ABC
မြန်မာအစိုးရက အစိုးရ၀န်ကြီးဌာနရုံးတွေဖြစ်ခဲ့တဲ့ ကိုလိုနီခေတ်လက်ထက်က အဆောက်အဦး ၄ ခုကို ဟော်တယ်အဖြစ်ပြုလုပ်ဖို့အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်တွေထံ ရောင်းချသွားမယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံ မှုနဲ့ ကုမ္ပဏီများ ညွန်ကြားရေးမှုဦးစီးဌာန မနေ့က ပြောလိုက်ပါတယ်။
အဆောက်အဦးတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေထံ ရောင်းချရတဲ့ အကြောင်းအရင်းကတော့ အစိုးရက ရှေးမူလက်ယာမပျက် ပြန်လည်ပြင်ဖို့ ငွေကြေး မတပ်နိုင်တဲ့ အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအဆောက်အဦး ၄ခုဟာ စွမ်းအင် ၀န်ကြီးဌာနရုံးဟောင်း၊ ဟော်တယ် ခရီးသွားဝန်ကြီးဌာနရုံးဟောင်း၊ ကုန်သွယ်ရေး ကော်ပရေး ရှင်း အမှတ် ၅ ရုံးဟောင်းနဲ့ ထုတ်ကုန် သွင်းကုန် လုပ်ငန်းရုံးချုပ်ဟောင်းတို့ ဖြစ်ကြပါတယ်။
အဆောက်အဦး တွေကို ရောင်းချဖို့အတွက် ဇူလိုင်လ ၂၅ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ရုံး အောက်ထပ်မှာ သတင်းစာရှင်းလင်းပွဲ တခုပြုလုပ်ခဲ့ပြီးတော့ အခုလို ဟော်တယ်အဖြစ် ရောင်းချ အသွင်ပြောင်း ရတဲ့အကြောင်းကို ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး သတင်းထောက်တွေကို အခုလိုပြော ပါတယ်။
“နံပါတ်တစ်က ကျနော်တို့ ရန်ကုန်မြို့မှာ ပေါ်ပေါက်နေတဲ့ ဟော်တယ်ခန်း ကြပ်တည်းမှု ပြဿနာ အဲ့ဒါကို ကျနော်တို့က အမြန်ဆုံးဖြေရှင်းနိုင်အောင်၊ နံပါတ်နှစ်အချက်က ငါတို့က ဟော်တယ်ခန်းအဖြစ်နဲ့ ပြောင်းချင်းအားဖြင့် တိုင်းပြည် စီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့လုပ်ရတယ်။ နံပါတ်သုံးအချက်ကတော့ ဒီအဆောက်အဦးတွေဟာ ကိုလိုနီခေတ်က အဆောက်အဦး တွေပါ။ တကယ်တမ်းပြောရရင်တော့ ရှေးဟောင်းအဆောက်အဦးတွေပါ။ ဒီဟာတွေက ရေရှည်ထိမ်းသိမ်း ထားဖို့ တိုင်းပြည်မှာ လိုအပ်ပါတယ်။ ဒါကျနော်တို့ရဲ့ အမွေအနှစ်ဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာတွေကို နိုင်ငံတော်က တာဝန်ယူပြီးတော့ ထိမ်းသိမ်းဖို့ ရံပုံငွေအခက်အခဲရှိလာပါတဲ့အတွက် ကျနော်တို့က ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တာဝန်ယူထိမ်းသိမ်းခြင်းအားဖြစ် တာနိုင်ငံတော်အတွက်လည်း ယှဉ်ကျေးမှုထိမ်းသိမ်းရာ ရောက်တယ်။”
ကျန်အဆောက်အဦးတွေဖြစ်ကြတဲ့ အတွင်းဝန်ရုံးလို့ လူသိများတဲ့ ၀န်ကြီးများရုံးကိုတော့ မနုံမာအနုပညာ အဖွဲ့က ပြတိုက်အဖြစ် ပြင်ဆင်မွမ်းမံဖို့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန က ခွင့်ပြုထားပြီး မြေငှားရမ်းခွင့်အတွက် ညှိနှိုင်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ရန်ကုန်တိုင်း စုပေါင်း တရားရုံးကြီးကိုတော့ တရုတ်ကုမ္ပဏီတစ်ခုကို ဟော်တယ်အဖြစ် လုပ်ကိုင်ခွင့်ပြုထားတဲ့အတွက် ရှေ့နေများ ကွန်ယက်အဖွဲ့က အစိုးရနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်တွေကို တရားစွဲဆိုဖို့ ပြင်ဆင်နေကြောင်း ရှေ့နေများကွန်ယက်ကနေပြီး တရားဝင် စာတင်ထားတင်ထားတယ်လို့သိရပါတယ်။
အစိုးရရုံးဟောင်း အဆောက်အဦး ၄ ခုကို ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ဗဏီတွေ၊ တိုင်းရင်းသား လုပ်ငန်းရှင်တွေအပါအ၀င် ကုမ္ပဏီ ၈၀ ကျော် တင်ဒါ လျှောက်ထားခဲ့ပြီး နောက်ဆုံး စကာတင် အဖြစ် အဆောက်အဦး တစ်ခုအတွက် ကုမ္ပဏီ ၃ ခုစီ ရွေးချယ်ထားပြီး တင်ဒါအနိုင်ရမယ့်စာရင်းကို ဇူလိုင် ၂၈ ရက်မှာ ကြေညာမယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment