Saturday, July 13, 2013

ကူမင်း ကျောက်ပြပွဲတက်ရောက်သည့် မြန်မာကုန်သည်များထံမှ မူးယစ်ဆေးဝါးဖမ်းမိ

သျှမ်းသံတော်ဆင့်

ယူနန်ပြည်နယ် ကူမင်းမြို့၌ ယခုလ ၁၀ ရက်နေ့က စတင်ကျင်းပသည့် ကျောက်မျက်ပြပွဲသို့ ရွှေလီမြို့မှ မြန်မာ ကျောက်ကုန်သည်အများအပြား သွားရောက်ကြရာ တရုတ်အာဏာပိုင်များက အဆိုပါ မြန်မာကုန်သည်တချို့ထံမှ မူးယစ် ဆေးဝါးများ ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည် ။

ယခုလ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၉ ရက်တာ ကျင်းပမည့် အဆိုပါ ကျောက်မျက်ပြပွဲ တက်ရောက်ရန် မြန်မာကုန် သည်များရွှေလီမြို့မှ ထွက်ခွာစဉ် လမ်းခရီး၌ ဖမ်းဆီးမှုများရှိခဲ့ကြောင်း အမည်မဖေါ် လိုသူ မြန်မာကျောက်ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ရွှေလီကနေ ထွက်တော့ လမ်းမှာမူးယစ်ဆေးဝါးတွေ့ပြီး ဖမ်းတာပေါ့နော်။ အဲဒီမူးယစ်ဆေးဝါးနဲ့ ဆက်စပ်တယ်လို့ ယူဆရ တဲ့သူ ၆ ဦးကိုတော့ ကူမင်းမြို့ စန့်ဟိုင်ဆားလုံ ဟော်တည်မှာ ၁၀ ရက်နေ့က လာဖမ်းသွားတယ် ” ဟု သူက ဆိုသည် ။

ရွှေလီမြို့မှ ကျောက်မျက်ပြပွဲ တက်ရောက်သည့် မြန်မာကုန်သည် စုစုပေါင်း ၂၀၀ ခန့်ရှိကြောင်း လက်ရှိတွင် ကျောက်စိမ်း အချောထည်များ အရောင်းအဝယ်ဖြစ်ကြောင်း သူက ဆက်ပြောသည် ။

“ရွှေလီကသွားတဲ့သူ ဘာလူမျိုးဖြစ်ဖြစ် မြန်မာတွေပဲလို့ ပြောရမှာပေါ့နော်။ ပြည်တွင်းထဲကနေလာတဲ့ ကုန်သည်ကတော့ အရမ်းကို နည်းပါတယ်။ လောလောဆယ် အရောင်းအဝယ်ဖြစ်နေတာက အချောထည်ပေါ့နော်။ တရုတ်ငွေ ထောင်ပိုင်း သောင်း ပိုင်းတန်တွေ ဖြစ်နေတယ်။ သိန်းပိုင်းတွေတော့ မဖြစ်ဘူး ” ဟု ဆိုသည် ။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးသည့် သတင်းနှင့်ပတ်သက်၍ တရုတ် ရွှေလီမြို့ နှင့်နယ်စပ်ခြင်း ထိစပ်နေသည့် မူစယ်မြို့ အာဏာပိုင်အသိုင်းအဝိုင်းက ဟုတ်မှန်ကြောင်း အတည်ပြုပြောသော်လည်း အသေးစိတ်ကို ပြောဆိုခြင်း မရှိပေ ။

No comments: