Friday, July 19, 2013

ဝံလက်ဖေါင်ဒေးရှင်းမှ ဘင်္ဂလာဒေခ်ျ့မှ ခိုလုံရန် ရောက်ရှိလာသူများကို သိန်းပေါင်း ၁၁၀ ဖိုး ကူညီ

နိရဉ္စရာ

ရခိုင်ပြည် အတွင်း လူမူရေး လုပ်ငန်းများကို ဆောင်ရွက်နေသော ၀ံလက် ဖေါင်ဒေးရှင်းသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ အကြောင်းအမျိုးမျိုးကြောင့် ခိုလုံရန် ရောက်ရှိနေကြသော ဘင်္ဂလာဒေခ်ျ့မှ ရခိုင်မျိုးနွယ်စုများကို ကျပ်ငွေ သိန်းပေါင်း ၁၁၀ ကူညီလှူဒါန်းကြောင်း သတင်း ရရှိသည်။

ကူညီလှူဒါန်းရန် မောင်တောမြို့သို့ ရောက်ရှိနေသော ၀ံလက် အဖွဲ့မှ တာဝန် ရှိသူ တစ်ဦး ဖြစ်သည့် ကိုခိုင်ကောင်းစံက သူတို့ဘ၀ အဆင်ပြေစေရန် အတွက် စေတနာဖြင့် ထည့်ဝင်ကြသော ပြည်သူများ၏ အလှူငွေကို စုဆောင်းပြီး လာရောက်လှူဒါန်း ဖြစ်ကြောင်း ပြောဆိုသည်။

“ ကျနော်တို့အခု ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံထဲ့ကို ၀င်ရောက်လာတဲ့ ကျနော်တို့ ဗုဒ္ဓ ဘာသာ နွယ်ဝင်တွေလည်းဖြစ်၊ နောက်ရခိုင်မျိုးနွယ်စုတွေလည်းဖြစ်တဲ့ ဒိုင်းနက်၊ သက်၊ ရခိုင်တို့ အတွက် နေပြီးတော ကျနော်တို့ ၀ံလက်ဖောင်ဒေးရှင်းက ကောက်ယူ စုဆောင်း ရရှိထားတဲ့ လူမှု အထောက်အကူပြု ကယ်ဆယ်ရေး ပစ္စည်းတွေ လာရောက်လှူဒါန်းလာခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။

“ အဓိက ဘယ်လို ပစ္စည်းတွေ ကူညီမှာပါလဲ” ဟု မေးတော့…………..

ကိုခိုင်ကောင်းစံမှ “ ဒီကနေ့ ကျနော်တို့ ကူညီမှာက ဆန်၊ ငွေ နဲ့ နောက် အ၀တ်အထည်၊ ခြင်ထောင်၊ အိုးခွက်၊ပြီးတော့ အိမ်အသုံးအဆောင်ပစ္စည်းတွေ ဖြစ်ပါတယ်” ဟု ဆိုသည်။

၎င်းပြင် သူက “ ကျနော်တို့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကလည်း မောင်တောမြို့နယ် တောင်ပိုင်းမှာ ရှိနေတဲ့ ဘင်္ဂလာက လာတဲ့ ဒုက္ခသည်တွေကို ကျပ် သိန်းခြောက်ဆယ်လောက် ကူညီပေးခဲ့ပြီးပါပြီ။ ဒီတစ်ကြိမ်တော့ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြို၊ အောင်သပြေ၊ နံသာတောင် ဒေသတွင် ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခင် သိန်း ခြောက်ဆယ်ကို မောင်တောမြို့နယ် တောင်ပိုင်းတွင် တည်ရှိသော ခရေမြိုင်၊ လောင်းဒုံ၊ အောင်သာယာ၊ ကန်ပြင်သာစည် တို့တွင် လှူဒါန်း ကူညီခဲ့သည်ဟု သိရသည်။

ယခု လှူဒါန်း ကူညီမည့် ပစ္စည်း တန်ဖိုးစုစုပေါင်းမှာ သိန်း ၁၁၀ ၀န်းကျင် နီးပါးရှိပြီး ၎င်းငွေထဲတွင် စစ်တွေမြို့မှာ ၄ ရက် အလှူ ကောက်ခံ ရရှိခဲ့သော ငွေကျပ် ၈၁ သိန်းကျော်နှင့် ကျန်ငွေများမှာ မလေးရှား၊ အမေရိကန်မှာ ရောက်နေကြသော ရခိုင်လူငယ်အသင်းအဖွဲ့များက ပေးပို့ ကူညီသော ငွေများ ဖြစ်ကြောင်း ကိုခိုင်ကောင်းစံက ဆိုသည်။

ကိုယ်တိုင်သွားတော့ ဘင်္ဂလာဒေခ်ျ့က လာတဲ့ ဒုက္ခသည်တွေကို ဘယ်လိုမြင်ပါသလဲဟု မေးမြန်းရာ ကိုခိုင်ကောင်းစံက ယခုလို ပြောသည်။

“ အစိုးရဘက်ကလည်း အတိုင်းအတာ တစ်ခုထိတော့ ပံ့ပို့ထားပုံ ရပါတယ်။ အိမ်တွေ ဆောက်ပေး ထားတယ်။ နတလ ကျေးရွာတွေမှာ ဖြန့်ပြီးတော့ နေရာချပေးထားတာကို တွေ့ရတယ်။ နောက်ပြီး စားဖိုးအတွက် WFP ကလည်း ဆန်တချို့ပေးထားတာကိုတွေ့ရပါတယ်။ နောက်ပြီး အလှူရှင် တွေကလည်း လာပြီးတော မောင်တောမှာရှိတဲ့ ဗဟိုကျောင်းဆရာတော် ဦးအာစရဆီကတဆင့် လှူးဒါန်း ကူညီ နေကြတာတွေကိုလည်း တွေ့ရပါတယ်။ လောလောဆယ်မှာတော့ သူတို့ရဲ့ စားဝတ်နေရေးက အဆင်ပြေတယ်လို့ အကြမ်းဖျင်း ပြောလို့ ရနိုင်ပေမယ့် ရေရှည် ရပ်တည်မှု အတွက်ကတော့ အစိုးရရဲ့ အစီအစဉ်တွေ လိုမယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။

ယခုအခါ မြန်မာနိုင်ငံသို့ ခိုလုံရန် ရောက်ရှိလာသူ ရခိုင်မျိုးနွယ်စု ဗုဒ္ဓဘာသာဝင် ၁၂၀၀ ကျော် ရှိသွားပြီ ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့တွင် နိုင်ငံရေး အခြေအနေ အနာဂတ်တွင် ယခုထက် ပိုမို ဆိုးရွားလာပါက လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ မြန်မာသို့ ပြောင်းရွှေ့မူမှာ ပိုမို များပြားလာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

ဘင်္ဂလာဒေခ်ျ့တွင် ဗုဒ္ဓဘာသာကိုးကွယ်သည့် လူနည်းစု ရခိုင်၊ မာရမာကြီး (ဘရ၀ါ)၊ မာရမာ၊ သက်၊ ဒိုင်းနက်၊ မြုံ လူဦးရေမှာ စုစုပေါင်း (၂) သန်း နီးပါးခန့် ရှိနိုင်သည်ဟု ခန့်မှန်ထားကြသည်။

No comments: