Wednesday, July 17, 2013

ဘင်္ဂလီများကို နိုင်ငံသားပေးရန် ဘန်ကီမွန်းတောင်းဆိုချက် ရခိုင်ပါတီများလက်မခံ

မိုးဇော်

ရခိုင်ပြည်အတွင်းသို့ တစ်ဖက်နိုင်ငံမှ ခိုးဝင်ရောက်ရှိလာသော ဘင်္ဂါလီလူမျိုးများကို မြန်မာနိုင်ငံသားအဖြစ် လက်ခံရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သော်လည်း လက်ခံနိုင်စရာမရှိဘဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရှိသူများကိုသာ နိုင်ငံသားပေးမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)တို့မှ တာဝန်ရှိသူများက ပြောကြားသည်။

ဘင်္ဂလီလူမျိုးများကို မြန်မာနိုင်ငံသားအဖြစ် အစိုးရမှ တရားဝင်သတ်မှတ်ပေးရေး အပါအ၀င် လူနည်းစုများ၏ နစ်နာဆုံးရှုံးမှုများကို တရားဝင်ဖြစ်စေဖို့နှင့် အာဏာပိုင်များဖက်မှ လိုအပ်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးဖို့ အရေးကြီးကြောင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှာ ၁၉၈၂ ခု နိုင်ငံသား ဥပဒေရှိပြီး ၄င်းဥပဒေအရ ၁၈၂၄ ခု မတိုင်ခင် တည်ရှိခဲ့သော တိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးများဖြစ်ပြီး ယင်းလူမျိုးများနှင့် လူမျိုးစုအနွယ်များက အလိုအလျောက် မြန်မာနိုင်ငံ၏ တိုင်းရင်းသား၊ နိုင်ငံသား ဖြစ်ခွင့်ရှိကြောင်း၊ သို့သော် မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်ပြည်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ဆက်နေသည့်အတွက်ကြောင့် ယင်းနိုင်ငံထဲက ခေတ်အဆက်ဆက် နည်းမျိုးစုံနှင့် ဝင်လာသော နိုင်ငံခြားသားများရှိကာ သူတို့ကို ၁၉၈၂ ခု နိုင်ငံသား ဥပဒေအရ၊ လုပ်ထုံးလုပ်နည်းအရ ဆုံးဖြတ်မယ်ဆိုပါက ဥပဒေနှင့်ကိုင်ပြီးမှ နိုင်ငံသား ပေးခွင့်ရှိကြောင်း၊ အလိုအလျောက် နိုင်ငံသားပေးခွင့်မရှိကြောင်းကို ALD ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

" ဒီကနေ့ ၁၉၈၂ ခု နိုင်ငံသားဖြစ်မှု ဥပဒေဟာ တည်ဆဲဥပဒေ ဖြစ်တဲ့အတွက်ကြောင့် တခြားမည်သည့် လူမျိုးပဲဖြစ်ဖြစ် လက်ရှိတိုင်းရင်းသားများဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစတဲ့ လူမျိုးကြီး (၈)မျိုးနဲ့ ပတ်သက်တဲ့ မျိုးနွယ်စုတွေကတော့ တိုင်းရင်းသားလူမျိုးဖြစ်ပြီးတော့ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ရှိပါတယ်။ ကျန်တဲ့လူမျိုးတွေကတော့ ၈၂ ခု နိုင်ငံသား ဥပဒေအရ လုပ်ထုံးလုပ်နည်းနဲ့ညီရင် နိုင်ငံသားဖြစ်မယ်။ မညီရင် နိုင်ငံသား မဖြစ်ပါဘူး။ အဲဒီတော့ နည်းမျိုးစုံနဲ့ ခိုးဝင်လာလို့ရှိရင်တော့ နှစ်ပေါင်းဘယ်လောက်ပဲကြာကြာ နိုင်ငံသား ဖြစ်ခွင့်မရှိပါဘူး။ သူတို့ကိုတော့ ဒုက္ခသည်စခန်းမှာဖြစ်ဖြစ်၊ UNHCR လိုမျိုး အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ တတိယနိုင်ငံသို့ ပို့ရင်ပို့ရပါမယ်။ " ဟု ဥက္ကဌက ဆိုသည်။

ယခုလို ဘန်ကီမွန်း၏ ပြောဆိုချက်သည် ရခိုင်ပြည်၏ အရှိတရားအပေါ် လုံးဝနားမလည်ဘဲ လက်လွှတ်စပယ် ပြောဆိုရာရောက်ပြီး သူ့တောင်းဆိုမှုသည် OIC အစည်းဝေးပြီး နောက်ပိုင်းမှာ ထွက်ပေါ်လာသည့်အတွက် OIC ၏ နောက်ဆက်တွဲ ဂယက်နှင့် ၄င်းနောက်ကွယ်မှာ မမြင်နိုင်သော ရိုတ်ခတ်မှုရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက နိရဉ္စရာ၏ မေးမြန်းခြင်းတစ်ခုတွင် ဖြေကြားထားသည်။

" ဒီလို မြန်မာနိုင်ငံနဲ့ ရခိုင်ဒေသရဲ့ အခြေအနေမှန်တွေကို တစ်စုံတစ်ရာ နားမလည်ဘဲနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးတစ်ဦးက ခုလိုတောင်းဆိုတဲ့ အပေါ်မှာ လုံးဝလက်မခံနိုင်ဘူး။ " ဟု သူကဆိုသည်။

မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အချာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် မည်သူမဆို လေးစားလိုက်နာရန် လိုကြောင်းနှင့် ပုံစံမျိုးစုံဖြင့် အကြောင်းပြ ဖိအားပေးတောင်းဆိုနေမှု အပေါ်မှာလည်း စိတ်ပျက်မိကြောင်း ဦးလှစောက ဆက်ပြောသည်။

ဘယ်လို ပုံစံမျိုးနှင့် ဘယ်လောက်ပဲ ဖိအားပေးပေး၊ တခြားနိုင်ငံ ကုလသမဂ္ဂပဲဖြစ်ဖြစ် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်စွက်ဖက်လို့တော့ မရကြောင်းနှင့် မြန်မာနိုင်ငံမှာရှိသည့် တည်ဆဲဥပဒေအရပဲ ဆောင်ရွက်ရမှာဖြစ်ကြောင်း ALD ဥက္ကဌ ဦးအေးသာအောင်ကလည်း ဆိုထားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းက ဘင်္ဂလီများကို နိုင်ငံသားဖြစ်ခွင့် အပါအဝင် လူနည်းစု၏ နစ်နာချက်များကို တရားဝင်ဖြစ်စေဖို့ အာဏာပိုင်များက လိုအပ်သည့်လုပ်ဆောင်မှုများရှိဖို့ အရေးကြီးသည်ဟု ကုလသမဂ္ဂ ကြေညာချက် ထုတ်ပြန်တောင်းဆိုခြင်းကို မြန်မာအစိုးရက လက်ခံနိုင်စရာအကြောင်းမရှိဟုဆိုကာ ပယ်ချလိုက်သည်။

ပြည်ပက သုံးနှုန်းနေသည့် ရိုဟင်ဂျာ တိုင်းရင်းသား၊ မျိုးနွယ်စုဆိုသော အသုံးအနှုန်းမှာ မြန်မာနိုင်ငံမှာ သုံးနှုန်းခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူးလာသူများဖြစ်သောကြောင့် ဘင်္ဂါလီဟုသာ သုံးစွဲကြောင်းနှင့် သူတို့၏နိုင်ငံသား ဖြစ်ခွင့်ကိုလည်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ထိပ်တန်း အစိုးရအရာရှိကြီး တစ်ဦးဖြစ်သူ ဦးရဲထွဋ်က ပြောသည်ဟု The Voice မှာ ဖေါ်ပြထားသည်။

No comments: