Tuesday, July 23, 2013

ဓားဖြင့် အိမ်ပေါ်တက်ကြိမ်းသူကို ပုဒ်မနှစ်ခုဖြင့် တရားစွဲ

ဟင်္သာ(တောင်တွင်းကြီး) | အင်္ဂါနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၃

တောင်တွင်းကြီးမြို့နယ်ရှိ မြို့မရဲစခန်းမှ လေးမိုင်ခန့်အကွာတွင်ရှိသော လယ်ပြင်သာရွာတွင် ဇူလိုင် ၂၀ ရက်က ဓားကိုင်၍ အိမ်ပေါ်တက်ကြိမ်းသည့် အမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ယင်းဒေသရဲစခန်းမှ သတင်း ထုတ်ပြန်သည်။

အိမ်ရှင် ဦးဘိုဒွေးသည် ယင်းနေ့ညနေပိုင်းက မိသားစုနှင့်အတူရှိနေစဉ် တစ်ရွာတည်းသား အသက် ၂၃ နှစ်အရွယ် ကိုဝင်းလွင်ဌေးက အရက်တိုက်ရန် လာပြောသဖြင့် မတိုက်နိုင်ကြောင်းငြင်းရာမှ ထိုကိစ္စအစ ပြုခဲ့ခြင်းဖြစ်သည်ဟု ရဲကို တရားလိုက စွပ်စွဲတိုင်တန်းထားသည်။

ထိုသို့ပြောသဖြင့် ကိုဝင်းလွင်ဌေးက ခါးကြားတွင် အသင့်ပါလာသော ဓားမြှောင်ကို အပြင်သို့ ထုတ်ပြသဖြင့် ဦးဘိုဒွေး၏ ဇနီးက “ဘာလုပ်တာလဲ” ဟု အော်လိုက်သဖြင့် အိမ်ပေါ်မှ ဆင်းသွားခဲ့ကြောင်းလည်း ရဲကို ထွက်ဆိုထားသည်။

ထို့နောက် ကိုဝင်းလွင်ဌေးက ဒုတိယအကြိမ် အိမ်ခြံဝင်းအတွင်းသို့ ပြန်ဝင်လာပြီး အိမ်အောက်ဆင်းခဲ့ရန်နှင့် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း ရဲဌာနတွင် ကာယကံရှင် ဦးဘိုဒွေးက ထွက်ဆိုထားသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ရဲစခန်းတွင် ဦးဘိုဒွေးက တရားလို ပြုလုပ်တိုင်တန်းသဖြင့် ရဲများက အမှု အမှတ်(ပ)၁၄၀/၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ ကိုဝင်းလွင်ဌေးကို ရဲများက ဖမ်းဆီးလိုက်ပြီဟုလည်း သတင်းထုတ်ပြန်ထားသည်။

စွပ်စွဲခံရသူ ကိုဝင်းလွင်ဌေးသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၂ ပိုင်နက်ကျူးလွန်မှု နှင့် ပုဒ်မ ၅၀၆ ခြောက်လှန့်မှုတို့ဖြင့် တရားစွဲ ခံရမည်ဟုလည်း ရဲဌာနကဆိုသည်။

No comments: