Friday, July 26, 2013

“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အုပ်ချုပ်ရေးမှူး ဖြုတ်ချမှု ဒေသခံ ၁၅၀ခန့် ရှမ်းပြည်အစိုးရရုံးရှေ့ စုရုံး မေးခွန်းထုတ်

ဂျွန်ချစ်ငြိမ်း | သောကြာနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၃

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဆီဆိုင်မြို့နယ်၊ ပုန်းအင်းကျေးရွာ အုပ်စုရှိဒေသခံကျေးရွာသား ၁၅၀ ကျော်ခန့်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပုန်းအင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ရာထူးက ဖြုတ်ချလိုက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင် ၂၄ ရက် ညနေ၂း၃၀မိနစ်တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လာရောက်စုဝေး မေးမြန်းခဲ့ကြသည်။

“၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းက ပုန်းအင်းကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ဦးအောင်ဝင်းက စတင် ဆောင်ရွက်ခဲ့တာပါ။ သူ့ကို တစ်ရွာလုံးကလည်း ထောက်ခံပါတယ်။ ဒါကို ဇူလိုင် ၁၅ ရက်က ရာထူးကနေ ဖြုတ်ချခံရလို့ မည်သည့်အကြောင်းပြချက်နဲ့ ဖြုတ်ချခဲ့တယ်ဆိုတာ သိရှိလိုလို့ ကျွန်တော်တို့ ရွာသား အယောက် ၁၅၀ ကျော် တောင်ကြီးမှာ စိုက်ပျိုးစရိတ် ချေးငွေလာထုတ်ရင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးကို ၀င်ရောက် မေးမြန်းရခြင်း ဖြစ်ပါတယ်”ဟု ပုန်းအင်းကျးရွာမှ လယ်စိုက်တောင်သူ ဦးစိုင်းအောင်သိန်း က မဇ္ဈိမကို ပြောဆိုသည်။

“ပြည်သူတွေရဲ့ဆန္ဒနဲ့ ရွေးကောက် တင်မြောက်ထားတဲ့ အုပ်ချုပ်ရေးမှူးကို ရာထူးမပြုတ်စေချင်တဲ့အတွက် လာရောက် မေးမြန်းစုံစမ်းရတာ”ဟုလည်း ၀မ်ပုန်းကျေးရွာမှ ဒေသခံ ကိုစိုင်းကစ်က ပြောသည်။

တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက အဆိုပါတောင်သူများအနေဖြင့် ဤကိစ္စကို သိရှိလိုပါက အစိုးရရုံးသို့ စာတင်နိုင်ပြီး ယခုလို အစိုးရရုံးရှေ့တွင် လာရောက်စုဝေးခြင်းသည် မကောင်းကြောင်း၊ ကိုယ်စားလှယ် သုံးဦးခန့်သာ လာရောက်ပြီး စုံစမ်းမေးမြန်းသင့်ကြောင်း ကျေးရွာသားများအား ပြန်လည် ပြောကြားခဲ့သည်။

No comments: