Wednesday, July 24, 2013

မန္တလေးတရားပွဲဗုံးခွဲမှု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေး

ဦးလွင် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၄ ရက် ၂၀၁၃

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၆ လမ်း၌ ကျင်းပခဲ့သည့် မစိုးရိမ်ဆရာတော် ဦးဝီရသူ၏ တရားပွဲအနီးတွင် ဇူလိုင်၂၁ရက်က လက်လုပ်ဗုံးတစ်ခု ပေါက်ကွဲခဲ့ရာ ထိုကိစ္စနှင့်ပတ်သက်၍ သံသယရှိသူများကို ရဲများက ဖမ်းဆီးထားပြီဖြစ်ကြောင်း မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

ရဲများက သံသယရှိသဖြင့် ဖမ်းဆီးထားသူနှစ်ဦးရှိပြီး ၎င်းတို့ကို တရားပွဲပြုလုပ်ခဲ့သည့် အနီးအနားရှိ အေးမေတ္တာဆေးခန်းနှင့် KING မုန့်ဆိုင်တို့တွင် တပ်ဆင်ထားသော CCTVလုံခြုံရေးကင်မရာများ မှတ်တမ်းများ မှတစ်ဆင့် ခြေရာခံကာ လိုက်လံစုံစမ်းခဲ့ခြင်း ဖြစ်သည်ဟု ရဲဌာနက မှတ်တမ်းတင်ထားသည်။

သံသယရှိသူများ၏ အမည်ကို ရဲဌာနက မထုတ်ပြန်သေးသော်လည်း သူတို့နှစ်ဦးကို နေအိမ်တွင် ဖမ်းမိခဲ့ပြီး လက်ရှိတွင် ခရိုင်ရဲမှူးဦးစီးသော အမှုစစ်အဖွဲ့နှင့်အတူ ရဲမှူးခင်မောင်စိုးဦးစီးသောအဖွဲ့တို့က စစ်ဆေး မေးမြန်းမှုများ ဆောင်ရွက်နေပြီဖြစ်သည်ဟု ရဲဌာနက ထုတ်ပြန်သည်။

တရားပွဲအနီး ဗုံးကွဲမှုကြောင့် သံဃာတစ်ပါး၊ အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ငါးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် သံဃာတော်နှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့မှာ သက်သာသွား ပြီဖြစ်သဖြင့် ဆေးရုံမှ ဆင်းသွားပြီဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

ဒဏ်ရာရရှိသည့် ကျန်အမျိုးသမီးနှစ်ဦးသည် အရေးပေါ်ဌာနတွင် ဆေးကုသလျှက်ရှိပြီး ၎င်းတို့၏ ပေါင်တွင် သံစဟု ယူဆရသော အစတစ်ခုစီ တွေ့ရှိရသဖြင့် ခွဲစိတ် ကုသမည်ဖြစ်ကြောင်း ရဲဌာနက ဆိုသည်။

မန္တလေးတိုင်းတွင် ဧည့်ပရိသတ်များပြားနိုင်သည့် နာမည်ကြီးဆရာတော်များ၏ တရားပွဲများကို လုံခြုံရေး တင်းကျပ်ရန်ညွှန်ကြားထားပြီး ကျောက်ဆည်တွင် ဇူလိုင် ၂၃ ရက်၌ ကျင်းပမည့် သီတဂူဆရာတော်၏ တရားပွဲတွင် ရဲ ၃၀ ဦးပင် လုံခြုံရေး စောင့်ကြပ်ပေးမည်ဟု သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းရရှိသည်။

No comments: