက် ​သတိနဲ့ ​လုပ်ဆောင်သင့်တယ်လို့ ​ပါရှိပါတယ်။

ကူညီထောက်ပံ့ရေးအဖွဲ့အစည်းအများစုက ​ဘက်လိုက်မှုမရှိပဲ ​ဒုက္ခရောက်သူတွေကို ​ကူညီထောက်ပံ့မှု ​ပေးနေတာဖြစ်ပေမယ့် ​ဘက်လိုက်မှုတွေ ​လုပ်နေတယ်ဆိုတဲ့အမြင်တွေကြောင့် ​ကူညီထောက်ပံ့မှု ​လုပ်ရာမှာ ​ပွင့်လင်းမြင်သာမှုရှိဖို့အတွက် ​သက်ဆိုင်ရာ ​လူမျိုးတွေ၊ ​အဖွဲ့အစည်းတွေနဲ့ ​ဆက်သွယ်မှုလုပ်ပြီး ​ဘယ်သူ့ကို ​ဘာကြောင့် ​ကူညီထောက်ပံ့မှုတွေ ​လုပ်ရတယ်ဆိုတာမျိုး ​ရှင်းပြမှုတွေလုပ်မှသာ ​အမြင်စောင်းတာတွေ ​လျော့ကျနိုင်တယ်လို့ ​ပါရှိပါတယ်။

ကူညီထောက်ပံ့မှုတွေကို ​ရိုဟင်ဂျာတွေကပဲ ​ပိုရနေတယ်လို့ ​ရခိုင်လူမျိုးတွေ ​မြင်နေသ၍ကာလပတ်လုံး ​နှစ်ဖက် ​တင်းမာမှုတွေကို ​လျော့ချနိုင်မှာမဟုတ်ပဲ ​ကူညီထောက်ပံ့ရေးကြောင့် ​ပြဿနာပိုဖြစ်တာမျိုးတောင် ​ဖြစ်လာနိုင်တယ်လို့ ​နိုင်ငံတကာ ​ပဋိပက္ခလေ့လာရေးအဖွဲ့ရဲ့ ​အကြီးအကဲက ​IRIN ​ကို ​ပြောခဲ့ပါတယ်။

No comments: