Wednesday, July 24, 2013

နိုင်ငံရေးအကျဉ်းသား ၇၃ ယောက်လွတ်၊ တိုင်းရင်းသားအတော်များများပါဝင်

ABC

သမ္မတ ​ဦးသိန်းစိန်ရဲ့ ​လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ​ဇူလိုင် ​၂၃ ​ရက်နေ့မှာ ​ရန်ကုန်အကျဉ်းထောင် ​အပါအ၀င် ​အကျဉ်းထောင်အသီးသီးက ​နိုင်ငံရေးအကျဉ်းသား ​၇၃ ​ယောက်ကို ​လွတ်ပေးလိုက်ပြီး ​အဲ့ဒီထဲမှာ ​တိုင်းရင်းသား ​လက်နက်ကိုင် ​တော်လှန်ရေးအဖွဲ့တွေက ​တပ်ဖွဲ့ဝင်တွေ ​အတော်များများ ​ပါဝင်တယ်လို့ ​သိရပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ​ဒုတိယအကြိမ်မြောက် ​ဥရောပ ​ခရီးစဉ်အတွင်း ​ဒီနှစ်မကုန်ခင် ​နိုင်ငံရေးအကျဉ်းသား ​အားလုံးလွှတ်ပေးမယ်လို့ ​ကတိပေးပြီး ​မကြာခင်မှာပဲ ​ခုလို ​လွှတ်ပေးလိုက်တာ ​ဖြစ်ပါတယ်။

အဲ့ဒါ့အပြင် ​တိုင်းရင်းသားလက်နက်ကိုင် ​အဖွဲ့တွေ ​အားလုံးနဲ့ ​ပြည်လုံးကျွတ် ​အပစ်အခတ် ​ရပ်စဲနိုင်တော့မယ်ဆိုတာမျိုးတွေပါ ​ပြောခဲ့ပြီးနောက် ​အခုတစ်ကြိမ် ​လွှတ်မြောက်လာသူတွေထဲမှာ ​တိုင်းရင်းသားတွေ ​အတော်များများ ​ပါဝင်တယ်လို့လည်း ​သိရပါတယ်။

အဲဒီထဲမှာ ​ကရင်၊ ​ရှမ်းနဲ့ ​ကချင်လူမျိုးတွေ ​အများဆုံးပါဝင်ပြီး ​ကချင်လူမျိုး ​ဦးလထော်ဘရန်ရှောင်ကိုတော့ ​ဝန်ကြီး ​ဦးအောင်မင်းကိုယ်တိုင် ​လာခေါ်ပြီး ​နေရပ်အထိ ​ပြန်လည်ပို့ဆောင် ​ပေးခဲ့တယ်လို့ ​သိရပါတယ်။

မန္တလေးအိုးဘို ​အကျဉ်းထောင်ကနေ ​လွတ်မြောက်လာတဲ့ ​နိုင်ငံရေး ​အကျဉ်းသား ​၈ ​ဦးဟာ ​ရှမ်းနဲ့ ​ကချင်လက်နက်ကိုင် ​အဖွဲ့တွေက ​ဖြစ်ပြီး ​အဲ့ဒီထဲမှာ ​ထောင်ဒဏ် ​တစ်သက်တစ်ကျွန်း ​ကျခံနေကြတဲ့ ​ရှမ်းပြည်နယ်တပ်မတော် ​တပ်ဖွဲ့ဝင် ​အိုက်မွန်း၊ ​ဟိန်းဇော်၊ ​လှမြင့်၊ ​အိုက်တိ၊ ​စိုင်းအွန် ​နဲ့ ​ထောင်ဒဏ် ​၄၂ ​နှစ် ​ကျခံရတဲ့ ​အိုက်ညွန့် ​တို့ပါဝင်တယ်လို့ ​သိရပါတယ်။

ဒါ့အပြင် ​ထောင်ဒဏ် ​၆ ​နှစ်ကျခံနေရတဲ့ ​ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ဝင် ​ဇော်ဒွဲ ​နဲ့ ​ထောင်ဒဏ် ​၃ ​နှစ် ​ကျခံနေရတဲ့ ​မောင်ကျော် ​တို့လည်း ​ပြန်လွတ်လာကြောင်း ​သိရပါတယ်။

သာယာဝတီ ​အကျဉ်းထောင်ကနေ ​လွတ်မြောက်လာတဲ့ထဲမှာတော့ ​ဦးမြသောင်း၊ ​ဦးသန်းမောင်၊ ​စိုင်းကျိန်း၊ ​စိုင်းပန်၊ ​ဦးတင့်နိုင်၊ ​ထက်ပိုင် ​တို့ပါဝင်ပြီး ​သူတို့ဟာ ​ရှမ်းပြည်တပ်မတော် ​တောင်ပိုင်းက ​ထောင်ဒဏ်တစ်သက် ​ကျခံနေရသူတွေ ​ဖြစ်တယ်လို့ ​သိရပါတယ်။

မော်လမြိုင်အကျဉ်းထောင်ကလွတ်မြောက်လာတဲ့ထဲမှာတော့ ​ထောင်ဒဏ် ​၁၃ ​နှစ်ချမှတ်ခံခဲ့ရတဲ့ ​ကရင်အမျိုးသား ​ဦးကျော်မြင့်မျိုး ​လွတ်မြောက်လာပြီး ​သူဖမ်းဆီးခံခဲ့ရပုံကို ​အကျဉ်းထောင်ရှေ့မှာပဲ ​သတင်းထောက် ​တွေကို ​အခုလို ​ပြောဆိုပါတယ်။

နောက်ကြောင်းပြန်ပြီး ​အရေးယူထားတဲ့ ​နိုင်ငံတော် ​လျို့ဝှက်ချက်ဥပဒေ ​ပုဒ်မ ​၃ ​နဲ့ ​နိုင်ငံတော် ​၂၀၀၇ ​က ​အဖမ်းခံရတယ်။ ​ကျနော် ​အင်တာဗျူးလုပ်ခဲ့တာ ​၂၀၀၅ ​မှာ ​လုပ်ခဲ့တယ်။ ​နိုင်ငံခြားမှာ ​လုပ်ခဲ့တဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီးတော့ ​၂၀၀၇ ​ခုနှစ်မှာ ​ဖမ်းဆီးခံရတာပါ။ ​အဓိကကတော့ ​အစိုးရရဲ့ ​criminal ​case ​တွေ ​genocide ​တွေ ​နောက်ပြီးတော့ ​နျူးကလီးယား ​ပါဝါကိစ္စတွေ ​အဲဒီကိစ္စကို ​ကျနော့် ​အေ့ဂျင့်တစ်ယောက်၊ ​ကျနော့်ညီမှာပဲ ​ရေတပ်က၊ ​အဲဒါ ​သူ့ရဲ့ ​လင့်ကနေ ​တင်ပါတယ်ဆိုပြီး ​စွပ်စွဲပြီး ​တရားစွဲတယ်။ 

ဦးကျော်မြင့်မျိုး ​ဖမ်းဆီးခံခဲ့ရချိန်က ​ကျန်းမာရေးကောင်းမွန်ခဲ့ပေမယ့် ​ဖမ်းဆီးခံရပြီးနောက် ​စစ်ကြောရေးစခန်းမှာ ​ညင်းပန်းနှိမ့်စက်မှုဒဏ်ခံခဲ့ရမှုကြောင့် ​ခါးဆစ်ထိပြီး ​အောက်ပိုင်းမလှုပ်ရှားနိုင်ပဲ ​ဖြစ်နေတယ်လို့ ​သိရပါတယ်။ ​သမ္မတရဲ့ ​လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ​လွတ်မြောက်လာတဲ့အပေါ် ​သူ့အနေနဲ့ ​၀မ်းသာမိပေမယ့် ​မော်လမြိုင်အကျဉ်းထောင်အတွင်းမှာ ​အညတရ ​နိုင်ငံရေးအကျဉ်းသား ​၆ ​ယောက် ​ကျန်ရှိနေသေးတဲ့အတွက် ​၀မ်းမသာနိုင်ဘူးလို့လည်း ​အခုလို ​ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ​လွတ်လာတာကတော့ ​ဘယ်သူမဆို ​ဘာသာရေးကပဲ ​ကြည့်ကြည့် ​လူမှုရေးဖက်ကကြည့်ကြည့် ​ပျော်ကြတာပဲ။ ​ဒါပေမယ့် ​တကယ်တမ်း ​ပြောရတော့လည်း ​သိပ်ပြီးတော့ ​မပျော်နိုင်ဘူး၊ ​ဘာလို့ ​မပျော်နိုင်ဘူးလည်း ​ဆိုတော့ ​ကျနော်မှာ ​ဘာမှ ​မကျန်တော့ဘူး၊ ​ပြီးတော့ ​ကိုယ့်ရဲဘော်တွေ ​ကျန်ခဲ့တယ် ​ထောင်ထဲမှာ ​အညတရလေးတွေ၊ ​တကယ်လုပ်ခဲ့တဲ့ ​ရဲဘော်လေးတွေ ​ကျန်ခဲ့တယ်။ ​တချို့ဆိုရင် ​အပြစ်မရှိတဲ့သူတွေ၊ ​အပြစ်မရှိဘူးဆိုတာလည်း ​သိတယ်၊ ​သိသိနဲ့ ​ကျန်နေခဲ့ရတဲ့လူတွေ ​ရှိတယ်။ ​အဲဒီအတွက် ​ကျနော်မပျော်နိုင်ဘူးပေါ့။ 

အခုလို ​နိုင်ငံရေးအကျဉ်းသားတွေ ​လွတ်မြောက်ပေးမှုဟာ ​သမ္မတ ​ဦးသိန်းစိန်ရဲ့ ​ ဗြိတိန်နိုင်ငံ ​ခရီးစဉ် ​အတွင်းမှာ ​ဒီနှစ်မကုန်ခင် ​နိုင်ငံရေး ​အကျဉ်းသား ​တွေ ​အကုန်လွတ်ပေးမယ်လို့ ​ကတိပြုအပြီး ​ရက်ပိုင်းအတွင်း ​အကောင်အထည်ဖော်လိုက်တာဖြစ်သလို ​ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေး ​ကြေညာမယ်လို့ ​ပြောဆိုပြီးနောက် ​ခုလို ​တိုင်းရင်းသားလက်နက်ကိုင် ​အဖွဲ့ဝင် ​အများစု ​လွှတ်မြောက်လာတာလည်း ​ဖြစ်ပါတယ်။

နိုင်ငံရေး ​အကျဉ်းသားများ ​ကူညီစောင့်ရှောက်ရေး ​အသင်း ​AAPP ​ရဲ့ ​စာရင်းအရ ​ပြစ်ဒဏ်စီရင်ခံရသူ ​၁၆၀ ​နီးပါး ​နဲ့ ​တရားရင်ဆိုင်နေရသူ ​၇၀ ​ခန့်ပါဝင်တဲ့ ​နိုင်ငံရေးအကျဉ်းသား ​၂၃၀ ​လောက် ​အကျဉ်းထောင်တွေမှာ ​ရှိနေတယ်လို့ ​သိရကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

လှုပ်ရှားရေးသမားတွေကတော့ ​သမ္မတက ​နာမည်ကောင်းရဖို့အတွက် ​တသုတ်ပြီးတသုတ် ​လွှတ်ပေးနေတာသာ ​ဖြစ်တယ်လို့ပြောပြီး ​နောက်ထပ် ​ဖမ်းဆီးခံရသူတွေ ​ရှိနေတဲ့အတွက် ​အဲဒီအပေါ်စိုးရိမ်မကင်းဖြစ်နေရတယ်လို့လည်း ​ပြောနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ​ထပ်မံလွှတ်ပေးလိုက်တဲ့အပေါ် ​ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ​ဘန်ကီမွန်းက ​ကြိုဆိုလိုက်ပါတယ်။

No comments: