Tuesday, July 16, 2013

တပ်သိမ်းမြေယာများ ညွန်ကြားချက်မရှိသေး၍ ပြည်နယ်မှ ဆောင်ရွက်ရန် ရပ်ဆိုင်းထား

ကန္တာရဝတီတိုင်း(မ်)

ပြည်သူများက အစိုးရထံ တင်ပြတောင်းဆိုထားကြတဲ့ တပ်သိမ်းလယ်ယာမြေကိစ္စနှင့် ပတ်သက်၍ မည်သည့် ညွန်ကြားချက်မှ မရှိသေးသည့်အတွက် ၎င်းကိစ္စတွေကို ဆောင်ရွက်ရန် ရပ်ဆိုင်းထားရတယ်လို့ ကယားပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေဝန်ကြီး ဦးပိုးရယ်ရန်အောင်က ပြောပါတယ်။

ယခုအခါ သိမ်းဆည်းထားတဲ့ မြေတွေကိုပြန်ပေးမည်ဆိုသည်မှာ ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ လုပ်ငန်း စီမံကိန်းအပြည့်အဝအသုံးမပြုတဲ့ မြေတွေကိုသာ ဆိုထားကြောင်း တပ်မှ သိမ်းဆည်းထားတဲ့ လယ်ယာ၊ ခြံမြေတွေ ဆိုထားခြင်း မဟုတ်တဲ့အတွက် ပြည်နယ်အစိုးရအနေဖြင့် တပ်သိမ်းမြေယာကိစ္စနှင့် ပတ်သက်ပြီး ရပ်ဆိုင်းထားရတာဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ကြီးက "တို့ကယားပြည်မှာဆိုလို့ရှိရင် ဒီကုမ္ပဏီကသိမ်းထားတဲ့မြေတို့ လုပ်ငန်းရှင်သိမ်းထားတဲ့မြေတို့ ဒါတွေတော့မရှိဘူးလေ။ တပ်နဲ့ပါတ်သက်တာတွေတော့ ရှိတာပေါ့။ ရှိတဲ့ဥစ္စာတွေလည်းပဲ ကိုယ့်ဆိုင်ရာဆိုင်ရာတွေတော့ တို့ပြည်နယ်အစိုးရကို တင်ထားတာတွေရှိတယ်။ တင်ပြီးတော့မှ ကျနော်တို့ ပြည်နယ်အစိုးရလည်း ဒီညွန်ကြားချက်မရှိတဲ့ခါကျတော့ ကျနော်တို့လည်း ဒီလိုပဲ ရပ်ဆိုင်းထားတယ်ပေါ့နော။ ”လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်စသည့် နေရာများတွင် စစ်တပ်မှ သိမ်းယူထားတဲ့ မြေယာတွေ ရှိနေပြီး ပြည်သူတွေက အစိုးရထံ တင်ပြတောင်းဆိုမှုတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။

တပ်သိမ်းမြေတွေ ပြည်သူတွေ ပြန်လည်ရရှိဖို့အတွက် တင်ပြတောင်းဆိုထားတဲ့ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာဟောင်းမှ ကိစ္စမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေထံ တင်ပြတောင်းဆိုထား သော်လည်း ယခုအချိန်ထိ အကြောင်းမထူးသေးဘူးလို့ ငွေတောင်ကျေး ရွာမှ ဒေသခံ ဦးလှဦးက ပြောပါတယ်။

ငွေတောင်ကျေးရွာမှ ဦးလှဦးက “ကျနော်တို့က အစိုးရကိုပြောတာကတော့ အဆင့်ဆင့်ပဲ တင်ပြထားပြီးပြီလေး၊ ကျနော်တို့ လွှတ်တော်အထိလည်း ဒီစာကပေးသွားပြီးပြီ ကျနော်တို့အတွက် ဒီစာကို ကြည့်ရှု့ခြင်းအားဖြင့် ကျနော်တို့ပြောစရာ သိပ်မလိုလောက်တော့ဘူး ထင်တာပဲ” လို့ ပြောပါတယ်။

၎င်းငွေတောင်ရွာဟောင်းကို ခလရ ၁၀၂ တပ်ရင်းမှ သိမ်းယူခဲ့တဲ့ မြေဧက ၇၀ရှိတဲ့ ငွေတောင်ရွာဟောင်းကိုလည်း မကျူးကျော်ရန် သတ်မှတ်သည့်သဘောဖြင့် စစ်တပ်မှ ကျွန်းပင်များ လိုက်လံ စိုက်ပျိုးထားပြီး ဖြစ်ပါတယ်။

No comments: