Saturday, July 13, 2013

နှေးကွေးနေသည်ဆိုသော်လည်း အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ တဖြည်းဖြည်းဝင်ရောက်နေ

သန်းကျော်စိုး

မြန်မာပြည်တွင်းဈေးကွက်သို့ အမေရိကန် ကုမ္ပဏီများ တဖြည်းဖြည်းချင်း ၀င်ရောက်နေသည်ဟု အမေရိကန်-အာဆီယံ စီပွားရေးကောင်စီ၏ ဒါရိုက်တာ အန်တိုနီနယ်လ်ဆင်က ဆိုသည်။

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ(USABC)၏ ဦးဆောင်မှုဖြင့် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များသည်မြန်မာနိုင်ငံသို့ ယခုသတင်းပတ် အစောပိုင်းတွင်လာရောက်ကာ သမ္မတဦးသိန်းစိန်၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်း လင်းပွဲပြုလုပ်ရာတွင် ယင်းသို့ပြောကြားခြင်းဖြစ်သည်။

“အမေရိကန် ကုမ္ပဏီများအတွက် သင့်လျော်တဲ့ စက်မှုလုပ်ငန်းတော်တော်များများ ရှိပါတယ်။ သို့သော် သူတို့က တဖြည်းဖြည်းချင်းဝင်ရောက်လာမှာ ဖြစ်ပါတယ်။ အခြားကုမ္ပဏီများလည်း ဒီလိုပဲလုပ်ဆောင်ပါလိမ့်မယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူများ နှစ်သက်တဲ့အခြေအနေများ ဖန်တီးနိုင်ဖို့အတွက် လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းအချို့ကိုပြင်ဖို့လိုပါတယ်” ဟု နယ်လဆင်ကဆိုသည်။

ယင်းကဆက်လက်ပြီး “ယခင်နှစ်တွေတုန်းကတော့ အမေရိကန်ကုမ္ပဏီတွေက မြန်မာပြည်အခြေအနေတွေကို လာရောက်လေ့လာတာလောက်ပဲ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ကုမ္ပဏီတွေကစီးပွားရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါပြီ”ဟု ပြောသည်။

“ဘဏ်လုပ်ငန်းတွေကို ဖွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍမှ အခွင့်အလမ်း အများကြီးရှိပါတယ်။ ဆက်သွယ်ရေး ဥပဒေလည်း ပြဋ္ဌာန်းလိုက်ပြီဖြစ်တဲ့အတွက် တယ်လီကွန်လုပ်ငန်းနဲ့ ဆိုင်တဲ့ အခွင့်အလမ်းတွေလဲ အများကြီးရှိပါတယ်။ စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ စိုက် ပျိုးရေးလုပ်ငန်းတွေ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းတွေများလည်း အခွင့်အလမ်းတွေရှိနေတယ် ဆိုတာ အမှန်ပါပဲ” ဟု ၎င်းမှ ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဒုတိယခရီးစဉ်ကို အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့Coca-Cola Company၊ GE၊ GM၊ Ford၊ Deloitte၊ ACE၊KPMG နဲ့ Cisco အတို့အပါအ၀င် ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေက မြန်မာပြည် အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနဲ့ ကိုယ်စားလှယ်ရုံးခန်းများ ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့ကြပြီးပါပြီ” ဟု သတင်းစာ ရှင်းလင်းပွဲတွင် Feldman မှဆိုသည်။

အမေရိကန် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံလုပ်ကိုင်ရန် အလားအလာ ရှိကြောင်းနှင့် အစိုးရချင်းသာမကဘဲ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်လိုကြောင်း ယင်းကဆက်လက်ပြောကြားသည်။

အမေရိကန်-မြန်မာ အစိုးရနှစ်ရပ်အကြား ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် မူဘောင်တစ်ခု ဖန်တီးနိုင်ရန်အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသဘော တူညီချက်အား အမေရိကန်အစိုးရနှင့် မြန်မာနိုင်ငံတို့မှ လွန်ခဲ့သော မေလ ၂၁ ရက် တွင်လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံအတွင်းတွင် စီးပွားရေးဆိုင်ရာ အခွင့်အလမ်း အများအပြားရှိနေသော်လည်း အမေရိကန် စီးပွားရေးကော်ပိုရေရှင်းများနှင့် ကုမ္ပဏီများဝင်ရောက်မှုမှာ နှေးကွေးနေသေးကာ ၂၀၁၃ ခုနှစ် ပထမသုံးလတာကာလအတွင်း အမေရိကန်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့်ရှိခဲ့ပြီဖြစ်သည်ဟု အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ထားသည်။

No comments: