Thursday, July 4, 2013

ဆာမူရိုင်းဂိုဏ်းကြောင့် ထိုင်းရောက်သျှမ်းများ အကျပ်အတည်းရင်ဆိုင်နေရ

သျှမ်းသံတော်ဆင့်

တညလျင် သျှမ်း အလုပ်သမား အယောက် ၅၀ ဖမ်းဆီးရန် ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသအမှတ် ၅ ရဲတပ်ဖွဲ့ က အမိန့် ချလိုက်ကြောင်း စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ ရွှေ့ပြောင်း သျှမ်းအလုပ်သမားများအား ဖမ်းဆီးရန် ယခုလ ၁ ရက်နေ့က ချင်းမိုင်အပါအဝင် ၁၂ ခရိုင်အားထိန်းချုပ်သည့် ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသအမှတ် ၅ ရဲဌာနချုပ်က ချင်းမိုင်မြို့ ချန့်ဖိတ်ရဲစခန်းထံသို့ ညွှန်ကြားချက်ပေးပို့လိုက်ကြောင်း မက်ပ်ဖောင်ဒေးရှင်း ၏ FM 99 မက်ပ်ရေဒီယိုမှ ဒါရိုက်တာ စိုင်းဆိုင်မိဏ်း မန်းကောန်း ကသျှမ်းသံတော်ဆင့်အားပြောပြသည်။

“ ရဲစခန်းတခုတည်းမဟုတ်ဘူး။ ချင်းမိုင်မြို့ ရဲစခန်းတိုင်းကို အမိန့်ချတာ။ စခန်းတခု တညကို သျှမ်းအယောက် ၅၀ ဖမ်းဆီး ရမယ်လို့အမိန့်ချထားတယ်။ အမြဲတမ်းဖမ်းမယ်လို့တော့မဟုတ်ဘူး။ သူတပါးကိုလိုက်လံ သတ်ဖြတ်နေတဲ့ လူဆိုးဂိုဏ်းကို ဖမ်းဆီးရှင်းလင်းနိုင်တဲ့အချိန်အထိပေါ့။ ဘယ်လောက်ကြာမယ်လို့တော့ မပြောတတ်ဘူး။ အလုပ်သမားကတ်ဘဲကိုင်ကိုင် ယာယီပတ်စပို့ဘဲကိုင်ကိုင် တောင်ပေါ်သားကတ်ဘဲကိုင်ကိုင် စာရွက်စာတမ်းအပြည့်အစုံဘဲရှိရှိ စစ်ဆေးမယ်။ အားနည်းချက်တခုခုတွေ့ရင် သို့မဟုတ် ထူးခြားချက်တခုခုတွေ့ရင် ယာယီဆက်ဖမ်းထားပြီး သူဌေးကိုဖုန်းဆက်ခေါ်ပြီး ရဲစခန်းမှာ အာမခံလာလုပ်ခိုင်းမယ်။ ဒါမှပြန်လွှတ်မယ်လို့ပြောတယ်။ ရိုးရိုးသားသားလုပ်ကိုင်စားသောက်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နေရထိုင်ရ ခက်ခဲသွားမှာပေါ့ ” ဟု ဆိုပါသည်။

ပြီးခဲ့သည့် ဂျွန်လနှောင်းပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ညနက်ချိန် လူတစုက ဆာမူရိုင်းဓါးဖြင့် သူတပါးအား လိုက်လံ ခုတ်ဖြတ်နေမှုမှာ ထိုင်းရောက်သျှမ်းရွှေ့ပြောင်း အလုပ်သမားများ၏ လက် ချက်ဖြစ်သည်ဟုဆိုကာ ၂၄ နာရီပတ်လုံး မြို့အနှံ့ ရဲများ ဂိတ်ချစစ်ဆေးဖမ်းဆီးနေသည့်အပြင် ဒေသအမှတ် ၅ ရဲဌာနချုပ်မှ ထိုသို့ထပ်မံညွှန်ကြားလာ ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က အဆိုပါစစ်ဆေးမှုနှင့် တိုးမိသည့် သျှမ်းလူငယ်တဦးက “ ရဲတွေက ကျနော့်ဆိုင်ကယ်ကို တားပြီး - ထိုင်းယိုင် (သျှမ်း) လား လို့မေးတယ်။ ထိုင်းယိုင် မဟုတ်ဘူး လို့ပြောလို့ လွှတ်လိုက်တယ်။ ထိုင်းယိုင်ပါ လို့ဖြေရင် အလုပ်သမား ကတ်တွေဘာတွေမှာလဲ စစ်ဆေးတွေ့မိရင်တော့ ဖမ်းတယ်။ အလုပ်ရှင်ကလာပြီး အာမခံပေးမှ ပြန်လွှတ်တာ” ဟု သျှမ်း သံတော်ဆင့်အား ပြောပါသည်။

ဆာမူရိုင်းအဖွဲ့ဟူသည်မှာ ချင်းမိုင်မြို့၌ လွန်ခဲ့သော ၁၀ နှစ်ကျော် ကတည်းက ရှိနေခဲ့သည့် ထိုင်းလူငယ်အဖွဲ့ဖြစ်ပြီး ည အချိန် သွားလာသည့်လူများအား လိုက်လံနှောင့်ယှက်ရိုက်နှက်မှုပြုခဲ့သည်။ သို့သော် ရဲများ၏ လိုက်လံဖမ်းဆီးမှုကြောင့် ငြိမ်သက်သွား သည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဂျွန်လ နှောင်းပိုင်းက သျှမ်းလူငယ် အဖွဲ့တဖွဲ့မှ အဆိုပါ ဆာမူရိုင်းဓါးကိုင်၍ သစ်သီးရောင်းသူတဦးအား လိုက်လံခုတ်ဖြတ်မှုကို ရဲများကဖမ်းဆီးခဲ့သဖြင့် ၎င်း တို့အား ဆာမူရိုင်းအဖွဲ့ဟု (ထပ်မံ) အမည်ပေးခဲ့ရာမှ သျှမ်း အလုပ်သမားများ နာမည်ဆိုးရသွားသည့်အပြင် နေထိုင်လုပ် ကိုင်စားသောက်ရခက်ခဲသွားခြင်းဖြစ်ကြောင်း ချင်းမိုင်မြို့တွင်း သျှမ်းအလုပ်သမားများအရေးဆောင်ရွက်နေသည့် စိုင်းဝန်းကလည်းရှင်းပြပါသည်။

“ အခုလို ဖမ်းမိန့်ချလာပြီဆိုရင်တော့ ထိုင်းရဲတွေကတော့ တရက်ကို အယောက် ၅၀ မပြည့်ပြည့်အောင် သူတို့ဖမ်းမှာဘဲ။ ဒါကြောင့် ချင်းမိုင်မြို့ထဲမှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့လူတွေ ဖြူစင်တဲ့လူတွေ ဓါးစာခံမဖြစ်ရလေအောင် သတိထားသွားလာစေချင်ပါတယ်” ဟုလည်း ဆိုပါသည်။

ဂျူလိုင် ၁ ရက်နှင့် ၂ ရက်နေ့အတွင်း ချင်းမိုင်မြို့ရှိ သျှမ်းအလုပ်သမား ၂၁၅ ယောက်အား ထိုင်းရဲများကဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်မြို့ cm108 မီဒီယာကလည်း ဖော်ပြထားပါသည်။

ရွှေ့ပြောင်းသျှမ်းအလုပ်သမားများအား ၂၄ နာရီပတ်လုံး နေရာမရွေး ထိုကဲ့သို့ လိုက်လံဖမ်းဆီးမှုမျိုး ၂၀၀၉ ခုနှစ်ကလည်း ဖြစ်ခဲ့ဖူးသည်။ ထိုစဉ်က ဆောက်လုပ်ရေးအလုပ်သမား အိုက်ထွန်းနှင့် အိုက်ပိတ်က မယ့်ကျို့တက္ကသိုလ် ကျောင်းသူတဦးအား မုဒိန်းကျင့်၍ သတ်ဖြတ်ခဲ့ရာမှ ရွှေ့ပြောင်းအလုပ်သမား ထောင်နှင့်ချီအဖမ်းခံခဲ့ရဖူးပါသည်။

No comments: