Wednesday, July 24, 2013

ရှမ်းပြည် မြောက်ပိုင်းတွင် အစိုးရတပ်များနှင့် တိုင်းရင်းသားတပ်များ တိုက်ပွဲဖြစ်ကာ ဆက်လက် တင်းမာနေဆဲဟုဆို

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၄ ရက် ၂၀၁၃

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ တပ်မဟာ ၄ နယ်မြေများနှင့် ပလောင် (တအာင်း) လွတ်မြောက်ရေးတပ် (TNLA) တို့ အခြေစိုက်ရာ စခန်းများသို့ အစိုးရ စစ်ကြောင်းများ လှုပ်ရှား
လာ၍ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယခုထိ တင်းမာမှုများ ရှိနေသည်ဟု KIO နှင့် TNLA တို့က ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းက KIA တပ်ရင်း ၃၆ ၏ မုန်းဂိုးဒေသ ပန်ဆိုင်း (ကြူကုတ်)မြို့ ဖိုင်းကောင်းတွင် အင်အား ၁၀၀ ကျော်ရှိ အစိုးရ၏ ခလရ ၁၂၃ တပ်ဖွဲ့များ ချဉ်းကပ် လှုပ်ရှားလာ၍ တနာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရဘက်မှ ပြန်လည် ဆုတ်ခွာသွားခဲ့သော်လည်း ယနေ့ထိ နှစ်ဖက် နီးကပ်စွာရှိနေသည်ဟု KIA ပြည်သူ့စစ် တပ်ခွဲ ၅ တပ်ရင်းမှူး ဇော်ဆိုင်းက မဇ္စျိမကို ပြောသည်။

“သူတို့က ကျနော်တို့ နေရာယူထားတဲ့ စခန်းမှာ တက်လာလို့ ညနေ ၅ နာရီလောက်ထိ တိုက်ပွဲဖြစ်တယ်။ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကျနော်တို့ဘက်က လက်နက်ငယ် နှစ်လက် ပေးလိုက်ရတယ်။ ကျနော်တို့လည်း လက်နက်ပြန်ရဖို့ သူတို့ကို ပြန်ပစ်တာ သူတို့က ရွာသားတွေရှိတဲ့ ဘက်ကို ဆုတ်သွားတော့ ကျနော်တို့လည်း မပစ်ဘဲ စောင့်ကြည့်နေတယ်” ဟု ပြောသည်။

ယနေ့ နံနက်ပိုင်း ၁၁ နာရီခန့်က အစိုးရတပ်ဘက်မှ လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်မှု ရှိသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ယမန်နေ့ တိုက်ပွဲအတွင်းလည်း ထိခိုက်ကျဆုံးခြင်း မရှိကြောင်း သူက ဆိုသည်။

ထိုအစိုးရ စစ်ကြောင်းမှာ KIA ပြည်သူ့စစ် တပ်ဖွဲ့များရှိရာ အနီးရှိ ခလန်ကျေးရွာတွင် သွားလာနေဆဲဖြစ်၍ တိုက်ပွဲပြန်လည် ဖြစ်ပွားနိုင်မည့် အခြေအနေ ရှိနေသည်ဟုလည်း ဆိုသည်။

ထို့ပြင် နမ်ဖတ်ကာမြို့နယ် KIA ၏ တပ်ရင်း ၈ ဒေသတွင်လည်း ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားနေသည်ဟု KIA တာဝန်ရှိ သူက အကြောင်းကြားလာသည်ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစိုးရစစ်ကြောင်းများ ငြိမ်သက်ခဲ့သော်လည်း ယမန်နေ့က ပြန်လည် လှုပ်ရှားလာသဖြင့် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းမှာ လွယ်ကူမည် မဟုတ်ကြောင်း တပ်ရင်းမှူး ဇော်ဆိုင်း က ဆိုသည်။

“တကယ် ခိုင်မာတဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်တဲ့ အစိုးရ ဖြစ်တယ်ဆိုရင် တဖက်မှာက တမျိုးလုပ်နေပြီး တဖက်မှာရှေ့တန်းမှာက စစ်အင်အား လှုပ်ရှားနေတာက စစ်မှန်တဲ့ လုပ်ဆောင်မှု မဟုတ်ဘူးလို့ မြင်တယ်။ အရင် ရက်ပိုင်းမှာ အစိုးရစစ်ကြောင်းတွေ မရှိသလောက်ဘဲ။ မနေ့ကမှ ရုတ်တရက် ပြန်တက်လာတော့ ငြိမ်းချမ်းရေး အဖြေမှန်ရဖို့ ခက်ခဲမယ်လို့ မြင်တယ်” ဟု ၎င်းက သုံးသပ်သည်။

လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သက်ဆိုင်သော သူများအပါအဝင် နိုင်ငံရေးအကျဉ်းသား ၆၈ ဦးကို ယမန်နေ့က လွှတ်ပေးခဲ့သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

အလားတူ မန်တုံမြို့နယ် ပန်ကန် ကျေးရွာအနီးတွင်လည်း TNLA တပ်ရင်း ၁၀၁ စခန်းရှိရာသို့ အစိုးရ၏ တပ်ရင်း ၅၀၆ စစ်ကြောင်းတကြောင်း အင်အား ၇၀၀ ကျော်ခန့်ဖြင့် လှုပ်ရှားလာ၍ ယမန်နေ့ ညနေပိုင်းတွင် တနာရီ ခန့်ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ပလောင်အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး မိုင်းဘုန်းကျော် က ပြောသည်။

“သူတို့ တပ်တွေက ပုံမှန်လှုပ်ရှားနေတာပဲ။ မနေ့က ညနေပိုင်းမှာ ဖြစ်တာ။ ကျနော်တို့ ရှိတဲ့ စခန်းကို အစိုးရတပ်ဘက်က တက်လာတော့ တိုက်ပွဲဖြစ်တယ်။ သူတို့ တက်လို့ မရတော့ ပြန်ဆုတ်သွားတယ်။ တနာရီလောက် ဖြစ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုတိုက်ပွဲအတွင်း အစိုးရဘက်မှ အနည်းဆုံး ၃ ဦးခန့် ကျဆုံးကာ ၄၊ ၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ အဆိုအရ သိရပြီး ၎င်းတို့ တပ်ဖွဲ့များ ထိခိုက်ကျဆုံးမှု မရှိဟု ဆိုသည်။ သို့သော် မဇ္ဈိမအနေနှင့် သီးခြား အတည်ပြုချက် မရယူနိုင်သေးပေ။

နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း စသည့် တအာင်း နယ်မြေအတွင်း အစိုးရစစ်အင်အား အင်အား ၂၀၀၀ မှ ၃၀၀၀ ခန့်ထိ ပုံမှန်လှုပ်ရှားနေဆဲ ဖြစ်သည်ဟုလည်း ၎င်းက ခန့်မှန်းပြောဆိုသည်။

No comments: