Thursday, July 4, 2013

ပန်းနီလာ လယ်သမားတွေ လယ်ထွန်ရန် ငြင်းဆန်

နိရဉ္စရာ

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ပန်းနီလာကျေးရွာသားများက ယခုနှစ်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် စစ်တပ်ပိုင် လယ်မြေများကို ထွန်ယက် စိုက်ပျိုးပေးရန် မဖြစ်နိုင်ဟု ဆိုကာ ငြင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

၎င်းမြို့နယ်အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးညီညီအောင်မှ ပန်းနီကျေးရွာသားများအား သူတို့ပိုင် လယ် (၁၅) ဧကကို ထွန်ယက်ပေးရန် ရွာသားများအား များမကြာမီက ပြောကြားခဲ့ရာ ရွာသားများက ထိုသို့ ငြင်းဆိုလိုက်သည်ဟု ကျေးရွာသားတစ်ဦးက ဆိုသည်။

ထိုသို့ ငြင်းဆိုလိုက်ပြီးနောက် ကျေးရွာသားများထဲမှ နောက်ကွယ်က ကြိုးကိုင်သူများ ဖမ်းဆီး တရားစွဲမည် ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်သည်ဟု သူက ဆက်ဆိုသည်။

“ ရပ်ရွာက လူကြီးတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ပါတယ်။ ဦးညီညီအောင်က ဘာပြောလည်းဆိုတော့ ဒီလို ရွာသားတွေ ဖီဆန်ရအောင် ဖြစ်လာတာက နောက်ကွယ်က ကြိုးကိုင်သူ ရှိရမယ်။ အဲဒီသူကို ဖေါ်ထုတ်ပြီး ဆူပူမူနဲ့ တရားစွဲပြီး ထောင် (၃) နှစ် မဟုတ်ရင် ဒဏ် ကျပ် (၁၀) သိန်း ချမယ်လို့ ခြိမ်းခြောက်ပြောဆိုပါတယ်” ဟု ဆိုသည်။

ထိုသို့ ခြိမ်းခြောက် ပြောဆိုသည် အပေါ် ကျေးရွာသားများက ပုဏ္ဍားကျွန်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်သို့ တိုင်ကြားရာ ဦးထွန်းအောင်ကျော်က မြို့နယ် အုပ်ချုပ်ရေးမှူးအား လယ်သမားများကို အားနှင့် ဖိအားပေးထွန်ယက်ခိုင်း၍ ရနိုင်မည် မဟုတ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။

၎င်းနောက်ပိုင်းတွင် ပန်းနီလာကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအောင်တင်ဝင်းအား မြို့နယ် အုပ်ရေးမှူးအား ခေါ်ယူပြီ ရွာသားများကို လယ်ထွန်ပေးရန် မစည်းရုံးနိုင်သဖြင့် ညံ့ဖျင်းသူ ဖြစ်သည်ဟု စွပ်စွဲကာ အကယ်၍ လယ်မထွန်ဘဲထားပါက ဆုံးရှုံးနစ်နာမူကို ရွာသားများအနေဖြင့် လျော်ကြေး ပေးရမည်ဟု ခြိမ်းခြောက်ထားသည်ဟု ကျေးရွာသားက ဆိုသည်။

ယခုနှစ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးပိုင် လယ်မြေအား လယ်သမားများက ထွန်ယက် စိုက်ပျိုးပေးရန် ငြင်းဆိုနေကြခြင်းမှာ အကြောင်း ပြချက် (၂) ချက် ရှိကြောင်း သူက ဆိုသည်။

“ ပထမ အချက်ကတော့ အခု အုပ်ချုပ်ရေးမှူးရုံးပိုင် လယ် ၁၅ ဧကထဲမှာ ၁၂ ဧက က ရွာသားတွေ ဘုံပိုင်တဲ့ စားကျက်မြေတွေ၊ ဥယာဉ်ခြံမြေတွေကို သိမ်းပြီး လုပ်ထားတာ။ ကျန် ၃ ဧက ဆိုတာကတော့ လယ်သမား တစ်ဦးဆီက မြေရိုင်းတွေ ဖြစ်တယ်ဆိုပြီး သိမ်းထားတာ ဖြစ်တယ်။ ဒါကြောင့် ဒီလယ်မြေတွေဟာ ရွာသားပိုင်တဲ့ မြေတွေ ဖြစ်တယ်ဆိုပြီး လယ်သမားတွေက မထွန်ယက်ဘူးဆိုပြီး သူတို့က ငြင်းဆိုနေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဒုတိယ အနေဖြင့် ငြင်းဆိုရခြင်းမှာ ယခုနှစ် ရုံးမှ ပြေစာ ထုတ်ပေးရာတွင် MA အမှတ်အသား ပါရှိသော လယ်များကို ထွန်ယက် စိုက်ပျိုးခွင့် မပြု၊ ပိတ်ပင်ထား၍ ဖြစ်ကြောင်း သူကဆိုသည်။

“ MA ဆိုပြီးတော့ ငွေသွင်း ပြေစာမှာ ပါလာရင် ဒီလယ်တွေကို လုပ်ခွင့်မရှိဘူးဆိုပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက တားပါတယ်။ မြို့နယ် မြေစာရင်းဌာနက လူတွေနဲ့ ပေါင်းပြီး ခုလို တားဆီးနေတဲ့ အတွက် လယ်သမားတွေ တော်တော်များများ လယ်မထွန်ရဘဲ ဖြစ်နေပါတယ်။ သူတို့ ရုံးကပိုင်တဲ့ လယ်တွေမှာရော၊ စစ်တပ်က သိမ်းထားတဲ့ လယ်တွေမှာရော MA အမှတ်အသား ပါပေမယ့် သူတို့က ထွန်ယက် စိုက်ပျိုးခွင့်ရှိတယ်။ လယ်သမားတွေကျတော့ ထွန်ခွင့် မရှိဘူးလို့ တားမြစ်တဲ့ အပေါ်မှာလည်း လယ်သမားတွေက အထူး မကျေနပ် ဖြစ်နေပါတယ်။ ဒါကြောင့် အစိုးရပိုင် မြေတွေမှာ လယ်ထွန်ပေးဖို့ ရွာသားတွေက ငြင်းဆိုနေတာပါ” ဟု ဆိုသည်။

ယခုနှစ်တွင် အစိုးရမှ စားကျက်မြေများ၊ အများပြည်သူပိုင်မြေများကို လယ်ဖေါ်ထုတ်၍ ထွန်ယက်စိုက်ပျိုးနေသော မြေများကို MA ဟု တံဆိပ်တပ်ပြီး လယ်ထွန်ခွင့် မပြုရန် အမိန့်ထုတ်ထားသည်ဟု သိရသည်။

သို့အတွက် ရခိုင်ပြည်နယ် တ၀န်းလုံးတွင် လယ်ထွန်ခွင့်ပိတ်ပင်ခံထားရသူ လယ်သမား အများအပြား ရှိနေသည်ဟု ဆိုသည်။

ကျောက်တော်မြို့နယ်တွင်လည်း ထိုသို့ တားမြစ်မူများ ရှိနေသဖြင့် သရက်အုပ်၊ ကာစီရွာ အပါအ၀င် ကျေးရွာ တချို့တွင် လယ်သမားများ လယ်မလုပ်ရဘဲ ရှိနေကြသည်ဟု ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။

ယခုကဲ့သို့ လယ်သမားများက လယ်ထွန်ပေးရန် ငြင်းဆိုနေသဖြင့် ပုဏ္ဍားကျွန်းမြို့နယ် ပန်းနီလာကျေးရွာအနီးရှိ BE ( ဆောက်လုပ်ရေး တပ်ရင်းပိုင် ) လယ် ၁၂၀ ဧကကိုလည်း စပါး စိုက်ပျိုး ပေးမည့် လယ်သမား မရှိဘဲ ဖြစ်နေသည်ဟု ကျေးရွာသားများက ပြောသည်။

No comments: