Monday, July 22, 2013

အများပိုင်ကုမ္ပဏီတည်ထောင်ပြီး စက်မှုဇုန်များကို လျှပ်စစ်မီးပေးရန် ပြင်ဆင်

သီဟကိုကို | တနင်္လာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၃

စက်မှုဇုန်များ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် တင်ဒါ လျောက်နိုင်ရန် စက်မှုဇုန် လုပ်ငန်းရှင်များနှင့် ပြည်တွင်း (သို့) ပြည်ပကုမ္ပဏီတစ်ခု ပူးပေါင်းကာ အများပိုင်ကုမ္ပဏီတစ်ခု ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဇုန် လုပ်ငန်းရှင်များက မဇ္စျိမသို့ ပြောသည်။

ပြည်တွင်းနှင့်ပြည်ပမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ကုမ္ပဏီ ၁၀ ခုခန့်ဖြင့် စက်မှုဇုန်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးလျက်ရှိပြီး ယင်းကုမ္ပဏီများအနက် တစ်ခုဖြင့် လုပ်ငန်းရှင်များ ပူးပေါင်းပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းကာ ယခုလအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချမည့် အဆိုပြုလွှာတင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များကို ဓာတ်အား အပြည့်အဝ ထုတ်လုပ် ဖြန့်ဖြူးနိုင်ရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများကို ဇူလိုင်လဆန်းမှ စ၍ တင်ဒါခေါ်ယူထားပြီး အဆိုပြုလွှာများကို ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး တင်သွင်းရန် ကြေညာထားကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

စက်မှုဇုန် လုပ်ငန်းရှင်များကလည်း တစ်ဦး တစ်ယောက်တည်းဆိုပါက မတတ်နိုင်သဖြင့် အများနှင့် စုလုပ်လိုကြပြီး ရင်းနှီးမြှုပ်နှံမည့်သူများကလည်း လုပ်ငန်းရှင်များပါ ပါဝင်ပြီး ခိုင်မာအောင် စီစဉ်သည့် သဘောဖြစ်ကြောင်း လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။

ယင်းသို့ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ရာတွင် ရင်းနှီးမြှုပ်နှံမည့်ဘက်က လုပ်ငန်းရှင်တိုင်းက ရှယ်ယာ ၅၀ရာခိုင်နူန်း အထက် ထည့်ဝင်လိုကြောင်း တောင်းဆိုကြသည်ဟုလည်း ဆက်ပြောသည်။

စက်မှုဇုန်မှ လုပ်ငန်းရှင် တစ်ဦးက “ကျွန်တော်တို့ကတော့ မီးအချိန်ပြည့် ပေးဖို့သာ အာမခံပါ၊ ကျန်တာတွေက အလုပ်ရှုပ်တယ်၊ ဒီဇယ်ပဲ ဖြစ်ဖြစ်၊ ရေအားလျှပ်စစ်ပဲ ဖြစ်ဖြစ် အချိန်ပြည့် မီးရဖို့ အရေးကြီးတယ်” ဟု ပြောသည်။

ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီကြီးများလည်း ပါဝင်လျက်ရှိပြီးပြည်တွင်းမှ ရွှေတောင်ကုမ္ပဏီမှာလည်း ပါဝင်လျက်ရှိရာ ယင်း ကုမ္ပဏီက ဒီဇယ်ဖြင့် လျှပ်စစ်ဓာတ်အားပေးရန်အပြင် ဘီလူးချောင်း ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားဖြင့် စက်မှုဇုန်များသို့ ဖြန့်ဖြူးပေးနိုင်ရန် အစိုးရပိုင်းနှင့် ဆွေးနွေးထားကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

ဦးမြတ်သင်းအောင်က “အခုက တစ်ဦးကို တစ်ကြိမ်လောက်ပဲ ဆွေးနွေးရသေးတယ်လေ၊ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ရပါဦးမယ်၊ သူတို့နဲ့ ဆွေးနွေးတာကို အများကို ချပြရဦးမယ်၊ ကုမ္ပဏီတွေရဲ့ သဘောထားတွေ အပေါ်မှာ ဘယ်သူနဲ့ လက်တွဲ လုပ်မလဲဆိုတာကိုတော့ မရွေးချယ်ရသေးပါဘူး” ဟု ပြောကြားသည်။

ယင်းကိစ္စ အကောင်ထည်ဖော်ပြီးပါက စက်မှုဇုန်များတွင် တစ်ယူနစ်လျှင် ကျပ်၂၀ဝ ဝန်းကျင်ဖြင့် လျှပ်စစ်သုံးစွဲခွင့်ရမည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

ယခုနှစ် မေလဆန်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန် ၁၅ ဇုန်အား လျှပ်စစ်မီး လုံးဝ ဖြတ်တောက်ခဲ့ပြီး နောက်ပိုင်းတွင် လျှပ်စစ်မီး အမြဲမပြတ် လိုအပ်သော အအေးခန်း ရေထွက်ကုန် စက်ရုံများသို့သာ ပြန်လည်ပေးခဲ့ရာ အခြား စက်မှုကုန်ထုတ် လုပ်ငန်းရှင်များအနေဖြင့် ဒီဇယ်ဖြင့် လည်ပတ်ရသောကြောင့် လုပ်ငန်းအများစုမှာ အချိန်ပိုင်းဖြင့်သာ လည်ပတ်ခဲ့ကြရသည်။

No comments: