Tuesday, July 16, 2013

မုဒိမ်းပြုကျင့်ခံခဲ့ရသူ တောင်ကုတ်မှ အမျိုးသမီးငယ် တရားရုံမှ အထွက် သတိလစ်သွား၍ ဆေးရုံတင်ရ

နိရဉ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် တရားရုံးတွင် တောင်ကုတ်မှ အမျိုးသမီးငယ် အပေါ် မတရားပြုကျင့်မူကို ယနေ့ စတင်ကြားနာ စစ်ဆေးရာ အမျိုးသမီးငယ်မှာ တရားရုံးမှ အထွက် သတိလစ် မူးမေ့သွားသဖြင့် ဆေးရုံတင်လိုက်ရသည်ဟု ရခိုင်လူကွန်ယက် (သံတွဲ) မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

“ အဲဒီကလေးမလေးက တရားရုံး အထွက်မှာ သတိလစ်သွားတဲ့ အတွက် ဆေးရုံ တင်လိုက်ရပါတယ်။ အခု အောက်စီဂျင် သွင်းထားရပါတယ်။ သတိမေ့နေတုန်းဘဲ ဖြစ်ပါတယ်” ဟု ယနေ့ ညနေ ၄ နာရီခန့်တွင် ဖုံးမှ တဆင့် မေးမြန်းစဉ် ရခိုင်လူမူ ကွန်ယက်မှ ကိုစိန်ချစ်က ထိုသို့ ပြောကြားသည်။

ယနေ့ သံတွဲမြို့နယ် တရားရုံးတွင် တောင်ကုတ်မြို့မှ မစုစုမွန် (၁၅) နှစ် (ဘ) ဦးသန်းကြည်အား မုဒိမ်းကျင့်ခံရသော အမူအား စတင်ကြားနာ စစ်ဆေးခဲ့သည်။

လူပေါင်း (၂၀၀) ခန့်က တရားရုံးသို့ အမူ စစ်ဆေးသည်ကို လာရောက် နားထောင် သော်လည်း အာဏာပိုင်များက တရားရုံး တံခါးကို ပိတ်ထားပြီး အပြင်လူများ တက်ရောက် နားထောင်ခွင့်ကို ပိတ်ပင် ထားခဲ့သည်ဟု ဆိုသည်။

“ အပြင်လူတွေကို ၀င်ခွင့်မပေးပါဘူး။ တံခါးပိတ်ထားပါတယ်။ တရားလိုဘက်က မစုစုမွန်နဲ့ တရားလို သက်သေ ကိုမိုးဝေတို့ကို စစ်ဆေးပါတယ်။ တရားခံတွေ ဖြစ်ကြတဲ့ ဗေလုဝ (ခ) ငပြူးနဲ့ နောက်တစ်ဦးကိုလည်း စစ်ပါတယ်။ ဘယ်လို ထွက်ဆိုတယ်ဆိုတာကိုတော့ အပြင်က မကြားရတဲ့ အတွက် မပြောနိုင်သေးပါ” ဟု သူက ဆိုသည်။

တရားခံများ ဖြစ်ကြသည့် ကမန် လူမျိုး (အစ္စလာမ်ဘာသာဝင်) ကိုနိုင်သူ (ဘ) ဦးမောင်မောင်နှင့် ကိုမင်းနိုင် (ခ) ဗေလုဝ (ခ) ငပြူး (ဘ) ဦးငလုံးတို့ အား ၃၆၆ ပုဒ်မ တပ်ပြီး ၃၆၇ အရ တရားစွဲကြောင်း တရားရုံးတွင် စာကပ်ထားသည်ဟု ဆိုသည်။

၃၆၆ နှင့် ၃၇၆ မှာ မုဒိမ်းမူ ဖြစ်ကြောင်း သူက ဆက်ဆိုသည်။

သံတွဲရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ယနေ့တွင် တရားခံ နှစ်ဦးကို ရုံးထုတ်သည်မှာ မှန်ကန်ကြောင်း အတည်ပြုကြားသော်လည်း စွဲဆိုသည့် ပုဒ်မနှင့် တရားရုံး အခြေအနေများကို မူ အထက် အရာရှိများ မရောက်သေးသဖြင့် မပြောဆိုနိုင်ကြောင်း ပြောသည်။

“ အထက်က လူကြီးတွေကို မေးမှ သိနိုင်ပါလိမ့်မယ်။ အခုသူတို့ မရောက်သေးဘူး” ဟု သံတွဲ ရဲစခန်းမှ တာဝန်ကျနေသူ တစ်ဦးက ဆိုသည်။

အမူကို နောက်လာမည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် ထပ်မံ စစ်ဆေးမည်ဟု သိရသည်။

No comments: