Monday, July 15, 2013

ရခိုင်ဒုက္ခသည်များကို ကူညီရန် “ ငြိမ်းချမ်းပါစေ မြန်မာပြည် ” ခေါင်းစဉ်ဖြင့် နယူးယောက်တွင် ရန်ပုံငွေရှာဖွေပွဲကျင်းပ

အာရ်ကန်တိုင်းမ်စ်

ဘင်္ဂလာဒေခ်ျ့မှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးကာ မောင်တောမြို့နယ်သို့ ခိုဝင်ရောက်ရှိလာကြသော ဒုက္ခသည် ရခိုင်မျိုးနွယ်စုများကို ကူညီရန် "ငြိမ်းချမ်းပါစေ မြန်မာပြည်" ခေါင်းစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အနီးတ၀ိုက်တွင် ရောက်ရှိနေထိုင်နေကြသည့် မြန်မာတိုင်းရင်းသား မိသားစုများက ယနေ့ ဇူလိုင်လ ၁၄ ရက် တနင်္ဂနွေနေ့တွင် ရန်ပုံငွေရှာဖွေ ဈေးရောင်းပွဲတော်တရပ်ကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

" ကျနော် မောင်တောကို ဖုန်းအဆက်အသွယ်လုပ်တိုင်း လုပ်တိုင်းမှာ ဘင်္ဂလာဒေ့ခ်ျ့က အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေး ခိုဝင်ရောက်ရှိလာကြတဲ့ ရခိုင်မျိုးနွယ်စုတွေဟာ ကန်းစွန်းရွက်ရေလုံပြုတ်ပြီး ဆင်းဆင်းရဲရဲ စားသောက်နေထိုင်နေကြရတဲ့ သတင်းကို ကြားရပါတယ်။ အဲဒီသတင်းတွေကို ကျနော်တို့ နယူးယောက်က ဗုဒ္ဓဘာသာ ရခိုင်ဘုန်းတော်ကြီးကျောင်းမှာ တွေ့ဆုံဆွေးနွေး စည်းဝေးပွဲတွေလုပ်တိုင်းမှာ ကျနော် သတင်းပေး တင်ပြလေ့ရှိခဲ့ရာကနေ အခုလို ရန်ပုံငွေရှာဖွေ ဈေးရောင်းပွဲတော်တရပ် ကျင်းပပြုလုပ်ဖြစ်ကြတာပါ။ " ဟု ပွဲတော်ဖြစ်မြောက်ရေးအတွက် စီမံခန့်ခွဲမှုကို ဦးဆောင်သူများထဲမှ ကိုထွန်းလှိုင်က အာရ်ကန်တိုင်းမ်စ်သို့ ပြောဆိုသည်။

ဈေးရောင်းပွဲတော်ကို ကိုဇော်ဇော်ထွန်း၊ ကိုထွန်းလှိုင်၊ ကိုကျော်ကျော်နှင့် ကိုနေတင်မြင့်တို့ က ဦးဆောင်စီမံခန့် ခွဲ၍ နယူးယောက်မြို့ ရခိုင်အင်အားစုများအပါအ၀င် မြန်မာမိသားစုများက ကာယလုပ်အားနှင့် အစားအသောက်များ ၀ိုင်းဝန်းပံ့ပိုးလှူဒါန်းကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပွဲတော်တွင် ရောင်းချခဲ့သည့် အစားအသောက်များမှာ မြန်မာထမင်း/ဟင်း (ကြက်၊ ၀က်၊ အမဲ၊ ဆိတ်ကလီစာ)၊ ဒံပေါက်၊ ရခိုင်မုန်တီ၊ မုန့်ဟင်းခါး၊ ပဲကြော်၊ ငပိချက်၊ ချဉ်ပေါင်ကြော် ကြက်သားသုတ်၊ ဝက်ဆီဖတ်သုတ်၊ ဝက်သားတုတ်ထိုး၊ မဆာလာဘုရင်/ကုလားပဲသုတ်၊ ငနီတူခြောက်အစပ်ကြော်၊ ရခိုင်ငပိထောင်း၊ သင်္ဘောသီးထောင်း(ထိုင်း)၊ ကြက်သား ပလာတာ၊ တိုဟူးသုတ်၊ အသုတ်စုံ၊ ကတ်ကြေးကိုက်၊ နန်းကြီးသုတ၊် ဆီချက်ခေါက်ဆွဲ၊ ကြာဆံသုတ်၊ ခေါက်စွဲသုတ် မုန့်ဖက်ထုတ်၊ မုန့်ခေါပြန်၊ ရွှေကျီ / စနွင်းမကင်း၊ ဘိန်းမုန့်၊ မုန့်လိပ်ပြာ၊ ပဲပြုတ်၊ အကြော်စုံ၊ ကြက်သာဆာတေး၊ ဆီထမင်း၊ သစ်ခွရည်၊ ဖါလူဒါ၊ မကျဉ်းဖျော်ရည်၊ ရွှေရင်အေး၊ သစ်သီးစုံ၊ ရေခဲသုတ်၊ ရေခဲ့မုန့်၊ ရေ/ အချိုရည်မျိုးစုံ၊ ကျောက်ကျော၊ Ice-Tea၊ ဘူးသီးကြော်၊ ပေါက်စီ စသည့် မြန်မာတိုင်းရင်းသားရိုးရာ အစားအသောက်များ စုံစုံလင်လင် ရောင်းချခဲ့ကြကြောင်း သိရသည်။

ဈေးရောင်းပွဲတော်အတွက် အရင်းမတည်ငွေ ကန်ဒေါ်လာ နှစ်ထောင် (၂၀၀၀) ခန့် ကုန်ကျပြီး ဈေးရောင်းပွဲတော်မှ အမြတ်ငွေ ငါးထောင် (၅၀၀၀) ခန့် ရရှိကြောင်းနှင့် အရင်းငွေနှင့် အမြတ်ငွေ စုစုပေါင်း ကန်ဒေါ်လာ ခုနှစ်ထောင် (၇၀၀၀) ခန့် ကို အာရက္ခဖောင်ဒေးရှင်းမှတဆင့် ဒုက္ခသည် ရခိုင်မျိုးနွယ်စုများအတွက် ဆန်အိတ်အပါအ၀င် အစားအသောက်ပစ္စည်းများ လှူဒါန်းကူညီသွားမည်ဟု ကိုထွန်းလှိုင်က ပြောဆိုသည်။

ပွဲတော်နဲ့ ပတ်သက်၍ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဗုဒ္ဓဘာသာ ရခိုင်ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော်တပါးလည်းဖြစ် အာရက္ခဖောင်ဒေးရှင်း၏ နယကလည်းဖြစ်သည့် ဒေါက်တာအရှင်နာယကက ပွဲစီစဉ်သူများနှင့် ပွဲလာဧည့်ပရိတ်အပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိကြောင်း မိန့်တော်မူသည်။

" ဒုက္ခသည် ရခိုင်မျိုးနွယ်စုတွေအတွက် ခုလို တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကူပေးကြတဲ့အတွက် နယူးယောက်မြို့ အနီးတ၀ိုက်က ပွဲစီစဉ်သူတွေနှင့် ပွဲလာဧည့်ပရိတ်အပေါင်းကို အာရက္ခဖောင်ဒေးရှင်းရဲ့ကိုယ်စား ဦးဇင်းက ကျေးဇူးဥပကာရ အထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ " ဟု မိန့်ကြားသည်။

ယခု လက်ရှိတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ မြန်မာနိုင်ငံသို့ ခိုလုံရန် ရောက်ရှိလာကြသော ရခိုင်မျိုးနွယ်စု ၂၉၂ စု ရှိပြီး လူဦးအားဖြင့် ၁၂၀၀ ကျော်သွားပြီ ဖြစ်ကြောင်း နိရဉ္စရာ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

အဆိုပါ ဒုက္ခသည် ရခိုင်မျိုးနွယ်စုများမှာ စားဝတ်နေရေးအတွက် ရုပ်ပိုင်းဆိုင်ရာအကူအညီနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

No comments: